သုံးရလွယ်ကူစေသည့် Link များ

ငြိမ်းချမ်းရေး ညီလာခံ UNFC အဖွဲ့ဝင်များ တက်ရောက်မည် မဟုတ်

  • ကိုနိုင်ကွန်းအိမ်

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ။

လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက အဖွဲ့ဝင်တွေ တက်ရောက်မှာ မဟုတ်ဘူးလို့ UNFC ခေါင်းဆောင်တွေ က ပြောပါတယ်။ NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထွက်ပေါ်လာပြီးနောက် ငြိမ်းချမ်းရေးအတွက် ဆက်လက် ကျင်းပဖို့ လျာထားတဲ့ ဒီညီလာခံဟာ နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲအတွက် အရေးပါတဲ့ ခြေလှမ်းဖြစ် ပါလိမ့်မယ်။ ဒါပေမယ့် NCA မှာ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ မပါပဲ လုပ်ရမယ့် အခြေအနေဖြစ်တာကြောင့်၊ ငြိမ်းချမ်းရေး အတွက် ရလဒ်ကောင်းတွေဖြစ်လာပါ့မလား စိုးရိမ်မကင်းမှုတွေရှိလာပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွမ်းအိမ် ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားတာပါ။

လာမယ့် ဇန်န၀ါရီ(၁၂)ရက်နေ့မှာ ကျင်းပသွားမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို UNFCခေါ် ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ ကနေ တက်ရောက်မှာ မဟုတ်ကြောင်း အရေးပေါ်အစည်းဝေးကနေ ဆုံးဖြတ်ခဲ့ တယ်လို့ UNFCရဲ့ တွဲဖက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်ကပြောပါတယ်။

" ကျနော်တို့ကတော့ အခြေအနေ သုံးရပ်ပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ်ပါတယ်။ ကျနော်တို့ NCA အပေါ်မှာ အခြေခံပြီး လုပ်တဲ့ပွဲဆိုတော့လေ အားလုံးပါဝင်မှု မရှိဘူးဆိုတဲ့ အချက်ပေါ့။ နောက်တချက်က NCA လက်မှတ်ရေးထိုးခြင်း အပေါ်မှာ အကြောင်းပြုပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကြား ထဲမှာ ခွဲခြား ဆက်ဆံမှုတွေလည်း ရှိတယ်ပေါ့လေ။ ပြီးတော့ နောက်တချက်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ရက်နေ့မှာ အတည်ပြုသွားတဲ့ နိုင်ငံရေးဆွေးနွေးတဲ့ မူဘောင်က ကျနော်တို့ လိုလားတဲ့ ပုံစံမဟုတ်တဲ့အတွက် ကျနော်တို့ တက်ရောက်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ သဘောထား ဆုံးဖြတ်တာ ရှိပါတယ်။ "

မနေ့က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရေးပေါ် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြ တာပါ။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်နိုင်ခြင်း မရှိသလို NCA အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိတဲ့ အဖွဲ့တွေအပေါ် ခွဲခြား ဆက်ဆံနေမှုနဲ့ ဒီဇင်ဘာ(၁၅)ရက်နေ့မှာ အတည်ပြုသွားတဲ့ နိုင်ငံရေးဆွေးနွေးရေးမူဘောင်ဟာ UNFC လိုလားတဲ့ ပုံစံမဟုတ်တဲ့ အတွက် ငြိမ်းချမ်းရေးညီလာခံ မတက်ဖို့ ဆုံးဖြတ် ခဲ့ကြတာပါ။

လက်ရှိအနေအထားမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ မြန်မာ့ တပ်မတော်တို့ အကြား တိုက်ပွဲတွေဖြစ်ပွါးနေဆဲ အခြေအနေကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အနေနဲ့ ရလဒ်ကောင်းတွေ ထွက်ဖို့ ခက်ခဲမယ်လို့လည်း UNFC ရဲ့အတွင်းရေးမှူး(၁)ဦးထွန်းဇော်ကပြောပါတယ်။

" NCA က အားလုံးလည်း ပူးပေါင်းပါဝင်မှု မရှိသေးဘူးပေါ့လေ။ နောက်ပြီးတော့ NCA လက်မှတ်ရေးထိုးခြင်း မထိုးခြင်း အပေါ်မှာ မူတည်ပြီးတော့မှ ခွဲခြား ဆက်ဆံမှုတွေ ရှိတယ်ပေါ့ဗျာ။ နယ်တွေမှာ တိုက်ပွဲတွေရှိနေတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအပေါ်မှာ အထောက်အကူပြုမယ့် ရလဒ်ကောင်းတွေ ထွက်ပေါ်မယ်လို့ ကျနော်တို့ မယူဆဘူးပေါ့ဗျာ။ "

UNFCခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကနေ ငြိမ်းချမ်းရေး ဆိုင်ရာ ဆွေးနွေးမှုတွေပြုလုပ် သွားဖို့ အဖွဲ့(၉)ဦး ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးကော်မတီ အသစ်တရပ်ကို ဒီဇင်ဘာလ မှာ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီ(၁၂)ရက်နေ့မှာ NCAသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ လက်နက်ကိုင်(၈)ဖွဲ့ အပါအဝင် တပ်မတော်ကိုယ်စားလှယ် အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJCတို့ ကနေ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီညီလာခံကို တက်ရောက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စုံကို ဖိတ်ကြားခဲ့ပေမဲ့ လက်ရှိ စစ်ရေးတင်းမာ နေဆဲ ရခိုင်တပ်မတော်၊ ကိုးကန့်တပ်ဖွဲ့ကိုတော့ ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတက် လာပြီးနောက်ပိုင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီကို ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေခဲ့သလို KNUခေါ် ကရင်အမျိုးသား အစည်းအရုံး အပါအ၀င် လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နဲ့ ၂၀၁၅ခုနှစ်အောက်တိုဘာလမှာ NCAအပစ်ရပ် သဘောတူညီစာချုပ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့၊ အစိုးရကနေ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ လက်မခံတဲ့ ကိုးကန့်တပ်ဖွဲ့ ရခိုင်တပ်မတော် တအာင်းပလောင်တပ်ဖွဲ့တို့နဲ့ မြန် မာ့ တပ်မတော်တို့ အကြားမှာ တိုက်ပွဲဖြစ်ပွါးနေဆဲလည်း ဖြစ်ပါတယ်။

NCA လက်မှတ်မထိုးတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSPနဲ့ မိုင်းလားအဖွဲ့ လို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ NDAA အဖွဲ့တွေအနေနဲ့လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက် မှာ မဟုတ်ဘူးလို့ လည်း အဖွဲ့ခေါင်းဆောင်တွေကဆိုပါတယ်။

လက်ရှိငြိမ်းချမ်းရေးမရရှိသေးတဲ့ အခြေအနေတွေကြောင့် တိုက်ပွဲတွေဖြစ်ပွါးနေရပေ မဲ့ နောင်တက်လာမယ့် အစိုးရသစ် လက်ထက်မှာ ကျယ်ပြန်တဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဖြစ်ပေါ်လာနိုင်မယ် လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ဒုတိယ ဥက္ကဋ္ဌတဦးဖြစ်သူ ဦးသုဝေကအခုလိုပြောပါတယ်။

" တိုက်ပွဲတွေကတော့ ဖြစ်နေသေးတာပေါ့နော်။ ရှိနေသေးတယ်ဆိုတာကတော့ ငြိမ်းချမ်းရေး မရသေးလို့ ရှိနေသေးမှာပဲလေနော်။ ကျနော်တို့ တိုင်းပြည်အတွက် ဒီအချိန်ကာလဟာ ငြိမ်းချမ်းရေး ရဖို့ အကောင်းဆုံး အချိန် အားလုံးဝိုင်းဝန်း တိုက်တွန်းရမှာပေါ့။ အထူးသဖြင့် အခုအချိန်က အစိုးရကလည်း အပြောင်းအလဲက ဖြစ်တော့မှာလေ။ အစိုးရသစ်ကလည်းပဲ အခုဆက်ပြီးတော့ ငြိမ်းချမ်းရေးလည်းပဲ ဆက်ပြီးတော့ လုပ်ပြီးတော့ ပိုမိုပြီးတော့ ကျယ်ပြန့်ပြီးတော့ ငြိမ်းချမ်းရေးရအောင် ဆက်လက်ပြီး သူကြိုးပမ်းမှာပေါ့ဗျာနော့်။"

ဇန်န၀ါရီ ၁၂ ရက်နေ့မှာ စတင် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိုတော့ အစိုးရနဲ့ လွှတ်တော်က ကိုယ်စား လှယ် ၁၅၀၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် ၁၅၀၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၅၀၊ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် ၅၀နဲ့ တိုင်းရင်းသားကိုယ်စားလှယ် ၅၀တို့ ကို ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG