သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး ကုလ စတင်ဆောင်ရွက်


ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေထဲမှာ ကိုယ့်ဆန္ဒနဲ့ကိုယ် မြန်မာပြည်နေရပ်ကို ပြန်ချင်ကြ သူတွေကို ကူညီပေးဖို့အတွက် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က Voluntary Repatriation Center လို့ခေါ်တဲ့ ရုံးခန်းတချို့ မကြာခင် စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ ဒါဟာ ဒုက္ခသည်တွေကို မြန်မာပြည်ပြန်ဖို့ တွန်းအားပေးတာမျိုး မဟုတ်ဘူးလို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ဖို့ လုံခြုံစိတ်ချရတဲ့ အခြေအနေမှာ မရှိသေးဘူးလို့လည်း ပြောကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေထဲမှာ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် နေရပ်ရင်း ပြန်ချင်ကြတဲ့ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ သတင်း အချက်အလက်တွေ ကူညီပေးနိုင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ကြိုးစားနေတာပါ။ UNHCR နဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM တို့ ပူးပေါင်းပြီး ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း အားလုံးမှာ Voluntary Repatriation Center လို့ခေါ်တဲ့ ကိုယ့်သဘောနဲ့ကိုယ် နေရပ်ရင်း ပြန်လိုသူတွေအတွက် သတင်းအချက်အလက်တွေနဲ့ အထောက်အပံ့တွေ ပေးနိုင်မယ့် ရုံးခန်းတချို့ကို ဒီလထဲမှာ စပြီး ဆောက်လုပ်ဖွင့်လှစ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အခုအစီအစဉ်ဟာ ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ တွန်းအားပေးတာမျိုး မဟုတ်သလို၊ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေ ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့အတွက်လည်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးထားတယ်လို့ ကရင်ဒုက္ခသည်ကော်မတီ KRC က တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ် Blooming Night က ပြောပါတယ်။

“အခု UNHCR က လုပ်မယ့် ဒီ Center ဆိုတာကတော့ Volunteer ပြန်ချင်တဲ့သူတွေအတွက် သက်သက်ပဲ သူလုပ်ထားတာ ဖြစ်တယ်ဆိုတာကိုတော့ သေချာသိစေချင်တယ်ပေါ့နော်။ ပြန်ဖို့အတွက် တွန်းပို့တာမျိုး မဟုတ်ပါဘူး။ ပြန်ဖို့ရာအတွက် သွားပြီး ပြင်ဆင်ပေးတာမျိုးလည်း မဟုတ်ဘူး။ မိမိဆန္ဒအလျောက် ပြန်မယ်ဆိုတဲ့လူတွေက သတင်းအချက်အလက် သိချင်တဲ့ အကြောင်းအရာတွေကို မေးမြန်းနိုင်ဖို့အတွက် ထားထားမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲပေါ့နော်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အရပ်သားအစိုးရ တက်လာခဲ့ပြီးတဲ့နောက် နယ်စပ်ဒုက္ခသည်စခန်းတွေထဲကနေ နေရပ်ရင်းကို ပြန်ချင်ကြတဲ့ ဒုက္ခသည်တွေလည်း ရှိလာခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ နေရပ်ရင်းမှာ ပြန်လည် အခြေချနေထိုင်နိုင်မယ့် အနေအထား မရှိသေးဘူးလို့ ဒေါ် Blooming Night က ပြောပါတယ်။

“အခုအချိန်ထိတော့ ကျမတို့ ဒုက္ခသည်ကိုယ်တိုင်မဆိုထားနဲ့ နိုင်ငံတော်အစိုးရကနေ အထူးသဖြင့်ပေါ့နော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကနေ တိုင်းပြည်တပြည်လုံးအတိုင်းနဲ့ ကြည့်လိုက်ရင် ဒုက္ခသည်တွေပြန်လာဖို့ အဆင်သင့် မရှိသေးတဲ့ အနေအထားမှာ ရှိနေတယ်လို့ သူက ပွင့်ပွင့်လင်းလင်းနဲ့ သေချာပြောခဲ့တာပေါ့နော်။ ထိုင်းနိုင်ငံကို ရောက်လာတဲ့အချိန်မှာ။ ကျမတို့ကလည်း အဲဒီအတိုင်းပါပဲ ကျမတို့ကလည်း ပြန်ဖို့ အခြေအနေတခုမှ မပေးသေးဘူး။ ဘာလို့လဲဆိုရင် ပြန်မယ်ဆိုရင် တနိုင်ငံလုံးဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပြန်မယ့်ဒေသ အခြေအနေမှာ ငြိမ်းချမ်းရေးရှိတယ်ဆိုရင် အပစ်အခတ်ရပ်စဲမှု ရှိတယ်ဆိုရင် အဲဒါမျိုး၊ နောက်ပြီးတော့ ပြန်တယ်ဆိုရင်လည်းပဲ လုံခြုံစိတ်ချရတဲ့နေရာမျိုး၊ မြေမြှုပ်မိုင်းကင်းဝေးတဲ့နေရာမျိုး၊ ကင်းဝေးတဲ့အခါမျိုး၊ နောက်တခါ ပြန်လို့ရှိရင်လည်း လူ့အခွင့်အရေးချိုးဖောက်တဲ့ အခြေအနေမျိုး လုံး၀ မရှိရဘူး။ ပြန်လို့ရှိရင်လည်း ထိုက်သင့်တဲ့မြေနေရာနဲ့ အလုပ်အကိုင် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်စားသောက်ဖို့ မြေနေရာမျိုး၊ နောက် ပြန်လို့ရှိရင်လည်း ဘယ်သူမှ တွန်းအားပေးတာမျိုး မဟုတ်ဘဲနဲ့ မိမိရဲ့ဆန္ဒအလျောက် ပြန်ဖို့ အဲဒါတွေကအစ ရှိထားတယ်ပေါ့နော်။ ကျမတို့ VRC အနေနဲ့ ဒီကနေ့အထိဟာ ပြန်ဖို့အခြေအနေကတော့ မတော်သေးဘူး၊ မရောက်သေးဘူးလို့ပဲ ကျမတို့က ရပ်တည်ထားတာပေါ့။”

မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေရှိရာကို တိမ်းရှောင် ထွက်ပြေးလာကြတဲ့ ဒုက္ခသည် တသိန်းကျော် ရှိပါတယ်။ ဒီဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ တိုင်းပြည်ကို ပြန်လာနိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ UNHCR အဖွဲ့တို့ ပူးပေါင်း ကြိုးပမ်းနေတဲ့အကြောင်း မြန်မာအစိုးရကလည်း ပြောဆိုထားပါ တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒုက္ခသည်တွေ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့မှာ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေကို အချိန်ယူ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လက သူ့ရဲ့ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ပြောသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG