သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးတွေကို စောင့်ရှောက်ဖို့ ဒေသတွင်းနိုင်ငံတွေမှာ တာဝန်ရှိကြောင်း UNHCR ပြော


ထိုင်းစစ်တပ်ရဟတ်ယာဉ်က လှေစီးပြေးသူတွေကို ရိက္ခာချပေးနေစဉ်။ (မေ ၁၄၊ ၂၀၁၅)
ထိုင်းစစ်တပ်ရဟတ်ယာဉ်က လှေစီးပြေးသူတွေကို ရိက္ခာချပေးနေစဉ်။ (မေ ၁၄၊ ၂၀၁၅)

ဘင်္ဂလီနဲ့ ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်တွေကို သူတို့ရောက်နေတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက ကြည့်ရှု စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ UNHCR က ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကို ရောက်လာတဲ့ လှေစီးပြေး ဒုက္ခသည် ၁၃ဝဝ လောက်ထဲမှာ ရိုဟင်ဂျာ ၆ဝဝ လောက်ပါတယ်လို့ UNHCR ကပြောပါတယ်။ UNHCR ပြောခွင့်ရပုဂ္ဂိုလ်နဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

လှေစီးပြေးဒုက္ခသည်အရေးဟာ အရှေ့တောင် အာရှ ဒေသတွင်းနိုင်ငံတွေကြား ဖြေရှင်းရမယ့် ပြဿနာတရပ် ဖြစ်လာနေပြီး UNHCR ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီကတော့ သူတို့တတ်နိုင်တာမှန်သမျှ ကူညီနေတယ်လို့ ပြောပါတယ်။ ဒီ လှေစီးပြေး ဒုက္ခ သည်တွေကို သူတို့ လတ်တလော ရောက်နေတဲ့ အင်ဒိုနီးရှားမလေးရှားနဲ့ ထိုင်းနိုင်ငံတွေ အနေနဲ့ ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန် ရှိတယ်လို့ VOA က သီးသန့်ဆက်သွယ်မေးမြန်းစဉ်မှာ UNHCR ကပြောဆိုလိုက်တာ ဖြစ်ပါတယ်။ UNHCR ရဲ့ အာရှနဲ့ အမေရိကား ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် Mr. Babar Baloch ပြောတာက -

“အင်ဒိုနီးရှား မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို ရောက်လာကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို အဲဒီနိုင်ငံတွေက တာဝန်ယူ ကြည့်ရှု စောင့်ရှောက်ဖို့ဒီ အစိုးရတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ကျနော်တို့ UNHCR ကတော့ ဒုက္ခသည် စာရင်းကို မှတ်ပုံတင်ပေးတာမျိုး ၊ အခြား NGO တွေ အကူအညီ ပေးရေး အဖွဲ့တွေနဲ့ပေါင်းပြီး အရေးပေါ် ဆေးဝါးကုသမှုပေးတာ၊ သူတို့လိုအပ်တဲ့ အစားအစာနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေ အထောက်အပံ့ပေးတာမျိုးတွေ လုပ်နေပါတယ်။”

ပင်လယ်ပြင်ထဲ ဆက်ရှိနေကြတဲ့ လှေစီးပြေးဒုက္ခသည် အရေအတွက် ဘယ်လောက်ထိများသလဲဆိုတာ အတိအကျ မသိနိုင်သေးပေမယ့် အင်ဒိုနီးရှားကို ရောက်လာကြတဲ့ လှေစီးပြေးတွေထဲမှာ ရိုဟင်ဂျာ ၆ဝဝ လောက် ပါတယ်လို့ Mr.Baloch ကပြောပါတယ်။

“အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရောက်လာကြသူ ၁၃ဝဝ လောက်ရှိတဲ့ထဲမှာ ၆ဝဝ လောက်က ရိုဟင်ဂျာတွေဖြစ်ကြပါတယ်။ သူတို့ထဲက တချို့ဟာ မြန်မာနိုင်ငံက လာတယ်လို့ ပြောကြပြီး တချို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လာတယ်လို့ ပြောကြပါတယ်။”

အခုလိုပင်လယ်ပြင်ကိုဖြတ်ပြီး နိုင်ငံရွှေ့ပြောင်းဖို့ ကြိုးစားလာကြတဲ့ ပြဿနာရဲ့မူလဇစ်မြစ်ဟာ နိုင်ငံရေးပြဿနာနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံရတဲ့ပြဿနာဖြစ်တယ်လို့ UNHCRကဆိုပါတယ်။ လှေစီးပြေး ဒုက္ခသည်ပြဿနာကို မြန်မာအပါအဝင်ဒေသတွင်း သက်ဆိုင်ရာ နိုင်ငံတွေက စုပေါင်းဖြေရှင်းရမှာ ဖြစ်တယ်လို့ Mr.Baloch ကပြောပါတယ်။

လှေစီးပြေးဒုက္ခသည်တွေထဲက ရိုဟင်ဂျာဆိုသူတွေဟာ မြန်မာနိုင်ငံက လာတာဖြစ်လို့ မြန်မာအစိုးရအနေနဲ့ ဒါကို တာဝန်ယူ ဖြေရှင်းဖို့ လိုတယ်လို့ နိုင်ငံတကာက ပြစ်တင်ဝေဖန်နေကြတာပါ။ မြန်မာအစိုးရပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ အဲဒီလူတွေဟာ မြန်မာနိုင်ငံက လာတယ်ဆိုတဲ့ လုံလောက်တဲ့ အထောက်အထား ပြနိုင်မယ်ဆိုရင် သူတို့ကို မြန်မာ အစိုးရက ပြန်လည်ခေါ်ယူလက်ခံသွားမယ်လို့ တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

ဒီ လှေစီးပြေးဒုက္ခသည်တွေအတွက် ကောင်းမွန်တဲ့ ဘယ်လိုရလဒ်မျိုးကိုမဆို ကြိုဆို တယ်လို့ Mr.Baloch ကပြောပါတယ်။

“ဒီလူတွေ အခုရောက်နေတဲ့ ဒေသမှာပဲဖြစ်ဖြစ် သူတို့နဲ့ဆိုင်တဲ့ အခြားနေရာမှာပဲ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ဖြစ်လာမယ့် ဘယ်လို ကိစ္စမျိုးကိုမဆို ကျနော်တို့ UNHCR က ကြိုဆိုပါတယ်။ ကျနော်တို့ UNHCR ကတော့ ဒီဒုက္ခသည်တွေကို လူသားချင်း စာနာတဲ့ အကူအညီပေးရေး ရှုဒေါင့်ကနေချဉ်းကပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ဒီအတောတွင်း လှေစီးပြေးဒုက္ခသည်အရေးကို အာဆီယံနိုင်ငံတွေ အမြန်ဖြေရှင်းကြဖို့နဲ့ ရိုဟင်ဂျာ ပြဿနာဖြေရှင်းရေးမှာ မြန်မာ ပါဝင်လာရေး မြန်မာအစိုးရကို အာဆီယံက ဖိအားပေးသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာက တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် လှေစီးပြေးဒုက္ခသည်ပြဿနာဖြေရှင်းဖို့ မြန်မာနိုင်ငံရဲ့အကူအညီလိုအပ်တယ်လို့ မလေးရှား ဒုဝန်ကြီးချုပ် Mr. Muhyiddin Yassinကလည်း တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG