သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲ့စရင်းစခန်း မီးဘေးဒုက္ခသည်တွေ UNHCR ဦးဆောင်ကူညီ


ထိုင်း-မြန်မာနယ်စပ် မဲ့ဟောင်ဆောင်ခရိုင် ခွန်ယွန်းမြို့နယ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ ဖြစ်တဲ့ မဲ့စရင်းစခန်းမှာ မတ်လ ၂၂ ရက်နေ့တုန်းက မီးလောင်ခဲ့တာကြောင့် လူ ၃၇ ဦး သေဆုံးခဲ့ပြီးတော့ ဒုက္ခသည်ပေါင်း ၂၃၀၀ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လောလော ဆယ်မှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင် ရွက်ပေးနေတယ်လို့ ပြောပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲ့ဟောင်ဆောင်ခရိုင်ရှိ မြန်မာတိုင်းရင်း ကရင်နီဒုက္ခသည်တွေ အများစု နေထိုင်ရာ မဲ့စရင်းစခန်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် သေဆုံးသူ ၃၇ ဦးရှိပြီး၊ ဒဏ်ရာ အပြင်းအထန် ရရှိသူ ၅ ဦးရှိရာ အိုးအိမ်မဲ့ လူပေါင်း ၂၃၀၀ ရှိခဲ့ပါတယ်။

အဲ့ဒီမီးကြောင့် နေအိမ်ပေါင်း ၄၀၀ ကျော်အပါအဝင် ကျောင်း၊ ဆေးခန်း၊ ဂိုဒေါင်နဲ့ တခြားအဆောက်အဦးတွေ မီးလောင်ဆုံးရှုံးမှုမှာ ပါဝင်ခဲ့ပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးဆဲ ရှိပေမဲ့လို့လည်း ကနဦးသတင်းတွေအရ မီးဖိုချောင်က စခဲ့တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေမှာ နေအိမ်တွေဟာ အင်းဖက်မိုး၊ ဝါးနဲ့ ဆောက်လုပ်ပြီး ပူပြင်းတဲ့ နွေရာသီအပြင် မီးလောင်စဉ် လေတိုက်တဲ့အတွက်ကြောင့်လည်း မီးကို အချိန်မှီ ငြိမ်းသတ်နိုင်ခြင်း မရှိတဲ့အ တွက်ကြောင့် ပြေးရင်းလွှားရင်းနဲ့ လူတွေ သေဆုံးဒဏ်ရာ ရရှိမှုတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

လူ ၂၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ကြသူတွေအတွက် ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ် မှုအဖြစ် ကုလသမဂ္ဂ UNHCR နဲ့ IRC ခေါ် နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ၊ TBC နဲ့ ကက်သလစ် ဘာသာ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ဒုက္ခသည်များဆိုင်ရာရုံးအပါအဝင် နိုင် ငံပေါင်း ၈ နိုင်ငံက အစိုးရမဟုတ်တဲ့အဖွဲ့ပေါင်း ၁၀ ဖွဲ့တို့က ပူးပေါင်းပြီး အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။

UNHCR ပြောခွင့်ရပုဂ္ဂိုလ် အေဒွီယန် အက်ဝပ် (Adrian Edwards) ဒုက္ခသည် စခန်းတွေမှာ မီးလောင်မှုဟာ ဒါ အဆိုးရွားဆုံးထဲမှာ ပါဝင်ပြီး၊ အထိတ်တလန့် ဖြစ်နေကြတဲ့ အိုးအိမ်မဲ့ ဖြစ်ကြရသူတွေကို လိုအပ်တဲ့ အကူအညီတွေ ပေးနေတယ်လို့ အခုလို ပြော ပါတယ်။

“လူတွေအနေနဲ့ သူတို့နေအိမ်တွေကို ပြန်နေကြဖို့ သိပ်ကို ခြောက်ခြား ကြောက်လန့်နေ ကြတဲ့အတွက် ယာယီနေရာတွေမှာ သူတို့တွေကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးမှုတွေ လုပ်နေကြပါတယ်။ ဒီအတောအတွင်း မိသားစုအလိုက် နေနိုင်မယ့် ရွက်ဖျင်တဲပေါင်း ၆၀ ခန့်အပြင်၊ ပလက်စတစ်ဖျင်ပေါင်း ၈၀၀ ကျော်၊ စောင် ၁၂၀၀၊ အိပ်ဖို့ ဖျာတွေလည်း ပေး ထားပါတယ်။ အာဏာပိုင်တွေနဲ့ ကျနော်တို့ NGO အဖွဲ့တွေ ပူးပေါင်းပြီးတော့ ခြင်ထောင်
တွေ၊ အဝတ်အထည်တွေနဲ့ တခြားပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးနေပါတယ်။”

အရင် မြန်မာစစ်အစိုးရလက်ထက်က ဖိနှိပ်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတဲ့ တိုင်းရင်းဒုက္ခသည်တွေကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုမှာ ခိုလှုံခွင့် ပေး ထားတာလည်း ဖြစ်ပါတယ်။

မဲ့စရင်းဒုက္ခသည်စခန်းကိုတော့ ၁၉၉၂ ခုနှစ်က ထူထောင်ခဲ့တာဖြစ်ပြီး၊ ကယားပြည်နယ် က ဒုက္ခသည်ပေါင်း ၃၅၀၀ ခန့်တို့ နေထိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG