သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည်အရေး UNHCR ဆွေးနွေး


မကြာသေးခင်ကစလို့ ပင်လယ်ပြင်မှာ လှေစီးပြီး ထွက်ပြေး လာနေသူတွေနဲ့ သေဆုံးသူ အရေအတွက် သိသိသာသာ တိုးလာနေတဲ့ ပြဿနာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အပါအ ဝင် ဒေသတွင်း နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ ဒီသီတင်းပတ်ထဲမှာပဲ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့
တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ကုလသမဂ္ဂ တာဝန်ရှိသူတွေကတော့ ဒီပြဿနာကို ဒေသ တွင်း နိုင်ငံတွေကြား ပိုပြီး ပူးပေါင်း ဆောင်ရွက် ဖြေရှင်းဖို့ အာရုံစိုက် ဆွေးနွေးခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Kate Lamb သတင်းပေးပို့ထား တာကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ အာဖဂနစ္စတန်နဲ့ သြစတြေးလျ နိုင်ငံတွေ သာမက အမေရိကန် ပြည်ထောင်စုက အစိုးရ ကိုယ်စားလှယ်တွေပါ တက်ရောက်ပြီး လှေစီး ထွက်ပြေးနေကြတဲ့ ပြဿနာကို ထိန်းချုပ် နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

ဂျကာတာမြို့တော်က ဆွေးနွေးပွဲအတွင်းမှာတော့ နေရပ်စွန့်ပြီး လှေနဲ့ ထွက်ပြေးနေသူ
တွေကို ရောက်လာတဲ့ တိုင်းပြည်တွေက ဘယ်လိုမျိုး ကိုင်တွယ် ဆောင်ရွက်သွားမလဲ။ ပင်လယ်ပြင်မှာ ရှာဖွေ၊ ကယ်ဆယ်တဲ့ လုပ်ငန်းတွေ ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေကို နည်းလမ်းတွေ ရှာဖွေကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရသူ Vivian Tan ကတော့ အခု ဆွေးနွေးပွဲဟာ ဒေသတွင်း တိုင်းပြည်တွေကြား ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ပထမခြေလှမ်း တခုလို့ ဆိုပါတယ်။

“အခြေခံအားဖြင့်ကတော့ ဒီအစည်းအဝေးက ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ရေကြောင်း သွားလာမှုတွေနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေကြား ဆွေးနွေးပွဲတွေ အစပျိုးတဲ့ သဘောပါ။ အားလုံးရင်ဆိုင်နေ ရတဲ့ စိန်ခေါ်မှုတွေကို သက်ဆိုင်ရာ တိုင်းပြည်တွေကြား ဆွေးနွေးဖို့နဲ့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်နေပြီ ဆိုတာကို သဘောတူညီမှု ရအောင် ကြိုးပမ်းတာပါ။ ခိုင်ခိုင်မာမာ အဆိုပြုချက်မျိုးတော့ မရသေးပါဘူး။ ဒါပေမဲ့လည်း အားလုံး ရင်ဆိုင်နေရတဲ့ ပြဿနာကို ရင်ဆိုင်ဖို့ လုပ်ရမယ့် လုပ်ငန်းတွေ၊ တိတိကျကျ ပိုပြီး ရှိဖို့လိုနေပြီ ဆိုတာကို တသဘောတည်း ရှိနေတာကတော့ သေချာပါတယ်။”

ဂျကာတာ ဆွေးနွေးပွဲကိုတော့ သတင်းထောက်တွေကို တက်ရောက် သတင်းယူခွင့် မပေးခဲ့ပါဘူး။ UNHCR ကတော့ အာရှ-ပစိဖိတ် ဒေသတွင်း ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်း အခြေချနေထိုင်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ထဲ စံချိန်ချိုးလောက်အောင် များပြားခဲ့ တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က ပဋိပက္ခတွေ၊ ကာလကြာရှည် ကြုံနေရတဲ့ ပါကစ္စတန်၊ အီရန်နဲ့ အာဖဂန်နိုင်ငံတွေက တင်းမာမှုတွေ ဟာလည်း လှေစီးထွက်ပြေးသူ အရေအတွက် ပိုများလာရတဲ့ အကြောင်းရင်းတခု ဖြစ် တယ်လို့ ပြောဆိုထားတာပါ။

ဘင်္ဂလားပင်လယ်အော်မှာ မှောင်ခိုသင်္ဘောတွေနဲ့ သွားလာရင်း ခန့်မှန်းချေ လူပေါင်း ၅၀၀ လောက်အထိ သေဆုံးခဲ့တာကြောင့် အိန္ဒိယသမုဒ္ဒရာတွင်း ပြီးခဲ့တဲ့နှစ်ထဲလှေစီး ထွက်ပြေးရင်း သေဆုံးသူ အရေအတွက်ဟာ သိသိသာသာ များခဲ့တယ်လို့ UNHCR က မှတ်တမ်းတင်ထားပါတယ်။

လှေစီးပြေးသူတွေ အရောက်သွားချင်ကြတဲ့ တိုင်းပြည်တခုဖြစ်တဲ့ သြစတြေးလျနိုင်ငံမှာ ဆိုရင်လည်း ပြီးခဲ့တဲ့နှစ်ထဲ ရေကြောင်းကနေ ရောက်လာတဲ့သူပေါင်းဟာ ၁၇,၀၀၀ အထိရှိခဲ့တာပါ။

လတ်တလောမှာတော့ သမားရိုးကျ တရားဝင်နည်းလမ်းတွေနဲ့ ရောက်လာတာမျိုး မဟုတ်တဲ့ သူတွေနဲ့ ပတ်သက်လို့ ကိုင်တွယ် ဆောင်ရွက်ပုံတွေဟာ တနိုင်ငံတမျိုး ဖြစ်နေတဲ့အတွက်လည်း ဒုက္ခရောက်လာသူတွေဟာ မရေမရာ အနာဂတ်မျိုးတွေနဲ့ ရင်ဆိုင်ကြရတာမို့ ပြဿနာ တခု ဖြစ်နေရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားမှုအဖွဲ့ တခုဖြစ်တဲ့ Arakan Project က Chris Lewa ကပြောပါတယ်။

“လောလောဆယ် ရှိနေတဲ့ နည်းလမ်းတွေကတော့ လုံး၀ လက်ခံနိုင်စရာ မရှိပါဘူး။ ရောက် တဲ့လူက ရောက်လာကြသလို၊ တချို့ကျတော့လည်း ပင်လယ်ထဲ မောင်းထုတ် ခံရတာတွေ ရှိပါတယ်။ တခြားတိုင်းပြည်တခုကို ရောက်လာတဲ့ သူတွေဟာ အဖမ်းခံရတာမျိုးနဲ့ အဆုံးသတ်ကြရပါတယ်။ ဒါကြောင့်လည်း ဒီလူတွေ အတွက် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုနေတာပါ။”

ဒီသီတင်းပတ်ထဲ အင်ဒိုနီးရှားမှာ ဆွေးနွေးခဲ့တာတွေကိုတော့ ဘာလီလုပ်ငန်းစဉ်လို့ အမည်ပေးထားတဲ့ အဖွဲ့ဝင်တွေကိုလည်း အသိပေး မျှဝေသွားမယ်လို့ UNHCR က ပြောပါတယ်။ ဘာလီလုပ်ငန်းစဉ် အဖွဲ့ကတော့ လူမှောင်ခိုလုပ်ငန်းတွေ၊ ဂိုဏ်းတွေကို နှိမ်နင်းမယ့် ဒေသတွင်း ဥပဒေစိုးမိုးရေး လုပ်ငန်းတွေ တိုးတက်ဖို့ ရည်ရွယ်ဖွဲ့စည်းထား တာ ဖြစ်ပါတယ်။
XS
SM
MD
LG