သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒေါ်စုနဲ့ UNFC ဆွေးနွေး


UNFC နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံအပြီး သတင်းသမားများနှင့် တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၂၅၊ ၂၀၁၃/ဓာတ်ပုံကို June Naing ရဲ့ ဖေ့စ်ဘုတ်မှ ကူးယူပါသည်။)
UNFC နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံအပြီး သတင်းသမားများနှင့် တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၂၅၊ ၂၀၁၃/ဓာတ်ပုံကို June Naing ရဲ့ ဖေ့စ်ဘုတ်မှ ကူးယူပါသည်။)
မြန်မာပြည်ကိုရောက်နေတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ခေါင်းဆောင်တွေဟာ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုအမြန်ဆုံးပေါ်ထွန်းရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ရန်ကုန်မြို့ခရီးစဉ် တစိတ်တပိုင်းအဖြစ် ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးရာမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲရေးကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီရဲ့ ဖိတ်ကြားချက်အရ မြန်မာပြည်ကို ရောက်ရှိနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲ ကနေ ၅ နာရီ အထိ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံး ပေါ်ထွန်းရေးတို့ကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ UNFC ရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။

“အဓိက-ကတော့ ကျနော်တို့နိုင်ငံကို အမြန်ငြိမ်းချမ်းရေးရနိုင်ဖို့နဲ့ တဘက်ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးမှာ မြန်ဆန်ဖို့ပေါ့ဗျာ။ တဘက်က ပီပြင်ဖို့ပေါ့လေ- အဲဒါတွေကို ဆွေးနွေးကြတယ်။”

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တယ်လို့ ဆက်ပြောပါတယ်။ နှစ်ဖက်တွေ့ဆုံအပြီး ကျင်းပတဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ် သို့မဟုတ် ပြင်ဆင်ဖို့နဲ့ပတ်သက်ပြီး အခုလို ပြောဆိုခဲ့ပါတယ်။

“ဒီကိစ္စအပေါ်မှာ အခြေခံပြီးတော့ စိတ်ဝမ်းကွဲတာ လုံးဝမရှိပါဘူး။ အားလုံး လိုလားတာက စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုပဲ။ အဲဒီ ပြည်ထောင်စု ဖြစ်ဖို့ဆိုလို့ရှိရင်၊ ပေါ်ပေါက်ဖို့ဆိုရင် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒီပုံစံနဲ့တော့ မရဘူးဆိုတာ ကျမတို့ လုံးဝ အားလုံး သဘောတူတယ်။”

UNFC က ၂၀၀၈ဖွဲ့စည်းပုံကို အသစ်ပြန်လည်ရေးဆွဲဖို့အတွက် သဘောထား ထုတ်ပြန်ထားတာဖြစ်သလို NLD ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

ဒီလို မတူညီတဲ့အချက်ကို နှစ်ဖက်တွေ့ဆုံပွဲမှာ ထည့်သွင်း ဆွေးနွေးခဲ့ပေမဲ့ သဘောထားကွဲပြားတာတော့ မရှိဘူးလို့ နိုင်ဟံသာက ပြောပါတယ်။

“ဒီမယ်တော့ ထူးမပြောပါဘူး။ အန်ကယ်တို့အနေအထားအရ အန်ကယ်တို့ ရပ်တည်တဲ့ဟာကိုလည်း သူလည်း မငြင်းပယ်ဘူး၊ သူတို့အနေနဲ့၊ လွှတ်တော်ထဲမှာ ရှိနေတဲ့လူအနေနဲ့ ဒါကို ပြင်မယ်ဆိုတဲ့ဟာကိုလည်း အန်ကယ်တို့ ဒါကို မငြင်းပယ်ပါဘူး။ အဓိကအားဖြင့်ကတော့ အခုနက ပြောသလိုပေ့ါဗျာ-ကိုယ်လိုချင်တဲ့အချက်၊ ဒီမိုကရေစီ ပြည့်ပြည့်ဝဝရဖို့နဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာဖို့ကို နှစ်ဘက်စလုံးကနေ ပြင်ဆင်ဖို့ သဘောတူညီကြတယ်လေ။”

ဒီဆွေးနွေးပွဲမှာ NLD ပါတီက ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး UNFC ကတော့ အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ (၁) KNPP ခွန်းအေဘယ်လ်တွိဒ်၊ ဒု-ဥက္ကဋ္ဌ (၂) KNU ပဒိုဒေးဗစ်သာကပေါနဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာတို့ ပါဝင် တက်ရောက်ခဲ့ကြပါတယ်။

UNFC ခေါင်းဆောင်တွေဟာ ဒီကနေ့ မနက် (၁၀) နာရီလောက်က UNA ခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံခဲ့သလို ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီမနက် UNFC နဲ့ UNA တွေ့ဆုံပွဲအပြီးမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာလုပ်ငန်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေကို ပူးတွဲဆောင်ရွက်ဖို့ သဘောထား ထုတ်ပြန်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲဖို့အတွက် သဘောထား ကွဲပြားမှုမရှိဘူး လို့လည်း UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီပါတီက ဦးသာဘန်းက ပြောပါတယ်။

“၂၀၀၂၊ ၂၀၀၃ မှာဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ ဖွဲ့စည်းပုံပေါ်ရေးအတွက် ကြိုးစားခဲ့ကြတာ သုံး-လေးကြိမ်မက ရှိပါပြီ။ ချင်းမိုင်မှာ ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြတာပေါ့လေ။ UNFC နဲ့၊ နောက် တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေပေါ့လေ။ လက်နက်ကိုင်အဖွဲ့တွေနဲ့။ လိုင်ဇာတို့၊ ဘာတို့မှာလည်း အစည်းအဝေးလုပ်တာတွေနဲ့၊ သဘောထားတွေက ကျနော်တို့ သိပ်မကွဲပါဘူး။ အားလုံး တူမျှတဲ့သဘောထားရှိပါတယ်ခင်ဗျ။”

UNFC နဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF တို့တွေ့ဆုံပွဲမှာ လည်း ဖွဲ့စည်းပုံအရေးနဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ညမှာတော့ UNFC အဖွဲ့ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းက ညစာ ဖိတ်ကြားထားပါတယ်။ မနြက်ဖန်မှာတော့ UNFC အဖွဲ့ရဲ့ ၃ ရက်ကြာခရီးစဉ်ဟာ ပြီးဆုံးမှာဖြစ်ပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့နဲ့ လွန်ခဲ့တဲ့ ၂၀၁၁ နှစ်ကုန်ပိုင်းက ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုအဖွဲ့အစည်း တခုဖြစ်ပါတယ်။
XS
SM
MD
LG