သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC အဖွဲ့ဝင်အားလုံး ၂၁ ရာစု ပင်လုံတက်မည်


တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး လိုလားမှု တိုင်းရင်းသား လက်နက်ကိုင် အားလုံးပါဝင်ဖို့ မရေရာသေးတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ဖို့ ဆုံးဖြတ်ပေမယ့် အားလုံးပါဝင်ရေးဆိုတဲ့ မူဝါဒကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်လို့လည်း UNFC က ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံကို တက်ရောက်ဖို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံး တက်ရောက်ဖို့ UNFC ရဲ့ အရေးပေါ် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။ အစိုးရသစ်ဟာ ငြိမ်းချမ်းရေးကို လိုလားပြီး ညှိနှိုင်းဖို့ အဆင်ပြေမယ်လို့ မျှော်လင့်ထားတဲ့ အကြောင်းလည်း UNFC ရဲ့ ဒုတိယ ဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။

“ကျနော်တို့ တင်းခံနေရင် ကျနော်တို့ ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုပြီးတော့မှ ကျနော်တို့ကိုမြင်လာနိုင်တယ်လေ။ အဲလိုလည်းမဖြစ်စေချင်ဘူး။ တဘက်ကလည်း ကျနော်တို့ နားလည်သလောက်က လက်ရှိအနေအထားအရ အစိုးရဘက်ကဆိုရင် ငြိမ်းချမ်းရေးကိုတော်တော်လေးလိုလားတာ ညှိနှိုင်းရတာ တော်တော်လေးအဆင်ပြေမယ်လို့တော့ ကျနော်တို့မျှော်လင့်တယ်။ ဒါပေမယ့် တပ်မတော်ဘက်ကတော့ နည်းနည်းခဲယဉ်းတယ် ။ ဒါပေမယ့်ပေါ့လေ ကျနော်တို့ တက်တာကတော့ ဒီစကားဝိုင်းထဲမှာ ဆွေးနွေးရင် နိုင်ငံရေးပါတီလိုင်းကရော၊ အစိုးရလိုင်းကရော ကျနော်တို့ပါ အားလုံးကညီညီညွတ်ညွတ်နဲ့ပေါ့နော် ကျနော်တို့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ကျနော်တို့က ဆွေးနွေးညှိနှိုင်းသွားမယ်။ တဘက်က တွန်းအားပေးသွားမယ်ဆိုရင်ပြောင်းလဲလာနိုင်မယ် လို့ ကျနော်တို့ မျှော်လင့်ချက်ထားပါတယ်။”

ဒါပေမယ့် အရင် သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မပေးတာကို အကြောင်းပြပြီး UNFC က NCA မှာ လက်မှတ်ရေးထိုးဖို့ ငြင်းပယ်ခဲ့တာပါ။ အခု အစိုးရသစ်ရဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးပါဝင်ခွင့် ရဖို့ မသေချာသေးပါဘူး။ UNFC ဘက်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးဆိုတာကို ဆက်ပြီး ကိုင်ဆွဲထားတယ်လို့ အဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။

“၂၁ ရာစုပင်လုံက အစသဘောပဲရှိတယ်လေ။ ဒါက ဖွင့်ပွဲသဘောအနေနဲ့ စပြီး နိုင်ငံရေးအရ များများစားစားဆွေးနွေးနိုင်တဲ့အဆင့်မဟုတ်သေးပါဘူး။ အဲဒီတော့ ကျနော်တို့အနေနဲ့ကတော့ ဒီနောက်ပိုင်းမှာလည်း ချန်မထားဖို့ပေါ့နော် ကျနော်တို့ကတော့ ဆက်လက်ပြီးတော့ ဆွေးနွေးသွားမှာပါ။ အခိုင်အမာ ကျနော်တို့ရပ်တည်တဲ့ အချက် ၂ ချက်ကတော့ အားလုံးပါဝင်ဖို့လိုပါတယ်။ နောက်တချက်ကတော့ ၃ ပွင့်ဆိုင်ကို အခြေခံဖို့ပေါ့နော် အဲဒီအပေါ်မှာကတော့ အခုအနေအထားကတော့ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ဘာမှမသိသေးဘူးခင်ဗျ။”

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ နှစ်ဦးနှစ်ဘက်ကြား အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ဖို့ အပါအဝင် အဆိုပြုချက် ၈ ချက်ကို တောင်းဆိုညှိနှိုင်းခဲ့တာမှာလည်း အဆင်မပြေသေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုဖွဲ့ထားတဲ့ UNFC ကတော့ ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ရင်း ဆက်လက် ဆွေးနွေးသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG