သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဒုက္ခသည်အရေး ဖြေရှင်းဖို့ UNHCR ရန်ပုံငွေလိုအပ်


UNHCR ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Antonio Guterres
UNHCR ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Antonio Guterres

ပဋိပက္ခနဲ့နှိပ်စက်ညှင်းပမ်းမှုတွေကြောင့် ကမ္ဘာတဝှမ်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ဒုက္ခသည်အရေအတွက်တိုးလာနေပြီး ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေအတွက် ဒုက္ခသည်တွေဆက်ပြီးကူညီနိုင်ရေး ရန်ပုံငွေအမြောက်အများလိုအပ်နေတယ်လို့ UNHCR ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Antonio Guterres က သတိပေးပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက ရခိုင်နဲ့ ကချင်ပြည်နယ်မှာ ရှိနေတဲ့ဒုက္ခသည်တွေထောက်ပံကူညီရေးအတွက် ၂၀၁၅ ခုနှစ်အတွင်းရံပုံငွေ (၆၀) %နီးပါး လိုအပ်နေဆဲဖြစ်တယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

နိုင်ငံတကာမှာ ပဋိက္ခကြီးမားလာတဲ့အတွက် အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ဒုက္ခသည်အရေအတွက်ဟာ ၂၀၀၅ ခုနှစ်က ၃၈ သန်းကနေ ၂၀၁၅ ခုနှစ် သန်း (၆၀) အထိရောက်ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Antonio Guterres က မနေ့က ဂျီနီဗာမှာ စတင်ကျင်းပတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာညီလာခံအဖွင့်မိန့်ခွန်းမှာပြောသွားပါတယ်။ အခုလို (၁၀) နှစ်အတွင်း ဒုက္ခသည်ဦးရေ တိုးလာတာနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို Mr. Guterres ကအခုလိုပြောပါတယ်။

“ဒုက္ခသည်တွေရဲ့ပဋိပက္ခဟာ တဖြည်းဖြည်းပျောက်ကွယ်သွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ကံအကြောင်းမလှဘဲ ဒုက္ခသည်တွေအရေအတွက်က တဟုန်တိုး များပြားပြီးတော့ လာခဲ့ပါတယ်။ ဒုက္ခသည်ပြဿနာကို ဟန့်တားနိုင်ဖို့နဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုတွေဟာလည်း မအောင်မမြင်ဖြစ်ခဲ့တဲ့အတွက် ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အထောက်အကူတိုးပေးဖို့ လိုအပ်တဲ့အပြင် သူတို့တွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ကို လက်ခံထားတဲ့နိုင်ငံတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။”

လွန်ခဲ့တဲ့တစ်နှစ်အတွင်း ယီမန်နိုင်ငံမှာ ဒုက္ခသည် (၁.၁) သန်း၊ တောင်ဆူဒန်မှာ နောက်ထပ်တိုးလာတဲ့ ဒုက္ခသည်ဦးရေ ငါးသိန်းနဲ့လစ်ဗျားမှာ နောက်ထပ် သုံးသိန်းထိရှိခဲ့သလို အမေရိကားတိုက်အလယ်ပိုင်းက အုပ်စုလိုက်အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည်တွေ သောင်းနဲ့ချီပြီးထွက်ပြေးကြရပြီး အာရှမှာဆိုရင်လည်းဘင်္ဂလားပင်လယ်အော်ကိုဖြတ်ကျော်ပြီး ဒုက္ခသည်ပေါင်း (၉၄,၀၀၀) ကျော် ဟာ အကာအကွယ်ရဖို့ မူရင်းဒေသကိုစွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ Mr. Guterres က သူရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါအပြင် တနှစ်ထက်တနှစ်တိုးပြီး ဒုက္ခသည်တွေအတွက် အရေးပေါ်ထောက်ပံ့ကူညီမှုတွေ ပိုပြီးလိုအပ်လာတဲ့အပေါ်မှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ရန်ပုံငွေအခက်အခဲတွေနဲ့ရင်ဆိုင်လာနေရတယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်နေတဲ့ ကချင်နဲ့ ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ဒုက္ခသည်တွေအတွက် ၂၀၁၅ ခုနှစ်အတွင်း ရံပုံငွေ အမေရိကန်ဒေါ်လာ ၁၀၄ သန်းကျော်လိုအပ်နေဆဲဖြစ်တယ်လို့ ကချင်ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ ကချင်ငြိမ်းချမ်းရေးကွန်ယက် တာဝန်ခံ ခွန်ဂျာက ဗွီအိုအေကိုပြောပါတယ်။

“ဒုက္ခသည်တွေမှာ ကချင်ဒေသတင်မကဘဲနဲ့ ရခိုင်ဒေသမှာရှိတဲ့ဒုက္ခသည်ပေါ့-ကချင်နဲ့ရခိုင် ၂ ခုမှာ အကုန်လုံးလိုအပ်တာကတော့ ၁၀၄.၅ မီလီယံဒေါ်လာ လိုအပ်တယ်လို့ တွက်ချက်ထားပါတယ်။ အခု အဲဒီကနေပြီးတော့မှ food item ပေါ့၊ အစားအသောက်အတွက်ဆိုလို့ရှိရင် စုစုပေါင်းလိုအပ်တာက အစားအသောက်အတွက်ချည့်ပဲ ၁၀၄.၅ မီလီယံဒေါ်လာလို့ ပြောထားတာပါ။ အဲဒီထဲကနေပြီး တကယ်တန်းရရှိတာက ၃၄ မီလီယံဒေါ်လာပဲ ရသေးတာပါရှင့်။ အစားအသောက်တမျိုးတည်းမှာတောင် ခါတိုင်းအရည်အသွေးပြည့်ဝတဲ့ အခြေခံစားသောက်မှုလို့ ပြောရင် ၁၀၀ ဖိုး စားရလို့ရှိရင် ၃၄ ကျပ်ဖိုးစားရသလိုပဲဖြစ်နေတယ်ရှင့်။ ကျန်းမာရေးဆိုရင်လည်း ဒီနှစ်မှာ တကယ်တန်းလိုအပ်တာကတော့ ၁၀.၉ မီလီယံဒေါ်လာလို့ ပြောတယ်။ ဒါပေမယ့် တကယ်တန်းရရှိတာက ၈ မီလီယံဒေါ်လာပဲရပါတယ်ရှင့်။”

ရခိုင်ပြည်နယ်မှာဆိုရင်လည်း ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေဆက်ပြီးလိုအပ်နေဆဲအပြင် အစိုးရအနေနဲ့ နိုင်ငံတကာ အကူအညီတွေကို ခွင့်ပြုဖို့လိုနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ မဝေဝေနုကပြောပါတယ်။

“ပညာရေး၊ ကျန်းမာရေး၊ နောက် စားနပ်ရိက္ခာအပိုင်း၊ တခါ shelter တွေအပိုင်းမှာပေါ့နော်၊ အမိုးအကာတွေအပိုင်းမှာလည်း အများကြီး လိုအပ်ချက်တွေရှိနေတယ်။ ဒီ လေးနှစ်တာကာလအတွင်းမှာ တိုးတက်လာတာမတွေ့ရဘဲ ပိုပိုဆိုးရွားလာနေတာကို တွေ့ရတယ်။ အဲဒါကို အမြန်ဆုံးဖြေရှင်းပေးဖို့လိုတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေ ထိထိရောက်ရောက်လိုအပ်တဲ့နေရာတွေမှာ ရောက်သွားနိုင်အောင်လို့လည်း အစိုးရက ကန့်သတ်ချက်တွေ လျှော့ချပေးဖို့လိုတယ်။”

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အပါအဝင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေအနေနဲ့ ကမ္ဘာတဝှမ်းက လူဦးရေ ၈၂ သန်းအတွက် လူသားချင်းစာနာမှုအကူအညီတွေထောက်ပံဖို့ ရန်ပုံငွေ တဝက်နီးပါးလောက်ပဲလက်ခံရရှိခဲ့ပြီး ဒီရန်ပုံငွေ အခက်အခဲကို ဝိုင်းဝန်းဖြေရှင်းသင့်တယ်လို့ Mr. Guterres က ဒုက္ခသည်များဆိုင်ရာညီလာခံမှာနိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးပြောဆိုသွားပါတယ်။

XS
SM
MD
LG