သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ပြဿနာ စိုးရိမ်စရာ ဖြစ်နေဆဲ


မြန်မာနိုင်ငံသားတွေ အပါအဝင် ကမ္ဘာတဝန်းက နေရပ်ရင်း စွန့်ခွာလာကြရတဲ့ ဒုက္ခသည်အရေးဟာ စိုးရိမ်စရာ ကောင်းနေတုန်းပဲလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ပြောဆိုလိုက်ပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ရှိနေဆဲ ဖြစ်တာကြောင့် ဒုက္ခသည် ပြဿနာတွေ ဆက်လက် ကြုံနေရမယ့် အလားအလာတွေကလည်း ရှိနေဆဲ ဖြစ်တယ်လို့ မြန်မာဒုက္ခသည်တွေကို အကူအညီ ပေးနေသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်နေ့ အကြိုအဖြစ် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတဲရက်စ် (Antonio Guterres) က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းက ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ မနှစ်က အခြေအနေတွေ နှိုင်းယှဉ်ပြီး မစ္စတာ ဂူတဲရက်စ်က အခုလို ပြောပါတယ်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နှစ်စဉ် ကိုယ့်သဘောနဲ့ကိုယ် နေရပ် ပြန်နိုင်ခဲ့ကြပေမဲ့ အာဖဂန်၊ ကွန်ဂို စတဲ့နိုင်ငံတွေမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေတာကြောင့် မနှစ်ကတော့ အဲဒီ အရေအတွက်ထက် ၄ ပုံ တပုံလောက်ပဲ နေရပ်ပြန်နိုင်တာကို တွေ့ရပါတယ်။ ဒါဟာ အနှစ် ၂၀ အတွင်း အရေအတွက် အနေနဲ့ အနည်းဆုံး ဖြစ်ပါတယ်။”

ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်ဖို့ အခွင့်အလမ်းတွေ နည်းခဲ့ပေမဲ့ သူတို့ကို ကူညီနိုင်မယ့် နည်းလမ်းတွေကို UNHCR အနေနဲ့ အစွမ်းကုန် ကြိုးစားနေပြီး မနှစ်က ဒုက္ခသည် ၁၂၀,၀၀၀ ကျော်ဟာ သူတို့ ခိုလှုံနေကြတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကနေ ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ရွှေ့ပြောင်း နေထိုင်ခဲ့ကြတယ်လို့ မစ္စတာ ဂူတဲရက်စ်က ပြောပါတယ်။

ဒီနေ့ခေတ် ဒုက္ခသည်တွေဟာ အရင်ကလို လူသူမနီးတဲ့ တောထဲမှာ နေထိုင်နေကြတော့တာ မဟုတ်ဘဲ မြို့ပြတွေမှာ ဒေသခံ လူထုတွေနဲ့အတူ ရောယှက် နေထိုင်နေကြတာကြောင့် နိုင်ငံခြားသား မုန်းတီးရေး၊ လူမျိုးရေးခွဲခြားမှု စတဲ့ အယူအဆတွေနဲ့ ဒုက္ခသည်တွေအပေါ် နားလည်မှု လွဲနေတာတွေကို အထူးအလေးထား တိုက်ထုတ်ပစ်ဖို့ လိုတယ်လို့ မစ္စတာ ဂူတဲရက်စ်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေဟာလည်း တိုးတက် ကောင်းမွန်မှု မရှိပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်လိုက်ရင် အခြေအနေတွေဟာ တိုးတက် ကောင်းမွန်မလာဘဲ ဒီအတိုင်း ရှိနေတာကို တွေ့ရတယ်လို့ ထိုင်း-မြန်မာ နယ်စပ်ဒေသက ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ TBBC ထိုင်း-မြန်မာ နယ်စပ်ဒေသ Consortium အဖွဲ့က ညွှန်ကြားရေးမှူး ဂျက် ဒန်းဖို့ဒ် (Jack Dunford) က ပြောပါတယ်။

“ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ တခြားတိုင်းပြည်တွေကို တလမှာ ဒုက္ခသည် ၁,၀၀၀ လောက် ပုံမှန်ထွက်နေပါတယ်။ ဒါပေမဲ့ စခန်းထဲမှာ ကလေးငယ်တွေ ထပ်မွေးတာနဲ့ နောက် အသစ်ရောက်လာကြတဲ့ ဒုက္ခသည်တွေနဲ့ ပြန်နှိုင်းယှဉ်ကြည့်လိုက်ရင် ဝင်တာနဲ့ ထွက်တာက အတူတူလောက်ပါပဲ၊ ပြောင်းလဲမှု သိပ်မရှိလှပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အခြေအနေတွေက အပြောင်းအလဲ မရှိဘဲ ဒီအတိုင်းလိုပါပဲ။ NGO တွေကလည်း တတ်နိုင်သလောက် အခြေခံ လိုအပ်ချက်တွေကို ကူညီနေကြတုန်းပါပဲ။”

ဒုက္ခသည်စခန်းတွေထဲက တတ်သိပညာရှင်တွေ၊ အထူးသဖြင့်တော့ ကျောင်းဆရာ၊ ဆရာမတွေ ထွက်ခွာသွားကြတာကတော့ ဒုက္ခသည်တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ မစ္စတာ ဒန်းဖို့ဒ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတာကြောင့် ရွေးကောက်ပွဲ ကျင်းပ ပြီးစီးသွားရင် အခြေအနေတွေဟာ တိုးတက်ကောင်းမွန် လာနိုင်ပါသလား ဆိုတဲ့ အပေါ်မှာတော့ သူက သံသယ ရှိနေပါတယ်။

“အခြေအနေတွေ တိုးတက် ကောင်းမွန်လာမယ်၊ ဒီမိုကရေစီ ပေါ်ထွန်းလာမယ်လို့ လူတိုင်းက မျှော်လင့်ကြတာပဲ။ ကျနော်တို့ကတော့ အခြေအနေတွေ ဒီထက် တိုးတက် ကောင်းမွန်လာမယ်လို့ မထင်ပါဘူးဗျာ။”

မြင်နိုင်တဲ့ အနာဂတ်တခုမှာ အခြေအနေတွေ တိုးတက် ကောင်းမွန်လာမယ်လို့ မထင်တဲ့အပြင် ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေတွေဟာ ပိုပြီး စိုးရိမ်ရမယ့် အနေအထားဘက်ကို ဦးတည်နိုင်တယ်လို့ ဒုက္ခသည်တွေက မြင်နေကြပါတယ်။

“ဒုက္ခသည်တွေ အနေနဲ့လည်း စိုးရိမ်ကြတာပေါ့ဗျာ။ သူတို့အတွက် စိုးရိမ်စရာ အကြောင်း ၂ ခု ရှိပါတယ်။ တခုက ကဲ မြန်မာပြည်မှာ ရွေးကောက်ပွဲတွေ ပြီးသွားပြီဖြစ်လို့ အခြေအနေတွေ အားလုံး ကောင်းသွားပြီဆိုပြီး သူတို့ကို နေရပ်ပြန်ပို့မလားဆိုတဲ့ စိုးရိမ်မှု၊ နောက်တခုကတော့ ရွေးကောက်ပွဲ ရလဒ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံလိုက်ပြီး ဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီတွေ ရပ်ပစ်လိုက်မှာကို စိုးရိမ်နေကြတာပါ။”

မြန်မာနိုင်ငံအတွင်းမှာ ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေဆဲမို့ ဒုက္ခသည်တွေ ကိုယ်တိုင်က သူတို့ အနာဂတ်အတွက် အခုလို စိုးရိမ်မှုတွေ ဖြစ်ပေါ်နေသလိုပဲ သူတို့ကို အကူအညီ ပေးနေကြတဲ့ NGO နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း သူတို့ကို ဘယ်လို ဆက်ပြီး အကူအညီတွေ ပေးနိုင်မလဲ ဆိုတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်နေတဲ့အကြောင်း ဂျက် ဒန်းဖို့ဒ်က ပြောပါတယ်။

ကမ္ဘာ့ ဒုက္ခသည် အများဆုံး ၁၀ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၅ မှာ ရှိနေပြီး အာရှ၊ ပစိဖိတ် ဒေသအတွက် ဒုက္ခသည်အများစု အထွက်ဆုံး နေရာဟာလည်း မြန်မာနိုင်ငံ အပါအဝင် ဖြစ်တယ်လို့ ဇွန်လ ၂၀ ရက်နေ့ ကျရောက်မယ့် ဒုက္ခသည်များနေ့ အကြိုအဖြစ်နဲ့ UNHCR က ဒီကနေ့ ထုတ်ပြန်တဲ့ ကမ္ဘာ့ ဒုက္ခသည် အခြေပြ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG