သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရငြိမ်းချမ်းရေးကော်မရှင် UNFC နဲ့တွေ့ဆုံ


အစိုးငြိမ်းချမ်းရေးကော်မရှင် UNFC နဲ့တွေ့ဆုံ (Peace Center -Facebook)
အစိုးငြိမ်းချမ်းရေးကော်မရှင် UNFC နဲ့တွေ့ဆုံ (Peace Center -Facebook)

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ UNFC ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ သတ္တမအကြိမ်မြောက်တွေ့ဆုံဆွေးနွေးပါတယ်။ အဓိက ဆွေးနွေးချက်တွေကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တင်ပြထားတဲ့ အဆိုပြုချက် ၈ချက်အနက်က ကျန်ရှိတဲ့အချက်တွေကို ဆက်လက်ဆွေးနွေးနေပြီး သဘောတူညီချက်ရရင် NCAကို လက်မှတ်ရေးထိုးဖွယ်ရှိနေပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

NCA ကို လက်မှတ်မထိုးသေးတဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN နဲ့ အစိုးရဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ဟာ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီကနေ့ မနက် ၉နာရီခွဲကနေ ညနေ ၅နာရီအချိန်ထိ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ UNFC ဖက်က တင်ပြထားတဲ့ အချက် ၈ချက်ထဲက သဘောတူညီချက်မရသေးတဲ့ အချက်တွေကို ဆက်လက် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဆွေးနွေးပွဲအခြေအနေကို ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက အခုလို ပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးမှုတော့ အောင်မြင်ပါတယ်။ မနက်ဖန် ဆက်အုံးမှာပါ။ ဒီကနေ့ ကျနော်တို့ ဆွေးနွေးတာ အကြမ်းဖျဉ်း ၇ချက်ပြီးပါပြီ။ ၇ချက်ပြီးတယ်ဆိုတာက ၅လည်း မနက်ဖန် ဆက်ဆွေးနွေးမှာပေါ့ဗျာ။ ဒီနေ့ အကြမ်းဆွေးနွေးပြီးပြီ။ အခုပဲ ပြီးတယ်ဗျ။

”UNFC အဖွဲ့ဝင်တွေ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပါဝင်လက်မှတ်ရေးထိုးမယ့်အလားအလာနဲ့ ပတ်သက်ပြီး အခုလို ဆက်ပြောပါတယ်။

“ မနက်ဖန်ဆွေးနွေးပြီးမှ အဖြေထွက်မှာ Agenda မှာတော့ အဲဒီအချက်ပါပါတယ်။”

လက်ရှိဆွေးနွေးနေတဲ့ တင်ပြချက် ၈ချက်ကို DPN အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ဟာ ၁၅လကြာဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဆဌမအကြိမ်ဆွေးနွေးစဉ်ကတော့ အချက် ၄ချက်ကိုသဘောတူညီခဲ့ကြပြီးဖြစ်ပါတယ်။

သဘောတူညီချက်ရတယ်ဆိုတဲ့ ပထမ အချက် ၄ချက်က အစိုးရနဲ့တပ်မတော်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာဖို့။ ပင်လုံစိတ်ဓါတ်နဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့။ အစိုးရ၊ လွှတ်တော်၊တပ်မတော် ကိုယ်စားလှယ်တွေတစ်စု၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေတစ်စု၊ နိုင်ငံရေးပါတီနဲ့တိုင်ရင်းသားကိုယ်စားလှယ်တွေတစ်စု ပါဝင်တဲ့သုံးပွင့်ဆိုင် ဆွေးနွေးပွဲကျင်းပဖို့၊ ၂၁ရာစုပင်လုံက ထွက်ပေါ်လာတဲ့ အချက်ပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် ဥပဒေတွေ ရေးဆွဲပြဌားဖို့ ဆိုတာတွေ ပါဝင်တာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN ရဲ့ ဒုအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက လက်ရှိဆွေးနွေးပွဲနဲ့ အလားအလာကို အခုလို ပြောပါတယ်။

“ ဒီနေ့ ကျနော်တို့ ကျန်ရှိတဲ့ ၅-၆-၇-၈ ကို ဆွေးနွေးတယ်ပေါ့လေ။ ဒီနေ့က ဆွေးနွေးခဲ့တာမပြတ်သေးဘူးပေါ့လေ။မနက်ဖန်တမနက်ကျန်သေးတယ်ဆိုတော့ မနက်ဖန် ဆွေးနွေးပွဲပြီးမှပဲ ကျနော်တို့ ဘယ်လောက် ဖြတ်နိုင်မလဲ။ ရှေ့ဆက်အခြေအနေ ဘယ်လို ရှိမလဲဆိုတာ သိမှာပေါ့လေ။”

လက်ရှိ ဆွေးနွေးနေတဲ့အချက်တွေဟာ UNFC အနေနဲ့ NCA ကို ငြင်းပယ်ထားတာမဟုတ်ကြောင်းလည်း အခုလို ပြောပါတယ်။

“ NCA မှာ ပါတဲ့ အားနည်းချက်ကို တိတိကျကျနဲ့ ပိုပြီး ခိုင်မာစေချင်တဲ့ သဘောနဲ့ အဲဒီအဆိုပြုချက် ၉ချက်ကို တင်ထားတာဖြစ်ပါတယ်။ အခု အဆိုပြုချက် ၈ချက်ကလည်း ကျနော်တို့ ပြင်ဆင်ဖို့ တိကျတဲ့ဟာ အဆိုပြုချက် အလျော့အတင်းပေါ့နော် ရရင်တော့ နံပတ်၉မှာ ကျနော်တို့ အတိအလင်းပြောပြထားတယ်။ NCA ထိုးပါ့မယ်ပေါ့နော်။ ”

လက်ရှိ ဆွေးနွေးနေဆဲအချက်တွေမှာတော့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်၊ အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွှန်နဲ့ တပ်နေရာချထားရေး ကြိုတင်သဘောတူဖို့နဲ့ အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီမှာ နိုင်ငံတကာက အစိုးရကိုယ်စားလှယ်တွေ ပါဝင်ဖို့၊ NCAသဘောတူညီချက်ပါ လိုက်နာရမယ့်အချက်တွေနဲ့ပတ်သက်ပြီး မပြေလည်တာတွေရှိရင် ပြည်တွင်းနဲ့ နိုင်ငံတကာက သဘောတူတဲ့ ဖျန်ဖြေရေးကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ခံယူဖို့နဲ့ အပစ်ရပ်ဒသေတွေမှာ ကြီးမားတဲ့စီမံကိန်းတွေဆောင်ရွက်ရင် နိုင်ငံတကာစံနှုန်းနဲ့အညီဆောင်ရွက်ဖိုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောတူညီချက် ရယူဖို့ ဆိုတာတွေပါဝင်တာဖြစ်ပါတယ်။

UNFC အဖွဲ့ဟာ မူလက အဖွဲ့ ၁၆ဖွဲ့ ပါဝင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၅ခုနှစ်အောက်တိုဘာလ ၁၅ရက်နေ့မှာ NCA မှာ UNFC အဖွဲ့ဝင် ၇ဖွဲ့က ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ နောက်ပိုင်းမှာ ကချင်၊ ရှမ်း၊ ဝ၊ ပလောင်၊ ကိုးကန့် စတဲ့အဖွဲ့တွေနုတ်ထွက်ခဲ့တဲ့နောက် အခုအခါ အဖွဲ့ဝင် ၄ဖွဲ့ ကျန်ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG