သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၆၀ ပြည့် UNHCR အခက်အခဲများနှင့် ရုန်းကန်


နှစ် ၆၀ ပြည့် UNHCR အခက်အခဲများနှင့် ရုန်းကန်
နှစ် ၆၀ ပြည့် UNHCR အခက်အခဲများနှင့် ရုန်းကန်

ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ ဒုက္ခသည် ၁,၀၀၀,၀၀၀ လောက်ကို အကူအညီ ပေးဖို့အတွက် UNHCR ရုံးကို ၁၉၅၀ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ယာယီ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲက ဒုက္ခသည်တွေကို ၃ နှစ်လောက် ကူညီပြီးသွားရင် လုပ်ငန်းတွေကို အဆုံးသတ်လိုက်ဖို့ ဖြစ်ပေမဲ့ နှစ်ပေါင်း ၆၀ ကြာလာတဲ့အထိ ကမ္ဘာတဝန်းက ဒုက္ခသည်တွေကို အကူအညီ ပေးနေဆဲ ဖြစ်တဲ့အကြောင်း UNHCR ရုံးချုပ်ရှိတဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ ဗွီအိုအေ သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) က သတင်းပေးပို့ထားပါတယ်။ အကြောင်းစုံကို မမိုးဖြူက တင်ပြပေးထားပါတယ်။

UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အနေနဲ့ ပဋိပက္ခ တခုပြီးတခု ဖြေရှင်းဖို့ ရုန်းကန် ကြိုးစားနေရတာကြောင့် အခမ်းအနား ကျင်းပဖို့ လုံလောက်တဲ့အချိန် မရှိပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း ဒုက္ခသည်ပေါင်း သန်း ၅၀ ကျော်ရဲ့ ဘဝတွေကို ပြန်ထူထောင်နိုင်အောင် အကူအညီတွေ ပေးခဲ့နိုင်တာကို အသိအမှတ် ပြုကြရမှာ ဖြစ်ပါတယ်။ အဲဒီအကူအညီတွေ ပေးနိုင်အောင် ထောက်ပံ့ခဲ့တဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ပြည်သူတွေကိုယ်စား UNHCR က ပေးခဲ့တဲ့ အကူအညီတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ နိုဘယ်လ်ဆု ၂ ခုကိုလည်း လက်ခံရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ UNHCR လက်ထောက် မဟာမင်းကြီး အလက်ဇန်းဒါး အလိန်းကော့ဖ် (Alexander Aleinikoff) ကတော့ အဖွဲ့ရဲ့ သက်တမ်းတလျှောက်လုံး နီးပါးမှာ UNHCR လုပ်ငန်းဟာ မသေချာ မရေရာတဲ့ ယာယီ အကူအညီပေးတဲ့ လုပ်ငန်းသဘောမျိုးနဲ့ လည်ပတ် ဆောင်ရွက်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒီလိုပြောရတဲ့ အဓိပ္ပာယ်ကို သူက ရှင်းပြရာမှာ ဒုက္ခသည်တွေရဲ့ ပြဿနာဟာ ယာယီသာဖြစ်ပြီး ခဏကြာရင် ပြေလည်သွားလိမ့်မယ်လို့ လူတွေက ယူဆနေကြပြီး တကယ်တမ်းမှာ နှစ် ၆၀ ကျော်ထိ UNHCR က ဒီပြဿနာတွေကို ဖြေရှင်းနေရဆဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“နိုင်ငံတကာရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ အကူအညီတွေ လိုအပ်နေတဲ့ ကိုယ့်နေရပ်ကို စွန့်ခွာ ထွက်ပြေးရသူတွေ ဆက်ပြီး ရှိနေဦးမှာဖြစ်လို့ ကျနော်တို့ အနေနဲ့ ဒီဒုက္ခသည်တွေ ပြဿနာကို ဆက်ပြီး ဖြေရှင်းပေးနေရဦးမှာပါ။ ဒီလို ဝမ်းနည်းစရာ အခြေအနေကို အသိအမှတ် ပြုပြီးတဲ့နောက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ကျနော်တို့ UNHCR အဖွဲ့ အနေနဲ့ ရေရှည်ရပ်တည် အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပြီး ဒုက္ခသည်တွေကို ကူညီပေးနေရတာ ဖြစ်ပါတယ်။”

၁၉၅၆ ခုနှစ်မှာ UNHCR အဖွဲ့အတွက် ပထမဆုံး အဓိက အရေးပေါ် ပြဿနာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဟန်ဂေရီနိုင်ငံ လူထုအုံကြွမှုကို ရုရှားစစ်တပ်က နှိမ်နင်းခဲ့လို့ ဟန်ဂေရီပြည်သူ ၁၈၀,၀၀၀ ကျော်ဟာ ဒုက္ခသည်အဖြစ် အိမ်နီးချင်း နိုင်ငံတွေထဲကို ထွက်ပြေးခဲ့ကြရလို့ပါ။

