မြန်မာနိုင်ငံမှာ နိုင်ငံတကာ လူ့အခွင့်အရေးအပါအဝင် နိုင်ငံတကာ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်က တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အဓိက တွန်းအားပေးထားတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးကနေ စနေနေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့က ထောက်ခံမဲ ၁၃၆ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ဒါအပြင် မြန်မာအရေးဆောင်ရွက်ဖို့ အမေရိကန်ဒေါ်လာ ၂၈ သန်းနီးပါးသုံးစွဲဖို့လည်း ကုလညီလာခံက သဘောတူညီခဲ့ပါတယ်။
မြန်မာအစိုးရဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို လုံးဝလျစ်လျူရှုထားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂညီလာခံမှာ ထောက်ပြခဲ့ပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။
“The Human Rights Situation in Myanmar” မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်း အမှတ် (၅) ကို ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ စနေနေ့က မဲခွဲဆုံးဖြတ် အတည်ပြုကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ အလှည့်ကျ ဥက္ကဌ María Fernanda Espinosa က အခုလို ကြေညာခဲ့ပါတယ်။
“မဲခွဲတဲ့ ရလာဒ်အဖြေကတော့ ထောက်ခံမဲ ၁၃၆ မဲ၊ ကန့်ကွက်မဲ ၈ မဲ၊ ကြားနေမဲ ၂၂ မဲပါ။ ဒါကြောင့် ဆုံးဖြတ်ချက်မူကြမ်းအမှတ် (၅)ကို အတည်ပြုလိုက်ပါပြီ။”
မြန်မာအစိုးရဘက်ကတော့ အခုလို မြန်မာ့အရေးဆုံးဖြတ်ချက်ကို နိုင်ငံရေးရည်ရွက်ချက်နဲ့ လုပ်ဆောင်တာဖြစ်ပြီး အပြုသဘောမဆောင်ပဲ ယုံကြည်မှုပျက်ပြားစေတဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ညီလာခံမှာ အခုလို တုန့်ပြန်ပြောဆိုသွားပါတယ်။
"ဆုံးဖြတ်ချက်မှုကြမ်းရဲ့သဘောထား နဲ့ အဓိပ္ပါယ်ဟာ သိပ်ကိုဆိုးဝါးရန်လိုနေပြီး နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အချာအာဏာကိုလုံး၀ လစ်လျူရှု့ထားရာရောက်ပါတယ်။ ဒီမူကြမ်းဟာ ကြီးမားလှတဲ့ နိုင်ငံရေးစီးပွားရေးနဲ့ လူမှုရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီး သိပ်မွှေ့တဲ့ ဒီမိုကရေစီပြောင်းလဲရေး ကိုဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးစဲနိုင်ငံအပေါ်မှာ လိုတမျိုး မလိုတမျိုး ကျင့်သုံးတဲ့ လူ့အခွင့်အရေးစံနှုန်းကို ရွေးချယ်ပြီး ခွဲခြားကျင့်သုံးမှုတွေကို မြင်တွေ့နိုင်တဲ့ စံနမှုနာပြုအဆိုမူတမ်းတရပ်ဖြစ်ပါတယ်။"
ဒါအပြင် ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မျှတမှုမရှိတဲ့အတွက် မြန်မာအစိုးရဘက်က လိုက်နာဖို့ မရှိကြောင်း သံအမတ်ကြီးက အခုလိုပြောပါတယ်။
"တရားမျှတမှုမရှိတဲ့ ဒီဆုံးဖြတ်ချက် ကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာဖို့မရှိပေမယ့် ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့ မြန်မာနိုင်ငံရေရှည်တည်တန့်ခိုင်မြဲပြီး ဟန်ချက်ညီမြဲပြီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေကို အကောင်အထည်ဖော်လျက်ရှိတဲ့နေရာမှာ နေရပ်စွန့်ခွာသွားသူတွေရဲ့ ဆန္ဒအလျောက် ဘေးအန္တရာယ်ကင်းရှင်းပြီးတော့ ဂုဏ်သိက္ခာ ရှိရှိပြန်လာရေး ၊ ရခိုင်ပြည်နယ်ရှိပြည်သူအားလုံး တရားဥပဒေစိုးမိုးရေး ၊ ငြိမ်းချမ်းရေး၊ သဟဇာတ ရှိရေး ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် မြန်မာနိုင်ငံအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လွတ်လပ်ပွင့်လင်းပြီးတော့ ဂုဏ်သိက္ခာ ရှိရှိ ဆောင်ရွက်နိုင်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်း ဖွဲ့စည်းထားပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ အစီအစဉ်နဲ့ သဘောတူညီချက်တွေအရ နေရပ်စွန့်ခွာသွားသူတွေပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက်ဖိနှိပ်မှုကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် အခြေအနေ အဓိက မီးမှောင်ထိုးပြထားတဲ့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့လည်း တိုက်ရိုက်သက်ဆိုင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံကိုယ်စားလှယ်က ပြောခဲ့သလို ထောက်ခံမဲပေးကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒါအပြင် မြန်မာ့အရေးဆုံးဖြတ်ချက်မှာပါတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Gutterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Christine Schraner Burgener နဲ့ သူ့ရဲ့ရုံး အတွက် အသုံးစားရိတ် ဘတ်ဂျက်ငွေ ဒေါ်လာ တသန်းကျော်ကိစ္စနဲ့ပတ်သက်လို့လည်း သံကိုယ်စားလှယ်က အခုလို ဆွေးနွေးတင်ပြခဲ့ပါတယ်။
"ကျနော်တို့ဘက်ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ်ရုံး အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘတ်ဂျက်အစီအစဉ်မှာ အထူးကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ သူ့ရုံးရဲ့ ပြည်တွင်းသွားလာစရိတ်ကို ၅၀% ဖြတ်တောက်တာတွေ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာအာဏာပိုင်တွေဘက်က အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ သွားလာရေး လွယ်ကူစေဖို့ အကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လက်ခံမယ့်ကိစ္စ မြန်မာသံအမတ်ကြီး ပြောသွားတာကို ဘင်္ဂလားဒေ့ရှ်က ကြိုဆိုကြောင်းလည်း သူက အခုလိုပြောပါတယ်။
"အိမ်နီးချင်းနိုင်ငံအဖြစ် ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေးနဲ့ ရေရှည်တည်တံ့ဖွံဖြိုးဖို့အတွက် ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်။ ဒါအပြင် မြန်မာသံအမတ်ကြီး ပြောကြားခဲ့တဲ့ တဖက်နိုင်ငံကို ထွက်ပြေးသွားကြသူများကို ဘေးကင်းလုံခြုံစွာ ရခိုင်ပြည်နယ်က သူတို့နေအိမ်တွေ ဒါမှမဟုတ် သူတို့နှစ်သက်ရာနေရာကို ပြန်လာရေးအတွက်ဆောင်ရွက်သွားမယ်ဆိုတဲ့ ပြောဆိုချက်ကို ကြိုဆိုပါတယ်။ ဒါကိုလာမယ့်နှစ်မှာ အကောင်အထည်ဖေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲပေးခဲ့တဲ့ နိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်အပါအဝင် အမေရိကန်၊ ကနေဒါ၊ ဗြိတိန် စတဲ့ နိုင်ငံပေါင်း ၁၃၆ နိုင်ငံပါဝင်ပါတယ်။ ကန့်ကွက်ခဲ့တဲ့ နိုင်ငံတွေထဲမှာတော့ တရုတ်၊ ရုရှား၊ ဘဲလာရုစ်၊ မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံပေါင်း ၈ နိုင်ငံ ပါဝင်ပါတယ်။ ကြားနေမဲ ၂၂ နိုင်ငံထဲမှာ မြောက်ကိုရီးယား၊ စင်္ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာ၊ အရှေ့တီမော စတာတွေပါဝင်ပါတယ်။
ညီလာခံအတွင်း ထူးခြားချက်တခုကတော့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို အရင်က ကြားနေမဲအဖြစ် နေခဲ့တဲ့ တောင်အာဖရိကနိုင်ငံကနေ အခု ထောက်ခံမဲအဖြစ် ပြောင်းလဲရပ်တည်ခဲ့တာပါ။ နိုဝင်ဘာလ ၁၆ ရက်နေ့က အထွေထွေညီလာခံရဲ့ တတိယ ကော်မတီမှာ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်အတည်ပြုတုန်းက တောင်အာဖရိကက ကြားနေမဲပေးခဲ့တာပါ။ သူတို့ဘာကြောင့် ထောက်ခံမဲပေးရသလဲဆိုတာကို ကုလသမဂ္ဂဆိုင်ရာ တောင်အာဖရိကဆိုင်ရာ သံကိုယ်စားလှယ်က ညီလာခံမှာ အခုလိုပြောသွားပါတယ်။
“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ အတော်လေးဆိုးရွားနေတာကို တောင်အာဖရိကနိုင်ငံ အနေနဲ့ အင်မတန် စိုးရိမ်မကင်းဖြစ်မိပါတယ်။ ရိုဟင်ဂျာတွေ ဒုက္ခဆင်းရဲခံစားရမှုတွေကို အဆုံးသတ်စေဖို့လည်း တောင်းဆိုပါတယ်။ တောင်အာဖရိကနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ရင် မကြာသေးခင်က Durban မြို့မှာ ကျင်းပခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာရပ်ဝန်းဆိုင်ရာ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲအပါအဝင် အစဉ်တစိုက် အမြဲပဲ ကန့်ကွက်ရှုတ်ချခဲ့တာပါ။ လူ့အခွင့်အရေးကို မြှင့်တင်၊ အကာအကွယ်ပေးရေးကို လေးစားတဲ့ တောင်အာဖရိကရဲ့ နိုင်ငံခြားရေးမူဝါဒအရ အခုမြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲပေးပါတယ်။”
ဒီနှစ်မြန်မာ့အရေးဆုံးဖြတ်ချက်မှာ- ၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ရိုဟင်ဂျာမွတ်စလင် တွေကို အစုလိုက်အပြုံလိုက် တဖက်ဘင်္ဂလားဒေ့ရှ်ကို အတင်းအကျပ်မောင်းထုတ်ခဲ့မှုအပါအဝင် လူ့အခွင့်အရေး ဖိနှိပ်မှုတွေကို နိုင်ငံတကာတရားရုံးတွေကနေ စစ်ဆေးအရေးယူနိုင်ဖို့ ကုလသမဂ္ဂရဲ့ “ongoing independent mechanism” လို့ခေါ်တဲ့ အဖွဲ့ဝင် ၆၂ ဦးပါတဲ့ တရားဝင်မှတ်တမ်းယူမယ့် အဖွဲ့ ဖွဲ့စည်းထားတာကို ထပ်ပြီး အတည်ပြုခဲ့ပါတယ်။ အဲဒီအတွက်လည်း အမေရိကန်ဒေါ်လာ ၂၆သန်း ကျော်သုံးစွဲဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက သဘောတူခဲ့ပါတယ်။ ဒါအပြင် နိုင်ငံတကာ တရားရုံးတွေကနေကိုင်တွယ်နိုင်ရေး လုံခြုံရေးကောင်စီကနေ လွဲှပြောင်းပေးဖို့ တိုက်တွန်းထားတဲ့အချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်မှာ ပြဌာန်းထားပါတယ်။
ဆုံးဖြတ်ချက်မူကြမ်းကို OIC အစ္စလာမ်မစ်နိုင်ငံ များအဖွဲ့နဲ့ EU ဥရောပသမဂ္ဂတို့က ပူးတွဲရေးဆွဲပြီး တတိယကော်မတီကို တင်သွင်းခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ကအတည်ပြုခဲ့တာပါ။ ဒါအပြင် ဒီမူကြမ်းဟာ စက်တင်ဘာလ ၂၇ ရက်နေ့က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီမှာလည်း အတည်ပြုထားပြီးသာဖြစ်ပါတယ်။
အခုလို မြန်မာ့အရေးဆုံးဖြတ်ချက်ကို စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်ကနေစပြီး ကုလသမဂ္ဂအထွေထွေညီလာခံကြီးကနှစ်စဉ် ချမှတ်ခဲ့တာဖြစ်ပြီး ၂၀၁၆ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရတက်လာတဲ့နှစ်မှာတော့ ဆုံးဖြတ်ချက် မရှိခဲ့ပေမယ့် ၂၀၁၇ခုနှစ်က စပြီး ပြန်လည် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာ မဖြစ်မနေလိုက်နာရမှာ မဟုတ်ပေမယ့် သီးခြားစောင့်ကြည့်ရတဲ့ နိုင်ငံအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ သတ်မှတ်ခံရတာကြောင့် မြန်မာ့အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာဖြစ်ပါတယ်။