သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားကောင်စီ ပြည်ထောင်စုတပ်မတော် ဖွဲ့တော့မည်


တိုင်းရင်းသားကောင်စီ ပြည်ထောင်စုတပ်မတော် ဖွဲ့တော့မည်
တိုင်းရင်းသားကောင်စီ ပြည်ထောင်စုတပ်မတော် ဖွဲ့တော့မည်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ UNFC စတင်ဖွဲ့စည်းကတည်းက ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တာ ဖြစ်သလို ခုလို ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းခြင်းအားဖြင့် အပစ်အခတ် ရပ်စဲမှုတွေလုပ်တဲ့အခါမှာ တစုတစည်းတည်း အားလုံး ပါဝင်မှာဖြစ်တဲ့အတွက် ပိုပြီးထိရောက်နိုင်တယ်လို့ UNFC ရဲ့ စစ်ရေးအကြံပေး ဦးခွန်ဥက္ကာက ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ အစီရင်ခံထားပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို စတင်ဖွဲ့စည်းခဲ့ချိန်ကတည်းက ပြည်ထောင်စု တပ်မတော် ထူထောင်ဖို့ ဆုံးဖြတ်ချက် ရှိခဲ့တဲ့အတိုင်း အခု အကောင်အထည် ဖော်နေတာဖြစ်ပြီး တပ်ဖွဲ့စည်းမှုဆိုင်ရာ ဥပဒေ ပြဌာန်းတာ၊ လုပ်ငန်းစီမံချက် ချမှတ်တာ၊ တပ်ဖွဲ့အားလုံး လိုက်နာလုပ်ဆောင်ရမယ့် စည်းမျဉ်းစည်းကမ်း ချမှတ်တာ စတဲ့ အဆင့်ဆင့်ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ UNFC အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌလည်းဖြစ်၊ UNFC ရဲ့ လက်ရှိ စစ်ရေးအကြံပေး ဦးခွန်ဥက္ကာက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဖက်ဒရယ်ကောင်စီဖွဲ့ကတည်းကိုက ဒီကောင်စီဟာ တခြားကောင်စီတွေနဲ့ မတူအောင် ကျနော်တို့မှာရှိတဲ့ တပ်ဖွဲ့အင်အားတွေကို ပေါင်းစည်းပြီးတော့ ဖက်ဒရယ်တပ်မတော် တခါတည်းဖွဲ့ဖို့ စီမံကိန်းကရှိပြီးသားပါ။ အဲဒီကတည်းက မူကကျပြီးသားပဲလေ။ သို့သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် ဖက်ဒရယ်ကောင်စီကို ကျနော်တို့ စုဖွဲ့တာတွေ၊ မွမ်းမံတာတွေ လုပ်တာက လေးငါးခြောက်လကနေ ကိုးလလောက် ကြာတဲ့အချိန်မှာ တပ်ကတော့ အကောင်အထည် မဖော်သေးတာပဲဖြစ်တာပေါ့။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဖို့အတွက် တပ်မတော်ကလည်း တတပ်တအား အထောက်အကူဖြစ်မယ်။ နောက်ပြီးတော့ စစ်ရေးအရ ဖိနှိပ်မှုတွေကိုလည်း စုပေါင်း တွန်းလှန်မယ်။ ကိုယ့်ရဲ့ တိုင်းရင်းသားဒေသ တိုင်းရင်းသားနယ်မြေ တိုင်းရင်းသားပြည်သူလူထုတွေကိုလည်း အကာအကွယ် ပေးသွားမယ်။ ဒါကတော့ ကျနော်တို့ ပဏာမထားတဲ့ရည်ရွယ်ချက်ပေါ့။ ပြည်တွင်းတည်ငြိမ်မှု ငြိမ်းချမ်းမှုရရင် ဒီတပ်တွေဟာ ပြည်တွင်းမှာ ဘာမှ သုံးဖို့မလိုဘဲနဲ့ ပြည်ထောင်စုကြီးကို ကာကွယ်တဲ့ ပြည်ထောင်စုတပ်အဖြစ် အသွင်ပြောင်းဖို့ ပြည်ထောင်စုတပ်ရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်သွားဖို့ ဒါက ကျနော်တို့ အဓိက ရည်ရွယ်တဲ့ဟာဖြစ်ပါတယ်။”

နောက်ဆုံးအဆင့်အနေနဲ့ အဖွဲ့ဝင်တပ်ဖွဲ့တွေရဲ့ ဦးစီးမှူးတွေညှိနှိုင်းပြီး စစ်ဦးစီးချုပ်ခန့်အပ်ပြီးတာနဲ့ ပြည်ထောင်စု တပ်မတော်နဲ့ပတ်သက်တဲ့ တရားဝင် ထုတ်ဖော်ပြောဆိုမှုတွေ လုပ်သွားမှာဖြစ်ပြီး မကြာခင်မှာ ထုတ်ဖော်ပြောဆိုနိုင်မှာပါလို့လည်း ဦးခွန်ဥက္ကာက ပြောပါတယ်။ ခုလို ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းလိုက်တဲ့အတွက် အဖွဲ့ဝင်တိုင်းရင်းသား တပ်ဖွဲ့တွေအားလုံး တစုတစည်းတည်း ပါဝင်သွားတာမို့ အပစ်အခတ် ရပ်စဲမှုတွေလုပ်တဲ့အခါမှာ ပိုပြီးတော့ ထိရောက်မှုတွေ ရှိနိုင်တယ်လို့ ဦးခွန်ဥက္ကာ ပြောပါတယ်။

“ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ အပစ်အခတ်ရပ်တာတွေကို သွားထိခိုက်မယ့်သဘော မရှိပါဘူး။ အပစ်အခတ်ရပ်စဲရေးကို အထောက်အကူတောင်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ် တပ်မတော်က ဖက်ဒရယ်ကောင်စီအောက်မှာဆိုတော့ ကျနော်တို့ ရပ်မယ်ဟေ့ဆိုရင် အဖွဲ့ဝင်အားလုံးက ရပ်ရတော့မှာပေါ့။ မရပ်တဲ့သူက မရှိတော့ဘူးဆိုတော့ ဒါက ကျနော်တို့ တပြည်လုံးအတိုင်းအတာ ရပ်သလိုဖြစ်သွားတာပေါ့။ တစ်ယောက်တစ်မျိုး ကျနော် မရပ်ဘူးလို့ ပြောလို့မရတော့ဘူးလေ။ ပိုပြီးတော့လည်း အပစ်အခတ် ရပ်စဲရေးလုပ်တဲ့နေရာမှာ ထိရောက်တာပေါ့။”

မြန်မာအစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တဖွဲ့ချင်းခွဲထုတ်ပြီး စည်းရုံးမှုတွေလုပ်နေတာ ရှိတဲ့အတွက် UNFC အနေနဲ့ အခုလို ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းပြီး တိုင်းရင်းသားအဖွဲ့တွေဘက်ကနေ ခုခံကာကွယ်နိုင်ဖို့ ပြင်ဆင်တာလို့ ယူဆတဲ့အကြောင်း မြန်မာ့အရေးသုံးသပ်သူ ဦးဌေးအောင်က ပြောပါတယ်။

“ကျနော် မြင်တာကတော့ ဒီပြည်ထောင်စုတပ်မတော်ကို ဖွဲ့စည်းဖို့ သူတို့ပြင်ဆင်တဲ့ဟာကတော့ အခုလက်ရှိပေါ့နော် မြန်မာ့တပ်မတော်ကို သူတို့အနေနဲ့ တစုတစည်းတည်းပေါ့လေ ပြန်ပြီးတော့ ခုခံနိုင်အောင် ရည်ရွယ်ချက်နဲ့ သူတို့ ဖွဲ့စည်းဖို့ ရည်ရွယ်တယ်လို့ ကျနော် ထင်ပါတယ်။ ဒီလိုဖွဲ့စည်းတာကလည်းပဲ အခုလက်ရှိ ဦးသိန်းစိန်အစိုးရရဲ့ တပ်မတော်က တိုင်းရင်းသားအဖွဲ့တွေကို တဖွဲ့ချင်းခွဲပြီးတော့ ဖဲ့ထုတ်စည်းရုံးနေတဲ့ အနေအထားတွေရှိတယ်။ ဒီလိုစည်းရုံးတဲ့နေရာမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းမပြုဘဲနဲ့ တချိန်ချိန်မှာ စစ်ရေးအရ အရေးယူလာမယ် ဆိုလို့ရှိရင် သူတို့က တညီတညွတ်တည်းပေါ့လေ ဟန်ချက်ညီညီ ခုခံကာကွယ်နိုင်အောင် သူတို့စစ်မိန့်ပေးဌာနချုပ် တခုတည်းဖွင့်ပြီးတော့ သူတို့က ခုခံကာကွယ်ဖို့ ကြိုတင်ပြင်ဆင်တာလို့လည်း ကျနော်က မြင်ပါတယ်။ ခုချိန်မှာ သူတို့အနေနဲ့ပေါ့လေ ပြည်ထောင်စုတပ်သဘောမျိုး ဖွဲ့စည်းတဲ့အပေါ်မှာတော့ အခုလက်ရှိ အစိုးရအနေနဲ့ ဒါကို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ထိခိုက်လိမ့်မယ်လို့ ကျနော်တော့ မမြင်ပါဘူး။”

ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ကို တိုင်းရင်းသားအဖွဲ့ပေါင်း ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ UNFC ရဲ့ ကာကွယ်ရေးဌာနကို ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဋ္ဌ စောဒေးဗစ်တာကပေါက ဦးဆောင်နေတာဖြစ်ပြီးတော့ အခုဖွဲ့စည်းမယ့် ပြည်ထောင်စု တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ဟာ ဒီဌာနရဲ့ လက်အောက်မှာ ရှိမှာဖြစ်ပါတယ်။ လက်တွေ့ စစ်ရေးလုပ်ငန်းတွေကို စစ်ဦးစီးချုပ်က ကိုင်တွယ်သွားမှာဖြစ်တယ်လို့ ဦးခွန်ဥက္ကာက ပြောပြခဲ့ပါတယ်။

XS
SM
MD
LG