သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည်အများစု ရိုဟင်ဂျာဖြစ်ကြောင်း UNHCR ပြော


အာချေးခရိုင်၊ ဆန်နူဒွန်က ယာယီနေထိုင်ရာကိုပို့ပေးမယ့် ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည်များ။ (မေ ၁၀၊ ၂၀၁၅)
အာချေးခရိုင်၊ ဆန်နူဒွန်က ယာယီနေထိုင်ရာကိုပို့ပေးမယ့် ရိုဟင်ဂျာလှေစီးပြေး ဒုက္ခသည်များ။ (မေ ၁၀၊ ၂၀၁၅)

ဘင်္ဂလားပင်လယ်အော်ကနေတဆင့် အရှေ့တောင်အာရှနိုင်ငံတွေကို လှေစီးပြီးထွက်ပြေးလာကြတဲ့ ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဖြစ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က ဗွီအိုအေကို ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းပဋိပက္ခကို ဖြေရှင်းနိုင်တဲ့နည်းလမ်းမရှိတဲ့ကာလပတ်လုံး ဒေသတွင်းနိုင်ငံတွေမှာ ရိုဟင်ဂျာဒုက္ခသည်ဦးရေ ဒီထက်ပိုပြီးများလာဖို့ရှိတယ်လို့လည်းသတိပေးပြောဆိုလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ တနင်္လာနေ့က အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ ပိုင်နက်ပင်လယ်ပြင်တွေမှာ လူမှောင်ခိုကူးသူတွေရဲ့ လှေတွေနဲ့လိုက်ပါခဲ့ကြတဲ့ ဒုက္ခသည်တွေ ထောင်နဲ့ချီရှိနေတာပါ။ အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းနေထိုင်ရေး အကူအညီပေးရေးအဖွဲ့ IOM ရဲ့ပြောဆိုချက်အရဆိုရင် ထိုင်းနိုင်ငံမှာ လူမှောင်ခိုကူးမှုကို စတင်တိုက်ဖျက်နှိမ်နင်းနေတာကြောင့် လူမှောင်ခိုကူးသူတွေဟာ လှေပေါ်က လူတွေကို ကမ်းပေါ်မတင်တဲ့အတွက် အခုလို လှေတွေနဲ့ ထောင်နဲ့ချီတဲ့လူတွေဟာ ပင်လယ်ပြင်မှာ မျောနေကြတာဖြစ်တယ်လို့ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်ဘက်ကနေ လှေနဲ့ ထွက်ပြေးလာတဲ့ သူတို့တွေထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအများစုဖြစ်ပြီး သူတို့တွေဟာ ညှင်းပမ်းနှိပ်စက်မှုကနေ လွတ်မြောက်အောင်ထွက်ပြေးလာကြသူတွေဖြစ်တယ်လို့ ဂျီနီဗာအခြေစိုက် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Babar Baloch က ဗွီအိုအေကို ပြောပါတယ်။

“ဘင်္ဂလားပင်လယ်အော်မှာ လှေတွေနဲ့လိုက်ပါလာခဲ့ကြသူတွေထဲက၄၀%ကနေ ၆၀% လောက်ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက လာသူတွေ ဖြစ်ပါတယ်။ သူတို့ထွက်လာရတဲ့ အဓိကအကြောင်းအရင်းကလည်းရခိုင်ပြည်ထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခကြောင့် ဖြစ်ပါ တယ်။ ဒါကို ဖြေရှင်းနိုင်တဲ့နည်းလမ်းလဲမရှိသေးတဲ့အခါမှာ ဖိအားပေးခံရတဲ့သူတွေဟာ အဲဒီနေရာကနေထွက်ပြေးပြီး လုံခြုံစိတ်ချရတဲ့ ဒေသတွေဆီလွတ်မြောက်ဖို့ ကြိုးစားလာတဲ့အရေအတွက် ပိုပြီးများလာမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမူဆလင် ဦးရေ နှစ်သန်းခွဲလောက်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်း ရခိုင်ပြည်နယ်တွင်း အသိုင်းအဝိုင်းနှစ်ခုကြားပဋိပက္ခတွေဖြစ်ပွားတဲ့အခြေအနေတွေဆိုးရွားလာပြီးနောက် ရိုဟာဂျာတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေဆီကို ထွက်ပြေးပျံ့နှံရောက်ရှိလာနေတာဖြစ်ပါတယ်။

ဒါ့အပြင် UNHCR ရဲ့အစီရင်ခံစာအရ ဘင်္ဂလားပင်လယ်အော်မှာ အခုလို လှေစီးပြီးစွန့်စွန့်စားစားထွက်ပြေးကြသူအရေအတွက်ဟာ ၂၀၁၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် နှစ်ဆပိုပြီးများလာတာဖြစ်တယ်လို့ Babar Baloch ကဆိုပါတယ်။

“လက်ရှိ UNHCR ရဲ့အစီရင်ခံစာအရ ၂၀၁၅ခုနှစ် ပထမသုံးလပတ်အတွင်း ခန့်မှန်းခြေ လူပေါင်း ၂၅,၀၀၀ လောက် လုံခြုံမှုရှိတဲ့ အရှေ့တောင် အာရှနိုင်ငံတွေဆီကို ထွက်ပြေးဖို့ခဲ့ကြပါတယ်။ ဒီလူတွေဟာမြန်မာနိုင်ငံက ရိုဟင်ဂျာအများစုဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။”

ပြီးခဲ့တဲ့လက ထိုင်းနဲ့မလေးရှားနယ်စပ်အနီး လူမှောင်ခိုကူးသူတွေရဲ့ တောတွင်းစန်းတွေဆီမှာတွေ့ရှိခဲ့တဲ့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကလို့ ယုံကြည်ရတဲ့အလောင်း (၃၀) ကျော် အမှုနဲ့ပတ်သက်လို့လည်း ပြင်းပြင်းထန်ထန်ကိုင်တွယ်စစ်ဆေးဖို့ ထိုင်းအစိုးရကို UNHCR က တိုက်တွန်းထားပါတယ်။

မနေ့ကတော့မလေးရှား ကမ်းလွန်ရေပြင် လန်ကာဝီကျွန်းကိုလှေလေးစင်းနဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာ တစ်ထောင်ကျော် ရောက်လာခဲ့တယ်လို့ မလေးရှားအာဏာပိုင်တွေကပြောပါတယ်။

ဒါ့အပြင် တနင်္ဂနွေနေ့ကမြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကလို့ ယူဆရတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူ ၆၀၀ နီးပါးလောက်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ရောက်ရှိခဲ့ကြပါတယ်။ ကလေးနဲ့ အမျိုးသမီးတွေ ပါဝင်ပြီး လူတွေအပြည့်အသိပ်တင်ဆောင်ထားတဲ့ စက်လှေနှစ်စီးဟာ အင်ဒိုနီးရှားရေပိုင်နက်မှာ မျောနေတဲ့အတွက် ဒေသခံ ငါးဖမ်းလုပ်သားတွေက ကမ်းခြေကို သင်္ဘောနဲ့ ဆွဲယူ ကယ်တင်ခဲ့တာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG