သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်မတိုင်မီ UNGA ဥက္ကဌနဲ့ တွေ့ဆုံ


ဂျာမနီဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Christine Schraner Burgener (ဓါတ်ပုံ- ICT Switzerland)
ဂျာမနီဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Christine Schraner Burgener (ဓါတ်ပုံ- ICT Switzerland)

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Christine Schraner Burgener ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့တယ်လို့ ဥက္ကဌရဲ့ ပြောခွင့်ရက အတည်ပြု ပြောကြားခဲ့ပါတယ်။ Ms. Burgener ဟာ ရာထူးတာဝန်လက်ခံအပြီး နောက်လမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အကြောင်းစုံကို ဒေါ်လှလှသန်း က တင်ပြပေးပါလိမ့်မယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကဧပြီလက သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Christine Schraner Burgener ဟာ ရာထူးတာဝန်လက်ခံအပြီး နှစ်လအကြာဖြစ်တဲ့ ဇွန်လမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ Ms. Burgener အနေနဲ့ တနင်္လာနေ့က ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အမြဲတမ်းကိုယ်စားလှယ် Masud Bin Momen နဲ့တွေ့ဆုံခဲ့ပြီး သူရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရ်ှ်သံရုံးက အခုလိုကြေညာချက်ထုတ်ခဲ့တာဖြစ်ပါတယ်။ Ms. Burgener ဇွန်လ ခရီးစဉ်မတိုင်မှီ ကြိုတင်ပြင်ဆင်မှုအဖြစ် ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဌ Miroslav Lajčák နဲ့တွေ့ဆုံခဲ့တဲ့အကြောင်း အထွေထွေညီလာခံ ဥက္ကဌ ပြောခွင့်ရ Brenden Varma က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဌဟာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Shraner Burgener နဲ့ဒီကနေ့ နေ့လည် ၁နာရီခွဲမှာ တွေ့ဆုံမှာဖြစ်ပါတယ်။”

ဒါအပြင် ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရခိုင်ပြည်နယ်မောင်တောမှာ မြန်မာလုံခြုံရေးတပ်တွေရဲ့ နောက်ဆက်တွဲဂယက်ကြောင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်တို့ရဲ့အရေးနဲ့ ပတ်သက်လို့ လည်း အထွေထွေညီလာခံ ဥက္ကဌအနေနဲ့ အမြဲစောင့်ကြည့်နေတဲ့အကြောင်း Mr. Varma ကပြောပါတယ်။

“ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဌက ကုလသမဂ္ဂသံတမန်တွေ၊ အတွင်းဝန်တွေနဲ့ တွေ့ဆုံလေ့ရှိတဲ့အတိုင်း အတွင်းရေးမှူးချုပ် ကိုယ်စားလှယ်နဲ့တွေ့ဆုံတာ မဆန်းပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူကအထူးအနီးကပ်စောင့်ကြည့်နေပြီး ဥပမာ ရိုဟင်ဂျာအရေးလို လူသားတွေအတွက် ကြေကွဲဖွယ်ရာဖြစ်ရပ်နဲ့ ပတ်သက်လို့ သူက ဘင်္ဂလားဒေ့ရှ်အပါအဝင် လူတွေ တော်တော်များများနဲ့ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအရေးဟာ အထွေထွေညီလာခံဥက္ကဌရဲ့ အာရုံမှာ အမြဲတမ်းရှိနေတာဖြစ်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှှုးချုပ်ဟောင်း Mr. Ban Ki-moon အနားယူခဲ့ပြီးတဲ့နောက်သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ပုဂ္ဂိုလ် Vijay Nambiar ရဲ့ သက်တမ်းဟာ ၂၀၁၆ ဒီဇင်ဘာလမှာကုန်ဆုံးခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ပုဂ္ဂိုလ်ကို ထပ်မံခန့်အပ်ခြင်းမပြုခဲ့တာ တနှစ်နီးပါးကြာခဲ့ပြီဖြစ်ပါတယ်၊၊ ဒါပေမဲ့ လို့လည်းရိုဟင်ဂျာအရေးကိစ္စကြောင့် လူ့အခွင့်အရေးကိုဦးစားပေးဆောင်ရွက်နေတဲ့ အထွေထွေညီလာခံကြီးရဲ့ တတိယကော်မတီကနေ အတွင်းရေးမှုးချုပ်António Guterres ကိုမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ပုဂ္ဂိုလ်ခန့်အပ်ဖို့ တောင်းဆိုခဲ့ရာမှာ အတွင်းရေးမှုးချုပ်က ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Christine Schraner Burgenerကို ဧပြီလ ၂၆ ရက်နေ့က ခန့်အပ်ခဲ့တာဖြစ်ပါတယ်၊၊

Ms. Burgener အနေနဲ့သူ့ရဲ့ခရီးစဉ်မတိုင်မီ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဌနဲ့တွေ့ဆုံခဲ့သလို အတွင်းရေးမှုးချုပ် Antonio Guterres နဲ့လည်းမေလ ၂၂ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂသတင်းရပ်ကွက်တွေအရ သိရပါတယ်၊၊ အတွင်းရေးမှှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Burgener အနေနဲ့ ဘင်္ဂလားဒေ့ရှ် ရှိဒုက္ခသည်စခန်းကိုလည်း သူကိုယ်တိုင်သွားရောက်လိုပြီး ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အသံတွေကိုကိုယ်တိုင်နားထောင်လိုတယ်လို့ လည်း ဘင်္ဂလားဒေ့ရှ်အမြဲတမ်းကိုယ်စားလှယ် နဲ့ တနင်္လာနေ့ကတွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်၊၊

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG