သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ကုလမှာ မြန်မာကို ကနေဒါနဲ့ ဆွီဒင်ရှုတ်ချ


နယူးရောက်မှာ ကျင်းပနေတဲ့ (၇၃)ကြိမ်မြောက် ကုလအထွေထွေညီလာခံအတွင်း ကနေဒါ သံအမတ်ကြီး Marc-André Blanchard (၀ဲ) နဲ့ ဆွီဒင်သံအမတ်ကြီး Olof Skoog (ယာ) တို့ မိန့်ခွန်းပြောကြား 25 September - 01 October 2018).

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ညှမ်းပမ်းမှုတွေကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရဘက်က စုံစမ်းစစ်ဆေးအရေးယူဖို့ ပျက်ကွက်နေကြောင်း ကနေဒါနဲ့ ဆွီဒင်နိုင်ငံတွေက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မနေ့ တနင်္လာနေ့က ရှုတ်ချပြောဆိုခဲ့ကြပါတယ်။

နိုင်ငံတွင်း ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့ အစဉ်အလာ အဆုံးအသတ်စေရေး၊ လူသားထုအပေါ် ရာဇ၀တ်ကျူးလွန်မှုမှာ တာဝန်ရှိသူတွေကို ICC သို့မဟုတ် အခြား နိုင်ငံတကာ တရားစီရင်တဲ့နည်းလမ်းတွေနဲ့ အရေးယူနိုင်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဆက်လက်ကြိုးပမ်းသွားဖို့ လည်း တိုက်တွန်းခဲ့ကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

တနင်္လာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ဆက်လက် ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံက ပြင်းထန်ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ကမ္ဘာရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကို ထိခိုက်စေတဲ့ ပုံရိပ်တွေအဖြစ် ကနေဒါနဲ့ ဆွီဒင်နိုင်ငံ ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်လို့ မြန်မာအစိုးရကိုယ်စားလှယ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေကတော့ သောကြာနေ့နှောင်းပိုင်း ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းပြောကြားချိန်မှာ ကာကွယ်ပြောဆိုသွားတာပါ။ ဒါအပြင် ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် အတင်းအကြပ်မောင်းထုတ်ခဲ့မှုကို တရားစီရင်ပိုင်ခွင့်ရှိကြောင်း ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဆုံးဖြတ်ချက်ကို မြန်မာဘက်က ပယ်ချထားကြောင်းနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က မကြာသေးခင်ကထုတ်ပြန်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှု အစီရင်ခံစာနဲ့ ပတ်သက်လို့လည်း မြန်မာအစိုးရက လက်မခံကြောင်း ပြောကြားခဲ့ပါတယ်။

မနေ့က ဆက်လက်ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုဟာ Genocide လူမျိုးတုန်းသုတ်သင် ရှင်းလင်းမှု မြောက်ကြောင်း သတ်မှတ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ICC ခုံရုံးတင်ရေး ကနေဒါလွှတ်တော်က တောင်းဆိုထားကြောင်း ကုလသမဂ္ဂဆိုင်ရာ ကနေဒါသံအမတ်ကြီး Marc-Andre Blanchard က အခုလိုသူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ညှမ်းပန်းမှု၊ အတင်းအဓမ္မပြုကျင့်မှုကို လက်နက်သဖွယ် စနစ်တကျအသုံးချမှု စတဲ့ လူသားထုအပေါ် ရာဇ၀တ်ကျူးလွန်မှုတွေဟာ လုံးဝ လက်ခံနိုင်ဖွယ်မရှိပါဘူး။ ဒီလို ပြစ်မှုကျူးလွန်မှုတွေကို Genocide လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှု မြောက်ကြောင်း ကနေဒါလွှတ်တော်က တခဲနက်တည်း အသိအမှတ်ပြုခဲ့ပြီး လုံခြုံရေးကောင်စီအနေနဲ့ ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ရေး ထောက်ခံပေးဖို့ တောင်းဆိုထားပါတယ်။ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခအကျပ်အတည်း၊ မတရားမှုတွေကိုဝိုင်းဝန်း ဖြေရှင်းပေးဖို့ လိုအပ်နေပါတယ်။”

အလားတူ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံအမတ်ကြီး Olof Skoog ကလည်းနိုင်ငံတကာဥပဒေအောက်မှာ အဆိုးရွားဆုံး ပြစ်မှုကျူးလွန်မှုကြီးဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို လုံခြုံရေးကောင်စီအနေနဲ့ ထိထိရောက်ရောက်ကိုင်တွယ် နိုင်ခြင်းမရှိခဲ့ဘူးလို့ မနေ့က သူရဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ မြန်မာအစိုးရဘက်ကလည်း ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းအရေးယူဖို့ ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်ခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရနေတာကို အဆုံးသတ်ရေး နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ တာဝန်ရှိနေကြောင်း သူက အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာတွေရဲ့ အခက်အခဲဒုက္ခတွေ ဆက်ပြီးရှိနေပါတယ်။ မကြာသေးခင်ကပဲ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကနေ မြန်မာစစ်တပ်ရဲ့ ကြီးမားလှတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် သက်သေအထောက်အထားအခိုင်အမာနဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်ဟာ နိုင်ငံတကာဥပဒေအောက်မှာ အဆိုးရွာဆုံး ရာဇ၀တ်ကျူးလွန်မှုတွေပဲဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ရှုတ်ချဖို့၊ စုံစမ်းစစ်ဆေး အရေးယူဖို့ ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်ခဲ့တဲ့အတွက် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရှိနေတာကို အဆုံးသတ်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မဖြစ်မနေ တာဝန်ယူဆောင်ရွက်ရမှာပါ။”

ဒါအပြင် ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ဆန္ဒအလျောက် လုံလုံခြုံခြုံနဲ့ နေရပ်ကို ပြန်နိုင်ရေး၊ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပေးချက်တွေကို လက်တွေ့ အကောင်အထည်ဖေါ်ဖို့နဲ့ ထင်ထင်ရှားရှားဖြစ်နေတဲ့ ပဋိပကတွေအတွက် ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြိုးစားဆောင်ရွက်ဖို့စတဲ့အချက်တွေကိုလည်း ဆွီဒင်သံအမတ်ကြီးက တိုက်တွန်းအကြံပြု ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ အောက်တိုဘာလ ၁-၅ ရက်နေ့ထိ ကျင်းပနေတဲ့UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ၆၉ ကြိမ်မြောက် အထူးဆွေးနွေးပွဲအတွင်းမှာလည်း အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ရိုဟင်ဂျာဒုက္ခသည်အရေးကို အလေးပေးပြောဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ သန်း ၃၈၀ ကျော် ထောက်ပံ့ခဲ့ပြီးဖြစ်တယ်လို့ အမေရိကန်ကိုယ်စားလှယ်ကဆိုပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi ရဲ့ တနင်္လာနေ့က ပြောကြားခဲ့တဲ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာတော့ ရခိုင် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေ ဆောင်ရွက်ခဲ့ပြီးနောက် လက်ရှိအချိန်ဟာ နောက်တဆင့်ဖြစ်တဲ့ ကြားကာလ အစီအမံအတွက်တိုးမြှင့်ဆောင်ရွက်ဖို့ ကူညီထောက်ပံ့ရင်းနှီးမှုတွေ လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ မြန်မာအစိုးရကိုယ်စားလှယ် အဖွဲ့လည်း တက်ရောက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG