သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားအဖွဲ့တွေရဲ့ NLD အပေါ် မျှော်လင့်ချက်


နောင်တက်လာမယ့် NLD အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အပြီးသတ် လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ပြောလိုက်ပါတယ်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကို အလေးထား ဆောင်ရွက်လိမ့်မယ်လို့ မြင်မိကြောင်းလည်း UNFC က ပြောပါတယ်။ မကြာသေးခင်က လက်မှတ်ရေးထိုးလိုက်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ UNFC ဒုဥက္ကဌ နိုင်ဟံသာကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းရာမှာ သူက အခုလို စ ပြောပါတယ်။

ဖြေ - “NCA စာချုပ်မှာ အချက်အလက်ပေါင်းပေါ့ဗျာ ၃၃ ခု ရှိပါတယ်နော်။ နောက်ဆုံး ဒီအချက်အနေနဲ့က အားလုံး ပါဝင်ရေးကို ကျနော်တို့ အခြေခံတယ်။ အစိုးရဘက်က အဲဒါကို မယူဘဲနဲ့ပေါ့ဗျာ အဖွဲ့ ၆ ဖွဲ့ကို ချန်ထားလိုက်မယ်။ ကျန်တဲ့ အဖွဲ့လောက်ကိုပဲ လက်ခံမယ်ဆိုပြီးတော့မှ တဖွဲ့ချင်းစီကိုပဲ သူတို့က ဖိတ်ခေါ်လိုက်တော့ အဲဒီမှာ ၈ ဖွဲ့က သွားပြီးမှ လက်မှတ်ထိုးလိုက်တဲ့ အနေအထားမျိုး ဖြစ်သွားတာပေါ့ဗျာ။ ကျနော်တို့က တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးလို့ ကြွေးကြော်ထားတယ်။ လက်ခံလိုက်တာက ၈ ဖွဲ့လောက်ပဲဆိုတော့ အဲဒါကတော့ မပြည့်စုံ မလုံလောက်ဘူး။ လိုချင်တဲ့ ပန်းတိုင်ကိုလည်း ကျနော်တို့ ညှိနှိုင်းလို့ ရမှာမဟုတ်ဘူးလို့ ကျနော် မြင်တယ်ဗျ။ ဒီ လက်ရှိအစိုးရက မကြာခင်မှာ သူတို့ အာဏာလွှဲရတော့မှာကိုး။ အဲတော့ သူတို့အစိုးရလက်ထက်မှာ သူတို့လုပ်နိုင်သလောက်ကို လုပ်လိုက်မယ်၊ သူတို့ဘက်က တဘက်ကလည်း ကျနော်တို့ တိုင်းရင်းသားတွေကို ရသလောက် သူတို့က ခွဲယူပြီးတော့ သူတို့က အပေါ်စီးရအောင် ကစားလိုက်တဲ့ အနေအထားမျိုးလို့ ကျနော်က အဲ့လိုမျိုး ခံယူတယ်ဗျ။”

မေး - UNFC အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ ကျင်းပပြီးစီးခဲ့တဲ့ ကောင်စီရဲ့နှစ်ပတ်လည် ညီလာခံမှာ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး အဖြေရှာရေး ကိုယ်စားလှယ်အဖွဲ့သစ်တဖွဲ့လည်း ဖွဲ့လိုက်တယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ကနေ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အဓိက ဘာတွေကို ဆက်လက် ကြိုးစား ဆောင်ရွက်မှာပါလဲ။

ဖြေ - “အဓိကအားဖြင့်တော့ ဒီလက်နက်ကိုင် ပဋိပက္ခပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့က ပထမအဆင့်အနေနဲ့ကတော့ လက်နက်ကိုင်ထားတဲ့အဖွဲ့အားလုံး ပါဝင်ပြီးတော့ပေါ့လေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ လိုပါတယ်။ ကျနော်တို့က ဒီအဖွဲ့ကို ဖွဲ့လိုက်ပြီးတော့မှ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ ကျန်တဲ့အဖွဲ့တွေနဲ့ပါ သဘောတူ လက်မှတ်ထိုးနိုင်ဖို့ကို ကျနော်တို့ ဆက်လက် ကြိုးစားမယ်။ ဒုတိယအဆင့်မှာမှ ကျနော်တို့ကတော့ နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါကျရင်လည်း အဖွဲ့အားလုံး ပါဝင်ဖို့ လိုပါတယ်ဗျ။ အဖွဲ့တိုင်းအဖွဲ့တိုင်းက သူတို့လူမျိုးကို သူတို့ ကိုယ်စားပြုထားတာဖြစ်တော့ တဖွဲ့တလေကို ချန်ထားလို့ကတော့ ပြဿနာကတော့ ပြေလည်မှာ မဟုတ်ဘူးဗျ။ ကျနော်တို့က အဲ့လိုမြင်တယ်။ ဒီအစိုးရနဲ့ ဆွေးနွေးလို့မှ မပြေလည်ရင် နောက်တက်လာမယ့် အစိုးရနဲ့ ဆက်လက်ပြီးတော့ ကြိုးစားမယ်။”

မေး - နောင်တက်လာမယ့် NLD ပါတီ ဦးဆောင်မယ့် အစိုးရလက်ထက်မှာရော ဆရာတို့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့မှာ ဘယ်လိုမျှော်လင့်ချက်တွေ ရှိပါသလဲ။

ဖြေ - “ကျနော်တို့ ခန့်မှန်းတာပေါ့ဗျာ၊ ကျနော်တို့ မြင်တာကတော့ နောက်တက်လာမယ့် NLD က ဦးဆောင်တဲ့ အစိုးရနဲ့ဆိုရင် ဆွေးနွေးမှုကတော့ ပိုပြီးတော့များ အဆင်ပြေနိုင်လိမ့်မယ်လို့ အဲ့လိုတော့ မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ NLD ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေနဲ့ ဆက်စပ်ပြီးတော့မှပေါ့လေ လုပ်ကိုင်လာတာ တော်တော်များများတယ်။ သူ့မှာ နိုင်ငံတကာ အတွေ့အကြုံတွေကလည်း များတယ်။ အဲဒီအနေအထားအပေါ်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို သူက တည်ဆောက်ဖို့ပေါ့ဗျာ။ သူကလည်း ဖက်ဒရယ်ပြည်ထောင်စုလို့ ကြွေးကြော်ထားတယ်လေ။ သူက အဲဒါကို ဖော်ဆောင်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ သူ့အဖေကိုယ်တိုင် ဦးဆောင်ပြီးတော့မှ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့တယ်။ နောက်တက်လာတဲ့ အစိုးရတွေက ပင်လုံစာချုပ်ကို ကျောခိုင်းခဲ့လို့၊ ဆန့်ကျင်ခဲ့လို့ ဒီလို တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေရတာဖြစ်တယ်။ ဒါကို သူ့အနေနဲ့ပေါ့လေ ပင်လုံစာချုပ် ကတိကဝတ်တွေကို၊ သဘောထားတွေကို သူများထက်တော့ တန်ဖိုးထားရမယ်လို့တော့ ကျနော် ယုံကြည်တယ်။ အဲဒါကို ပြန်လည် အကောင်အထည် ဖော်လိမ့်မယ်လို့တော့ ကျနော် ယုံကြည်တယ်ဗျ။”

မေး - လက်ရှိအစိုးရက တဘက်မှာ အပစ်ရပ် ငြိမ်းချမ်းရေးအတွက် လုပ်နေတာရှိပေမဲ့ အခြားတဘက်မှာလည်း ကချင်တို့၊ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေတာ တွေ့ရပါတယ်။ ဒီလို ဆန့်ကျင်ဘက် ၂ ခုကို သွားနေတဲ့ အစိုးရနဲ့ ဒီ မြန်မာ့တပ်မတော်တို့ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ ဘာများ မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ - “ကျနော်တို့ မြင်တာကတော့ တပ်မတော်က ဦးဆောင်နေတဲ့ ဒီ စစ်အစိုးရအဆက်ဆက်ပေါ့ဗျာ ဒီကနေ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာလည်း တပ်မှူးဟောင်းတွေကပဲ ယူနီဖောင်းချွတ်ပြီးတော့မှ အစိုးရလုပ်နေတာပါ။ နောက်ပြီးတော့ အာဏာအများစုကလည်း တပ်မတော်မှာရှိတယ်။ ဒီကနေ့ သူတို့ရဲ့ ပေါ်လစီကလည်း ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မပေးလိုဘဲနဲ့ပေါ့နော်။ ရတဲ့အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်မယ်။ ကျန်တဲ့အဖွဲ့ကို ဖိတိုက်မယ်၊ ချေမှုန်းမယ်ပေါ့ဗျာ။ သူတို့ ရေရှည်အုပ်ချုပ်နိုင်အောင် အဲလိုပုံစံမျိုးနဲ့ တဘက်က ခွဲပြီးတော့မှ ချေမှုန်းတယ်ပေါ့ဗျာ။ နည်းနာအမျိုးမျိုး သုံးပြီးတော့မှ အဲ့လိုလုပ်တယ်လို့ ကျနော်တို့က အဲ့လိုမြင်တယ်ဗျ။"

XS
SM
MD
LG