သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ နှိပ်ကွပ်ခံရမှု လူမျိုးတုံးသတ်ဖြတ်မှုမမြောက်ကြောင်း ကန် ဆုံးဖြတ်


အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby

အရှေ့အလယ်ပိုူင်းနိုင်ငံအချို့နဲ့ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှု ဖြစ်ပေါ်နေတာဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရာရောက်၊ မရောက် တွေ့ရှိချက်တွေကို မတ်လ ၁၇ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဌာနက လွှတ်တော်ထံကို အစီရင်ခံစာ တင်သွင်းခဲ့ ရာမှာ၊ မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေကို ဖိနှိပ်မှုတွေ ရှိနေပေမယ့်၊ ဒါဟာ လူမျိုးတုံး သတ်ဖြတ်မှုတော့ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ အပြည့်အစုံကို ကိုရဲခေါင်က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေကို ဖိနှိပ်မှုတွေ ရှိနေတာ အမှန်ပဲ ဖြစ်ပေမယ့်၊ ဒါဟာ လူမျိုးတုန်း သတ်ဖြတ်မှုတော့ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း တနင်္လာနေ့က အမေရိကန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရပုဂ္ဂိုလ် John Kirby က သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

” ရိုဟင်ဂျာတွေဟာ ဖိနှိပ်မှုတွေ ကြုံနေရတယ်ဆိုတာ မေးခွန်းထုတ်စရာမလိုပေမယ့်၊ ကျွန်တော်တို့အနေနဲ့ ဒါကို လူမျိုးတုံး သတ်ဖြတ်မှုဖြစ်တဲ့ အဆင့်လို့ မသတ်မှတ်ပါဘူး။”

အရှေ့အလယ်ပိုူင်းက အီရတ်၊ လစ်ဗျား၊ ဆီးရီးယားနိုင်ငံတွေနဲ့ မြန်မာနိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေး လူနည်းစုတွေအပါအဝင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှု ဖြစ်ပေါ်နေတာဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရာရောက်၊ မရောက် နဲ့ပက်သက်ပြီး၊ တွေ့ရှိချက်တွေကို မတ်လ ၁၇ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဌာနက လွှတ်တော်ထံကို အစီရင်ခံစာ တင်သွင်းခဲ့တာနဲ့ ပက်သက်ပြီး၊ John Kirby က အခုလို ဆက်ပြီး ပြောသွားပါတယ်။

“ဒီ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရာရောက်မရောက် ဆိုတာကို အမေရိကန် နိုင်ငံခြားရေး ဌာနက အကဲဖြတ်ပေးဖို့ လွှတ်တော်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ထံ တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ တွေ့ရှိချက်တွေကို ဖော်ပြထားပါတယ်။”

နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက လွှတ်တော်ထံ တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ Da’esh လို့ခေါ်တဲ့ IS စစ်သွေးကြွတွေဟာ Yezidis လူမျိုးတွေ၊ ခရစ်ယာန်ဘာသာဝင်တွေ နဲ့ ရှီယာ မွတ်စလင်တွေ အပါအဝင် သူ့တို့ ထိမ်းချုပ်ထားတဲ့ နယ်မြေတွေက လူအုပ်စုတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ထားပါတယ်။

တစ်ဆက်တည်းမှာပဲ၊ မြန်မာနိုင်ငံမှာလည်း ရိုဟင်ဂျာတွေအပေါ် မတရားပြုမှုတွေအတွက် အမေရိကန် အစိုးရအနေနဲ့ အလွန်အမင်း စိုးရိမ်မိတယ်လို့ ဖော်ပြထားပါတယ်။ မတ်လ ၁၇ရက်နေ့က တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာတွေအကြားရှိနေတဲ့ တင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ လူမှုစီးပွားရေး အခြေအနေ နိမ့်ကျမှုတွေနဲ့ လူမျိုးစုနှစ်စုလုံးကို အစိုးရရဲ့ ကာလရှည်ကြာ ပစ်ပယ်ခံထားရတဲ့ ရလဒ်တွေကြောင့် စိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာအစိုးရက ဘင်္ဂါလီလို့ ခေါ်တဲ့ ရိုဟင်ဂျာတွေအနေနဲ့ အစိုးရက ထုတ်ပေးထားတဲ့ white card လို့ခေါ်တဲ့ လို့ခေါ်တဲ့ ယာယီသက်သေခံကဒ်ပြားတွေ ကို ၂၀၁၅ခုနှစ်မှာ ပြန်လည် ရုတ်သိမ်းခံခဲ့ရပြီး၊ နိုင်ငံသား ဖြစ်ခွင့် ကန့်သတ်ခံထားရတာဖြစ်ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေဟာ ဥပဒေမဲ့ ဖမ်းဆီးထိမ်းသိမ်းခြင်း၊ နှိပ်စက်ညှဉ်းပမ်းခြင်း၊ ရွေးပြောင်းသွားလာခွင့်နဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်တွေ ကန့်သတ်ခံထားရခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူမှုရေး ဝန်ဆောင်မှုတွေ ရယူခွင့်မရှိခြင်း စတာတွေအပါအဝင် အစိုးရရဲ့ ဖိနှိပ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ ကြုံနေရတယ်လို့ ဖော်ပြထားပါတယ်။

အရပ်ဘက်မှာလဲ ဗုဒ္ဓဘာသာ အစွန်းရောက် ဘုန်းတော်ကြီးတွေရဲ့ မွတ်စလင် ဆန့်ကျင်ရေး တရားဟောပြီး၊ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ကြုံနေရပြီး၊ ရိုဟင်ဂျာတွေ တန်းတူအခွင့်အရေးရဖို့အတွက် အခြား တိုင်းရင်းသားလူနည်းစုတွေအပါအဝင် ပြည်သူလူထုတွေရဲ့ အားပေးထောက်ခံမှု မရှိသလောက်ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ခန်ှုမှန်းချက်အရ ၂၀၁၂ခုနှစ်ကတည်းက ရိုဟင်ဂျာ ၁၆၀၀၀၀ လောက်အထိဟာ ပင်လယ်ကို ဖြတ်ကျော်ပြီး အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၁၂ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ အရပ်သားတွေ အကြမ်ဖက် တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေအတွင်းမှာ လူ၂၀၀ဦးခန့် သေဆုံးပြီး၊ ၁၄၀၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရှိထားတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနအနေနဲ့ ဆက်လက်လေ့လာစုံစမ်းသွားမယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက အမေရိကန်နိုင်ငံအခြေစိုက် Simon-Skjodt Center for the Prevention of Genocide အဖွဲ့ဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ အန္တရယ်ရှိနေတဲ့ နိုင်ငံတွေကို စာရင်းပြုစုပြီး၊ ထုတ်ပြန်လိုက်ရာမှာ မြန်မာနိုင်ငံကို နိုင်ဂျီးရီးယား၊ ဆူဒန်၊ အာဖဂန်နစ္စတန် နဲ့ တောင်ဆူဒန် စတဲ့ နိုင်ငံတွေရဲ့ အထက်မှာ ထားပြီး၊ ဘေးအန္တရာယ်အရှိဆုံး နံပါတ်တစ် နိုင်ငံအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။

XS
SM
MD
LG