၁၉၆၀ နှစ်တွေမှာတော့ အာဖရိကရဲ့ ကိုလိုနီဘဝက လွတ်မြောက်အောင် ကြိုးပမ်းမှုဟာ အာဖရိကတိုက်အတွက် ပထမဆုံး ဒုက္ခသည် ပြဿနာတွေကို မွေးဖွားပေးခဲ့ပြန်ပါတယ်။ တခြား ကြီးမားတဲ့ ပြဿနာတွေထဲမှာ ဗီယက်နမ်နိုင်ငံက လှေနဲ့ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေ၊ ၁၉၈၀ လောက်မှာ ရုရှား ကျူးကျော်စစ်အပြီး အာဖဂန်နစ္စတန်က ဒုက္ခသည်တွေနဲ့ ၁၉၉၄ ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုက ပေါ်ပေါက်လာတဲ့ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေ ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၆၀ က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ကို ဖွဲ့တုန်းကထက်စာရင် ဒီနေ့ ကမ္ဘာကြီးဟာ ပြဿနာမျိုးစုံနဲ့ ပိုပြီး ရှုပ်ထွေးလာခဲ့ပြီလို့ ပြောရမှာပါ။ နိုင်ငံတခုနဲ့ တခုအကြား စစ်ပွဲတွေဟာ အရပ်သား ပြည်သူတွေကိုပါ ပဋိပက္ခနဲ့ ရင်ဆိုင်ရစေပါတယ်။ ဒီအပြောင်းအလဲတွေကြောင့် ဒုက္ခသည်တွေကို အကူအညီပေးရတဲ့ ဝန်ထမ်းဦးရေလည်း ပြောင်းလဲ တိုးတက်လာပါတယ်။

လွန်ခဲ့တဲ့ နှစ် ၆၀ လောက်က ဥရောပက ဒုက္ခသည် ၁,၀၀၀,၀၀၀ ကို ကူညီဖို့ UNHCR မှာ ထောက်ပံ့ငွေ ဒေါ်လာ ၃၀၀,၀၀၀ နဲ့ ကူညီသူ ဝန်ထမ်း ၃၀ လောက် ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ ထောက်ပံ့ဖို့ ရန်ပုံငွေ ၃ ဘီလီယံနဲ့ အကူအညီ ပေးရေးဆိုင်ရာ ဝန်ထမ်း ၇,၀၀၀ ရှိနေပါပြီ။ နိုင်ငံပေါင်း ၁၂၀ မှာ ရွှေ့ပြောင်းဒုက္ခသည်နဲ့ နိုင်ငံမဲ့သူပေါင်း သန်း ၃၀ ကို ကူညီပေးနေရပါပြီ။

လူသားချင်း စာနာမှု အထောက်အကူပေးတဲ့ လုပ်သားတွေဟာလည်း ဒီနေ့အချိန်မှာ အန္တရာယ်ပေါင်းစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ မကြာခဏဆိုသလို လက်နက်ကိုင်တွေက UNHCR လုပ်သားတွေရဲ့ လူသားချင်း စာနာမှု အခြေခံ ကြားနေလုပ်ငန်း သဘာဝကို မလေးစားကြဘူးလို့ အလက်ဇန်းဒါးက ပြောပါတယ်။ ဒါကြောင့်လည်း UNHCR ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ ပြန်ပေးဆွဲခံရ၊ သတ်ဖြတ်ခံရတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ UNHCR လုပ်သားတွေရဲ့ လုံခြုံမှုကို ဒီနည်းနဲ့ ပိုပြီး အာရုံစိုက်လာကြပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ UNHCR က အကူအညီပေးရမယ့် ဒုက္ခသည်တွေဆီကို ရောက်အောင် သွားနိုင်ဖို့ ကိစ္စဟာလည်း ကျနော်တို့အတွက် ပိုပြီး အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ လူမှုအထောက်အကူပြု လုပ်ငန်းနယ်ပယ် ကျဉ်းမြောင်းလာရင် လူသားတွေကို ကူညီနိုင်မယ့် ကျနော်တို့ရဲ့ လုပ်ငန်းတွေပေါ်မှာ အကန့်အသတ်တွေ ရှိလာပါလိမ့်မယ်။”

ဒီနေ့အချိန်မှာ ဒုက္ခသည်တွေကို အကာအကွယ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ အကာအကွယ် လိုအပ်တဲ့ ဒုက္ခသည်တွေကို အကန့်အသတ်တွေ ထားလာတဲ့ စက်မှုထွန်းကားတဲ့ နိုင်ငံတွေ ပိုများလာပြီး တခါတရံမှာ အမှန်တကယ် နိုင်ငံတကာရဲ့ အကာအကွယ်ပေးမှု လိုအပ်သူတွေကို လက်မခံတာမျိုးတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်တွေဟာ အခြေခံ အကာအကွယ် ပေးရေးဆိုင်ရာ ညွှန်ကြားချက်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ UNHCR က ပြောပါတယ်။

ဒီညွှန်ကြားချက်တွေဟာ မတရား နှိပ်စက်ဖမ်းဆီး ချုပ်နှောင်ခံရမယ့်ဒဏ်က ထွက်ပြေးရတဲ့ သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း များပြားလှတဲ့ ဒုက္ခသည်တွေဟာ အကြောင်းမျိုးစုံနဲ့ ထွက်ပြေးနေရပြီး စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်လာရတာကြောင့် UNHCR ရဲ့ အကာအကွယ်ပေးရေး လုပ်ငန်းဟာ ပိုပြီး ခက်ခဲလာပြီလို့ သိရပါတယ်။

XS
SM
MD
LG