သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ အများဆုံးနိုင်ငံတွေထဲ မြန်မာ ပါဝင်


အာရှဒေသမှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဒုက္ခသည်နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အများဆုံးနိုင်ငံဟာ မြန်မာဖြစ်တယ်လို့ UNHCR ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာအရ အတင်းအဓမ္မ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ ပြဿနာဟာ အလွန်စိုးရိမ်စရာ အခြေအနေ ရောက်နေပြီလို့လည်း UNHCR ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မနေ့ကထုတ်ပြန်တဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ၂၀၁၄ ခုနှစ်အတွက် နှစ်လည်အစီရင်ခံစာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်ဦးရေ စာရင်းအသစ် ၅.၅ သန်း ရှိနေပါတယ်။ အဲဒီထဲမှာ ၁.၄ သန်းလောက်ပဲ နယ်စပ်တွေကို ဖြတ်ကျော်ပြီး အိမ်နီးချင်း နိုင်ငံတွေမှာ ဒုက္ခသည်တွေအဖြစ် ခိုလှုံခွင့်ရခဲ့ကြပြီး ကျန်တဲ့အရေအတွက်ဟာ သူတို့ပြည်တွင်းထဲမှာပဲ ထွက်ပြေး ရှောင်တိမ်းနေကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာရှဒေသတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေရဲ့ ပြဿနာ အထင်အရှားရှိနေဆဲ နိုင်ငံတွေထဲမှာ ပါကစ္စတန်နဲ့ မြန်မာ ပါဝင်တယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards က ဗွီအိုအေကို ပြောပါတယ်။

“အာရှမှာ အာဖဂန်ပြီးရင် ဒုက္ခသည်နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အများဆုံးနိုင်ငံဟာ မြန်မာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်တွင်းထဲမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ ပြဿနာ အထင်အရှား ရှိနေဆဲပါ။ ဒါကြောင့် မြန်မာဟာ ဒေသတွင်းမှာ အစိုးရိမ်ရဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။”

အာဖဂန်နစ္စတန်နိုင်ငံ အခြေအနေမှာဆိုရင် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှာရှိနေတဲ့ အာဖဂန်ဒုက္ခသည် ၁.၆ သန်းကျော်ရှိပြီး ဒါဟာ ကမ္ဘာမှာ ဒုက္ခသည်အများဆုံး လက်ခံထားတဲ့ နိုင်ငံလည်းဖြစ်တယ်လို့ UNHCR အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်နဲ့ ပတ်သက်လို့ Mr. Edwards က အခုလို ပြောပါတယ်။

“ပြည်တွင်းထဲမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ သိန်းကျော် အရေအတွက် ပါဝင်ပါတယ်။ တိုင်းပြည်ရဲ့ အပြင်ဘက်မှာရှိတဲ့ ဒုက္ခသည်အရေအတွက်က ၄ သိန်း ၇ သောင်းကျော် ရှိပါတယ်။ မနှစ်ကစပြီး အဲ့ဒီအရေအတွက်ဟာ တိုးလာခဲ့တာပါ။ ဘင်္ဂလားပင်လယ်အော်ကနေ ထိုင်း၊ မလေးရှား စတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ အရေအတွက် တိုးလာတာ ကျနော်တို့တွေ့ရပါတယ်။ သူတို့တွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အကြမ်းဖက်ပဋိပက္ခတွေ၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေကနေ လွတ်မြောက်ဖို့ ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံက ကချင်ပြည်နယ်ဘက်မှာလည်း စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ အခြေအနေ ဆိုးရွားနေဆဲပဲလို့ အမေရိကန် ပြည်ထောင်စုအခြေစိုက် ကချင် Alliance ဥက္ကဌ Gum Sen က ပြောပါတယ်။

“အေးချမ်းတဲ့ရာသီ ရောက်လာတယ်ဆိုတော့ မြောက်ပိုင်းမှာကျတဲ့ ကချင် IDP Camp တွေက အများကြီး ပိုဆိုးလာတာ၊ နှင်းတောထဲမှာ ရှောင်တိမ်းနေရတဲ့သူတွေ ရှိသလို၊ တချို့ရှိပြီးသား Camp တွေက နိုင်ငံတကာ ကူညီထောက်ပံ့တာတွေ ပြတ်တောက်တာတွေ အနည်းငယ်ရှိလာတဲ့အတွက်ကြောင့် ဆိုးရွားလာတာ ကျနော်တို့ မြင်တွေ့ရတယ်။ လတ်တလော နိုဝင်ဘာ ၁၉ ရက်နေ့ကနေပြီးတော့ တင်းမာလာတဲ့ သဘောသဘာဝရှိတဲ့ အစိုးရရဲ့ ပစ်ခတ်မှုဟာ အရင်တခါဆိုရင် ဒီ IDP Camp အနီးအနားတွေမှာ ကျတာ ကျနော်တို့ တွေ့ခဲ့ရတယ်။ အဲ့လိုဆိုတော့ ပိုပြီးမှ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေတယ်လို့ ကျနော်တို့ တွေ့ရှိရပါတယ်။”

UNHCR ပြောခွင့်ရပုဂ္ဂိုလ်ကလည်း တကမ္ဘာလုံးမှာရှိနေတဲ့ အတင်းအဓမ္မ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ ပြဿနာဟာ အလွန်စိုးရိမ်စရာ ဖြစ်နေတာကြောင့် အခုလို အစီရင်ခံစာ ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့် ဒုက္ခသည်နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ အရေအတွက်ဟာ စပိန်နိုင်ငံရဲ့ လူဦးရေနီးပါးလောက်အထိ တိုးများလာခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ လူတွေဘယ်လောက်အထိ ဒုက္ခရောက် ခံစားနေရသလဲ ဆိုတာကိုလည်း ထင်ဟပ်စေပါတယ်။ ဒါကြောင့် တကယ့်ကို စိုးရိမ်စရာ အခြေအနေ ရောက်နေပါတယ်။”

UNHCR ရဲ့ အစီရင်ခံစာအရ ကမ္ဘာမှာ ဆီးရီးယား ဒုက္ခသည်ဦးရေ အများဆုံးဖြစ်ပြီး အခုဆိုရင် စုစုပေါင်း ၁၀ သန်းနီးပါးလောက် ရှိနေပြီး ဆက်ပြီးတော့လည်း ဒုက္ခသည်တွေ တိုးလာနေတယ်လို့ ဆိုပါတယ်။ ဒုတိယအများဆုံး ဒုက္ခသည်ဦးရေကတော့ အာဖဂန် ဖြစ်ပါတယ်။ အဲဒီနောက် UNHCR အနေနဲ့ အစိုးရိမ်ရဆုံးနဲ့ ဒုက္ခသည်ဦးရေ အများဆုံး မူလ ၆ နိုင်ငံထဲမှာ မြန်မာ အပါအဝင် ဆိုမာလီးယား၊ ဆူဒန်၊ တောင်ဆူဒန်နဲ့ ကွန်ဂို နိုင်ငံတို့လည်း ပါပါတယ်။

လက်ရှိ တကမ္ဘာလုံးမှာ UNHCR အနေနဲ့ အသိအမှတ်ပြု လက်ခံကူညီနေတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ အပါအဝင် ဒုက္ခသည်ဦးရေနဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသူဦးရေ စုစုပေါင်း ၄၆ သန်းလောက် ရှိတယ်လို့လည်း UNHCR ပြောခွင့်ပုဂ္ဂိုလ် Mr. Edwards က ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG