သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘာသာပေါင်းစုံ ခေါင်းဆောင်များ ကြေညာချက် UNICEF ကြိုဆို


မြန်မာနိုင်ငံအတွင်းက ကလေးငယ်တွေ အကန့်အသတ်မရှိ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် သူတို့အနေနဲ့ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ဟာ အခရာကျတယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာကြီး ၄ ခုက ခေါင်းဆောင်တွေက ကြေညာချက် ထုတ်ပြန်လိုက်တဲ့အပေါ် UNICEF ကုလသမဂ္ဂ ကလေးငယ်များ ရံပုံငွေအဖွဲ့က ကြိုဆိုလိုက်ကြောင်း ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Farhan Haq က ထည့်သွင်း ပြောကြားသွားပါတယ်။

“မိဘတွေက ဘယ်ဘာသာတရားကိုပဲ ကိုးကွယ်နေပါစေ - ကလေးငယ်တွေအနေနဲ့ သူတို့ရဲ့ ဉာဏ်စွမ်းရှိသမျှ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာသာတရား လွတ်လပ်ခွင့်ရှိမှုဟာ အဓိက အခရာကျတဲ့ အချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ အဓိက ဘာသာတရားကြီး ၄ ခုက ခေါင်းဆောင်တွေ ကြေညာချက် ထုတ်ပြန်လိုက်တဲ့အပေါ် UNICEF - ကုလသမဂ္ဂကလေးငယ်များ ရန်ပုံငွေအဖွဲ့က ကြိုဆိုလိုက်ပါတယ်။”

မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ဘာသာရေးဆိုင်ရာ တင်းမာမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အချိန် အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးအတွက် လုပ်ဆောင်ပေးခြင်းအားဖြင့် သူတို့ ကိုးကွယ်ရာ ဘာသာတခုချင်းစီအတွင်းမှာ အများပြည်သူရဲ့ ယုံကြည်ကိုးစားမှုကို ရရှိနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ UNICEF ဌာနေကိုယ်စားလှယ် Bertrand Bainvel ကလည်း မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုနဲ့ နိုင်ငံရေးသမားတွေအနေနဲ့ ကလေးငယ်တွေနဲ့ သဟဇာတ မျှတမှုကို ဦးစားပေး ဆောင်ရွက်ကြဖို့နဲ့ အဲဒီလို လုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးတွေ အနာဂတ်မှာ ခံစားကြရမှာဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင်တွေရဲ့ ကြေညာချက်ပါအချက်ကို UNICEF ရဲ့ ကြေညာချက်မှာ ကောက်နုတ် ဖော်ပြထားပါတယ်။

နောက်ဆုံးအနေနဲ့ ကလေးငယ်များကယ်ဆယ်ရေး ဘာသာပေါင်းစုံအဖွဲ့ Interfaith for Children နဲ့ ရတနာမေတ္တာအဖွဲ့တွေကို ထောက်ခံကြောင်း ထပ်မံ အတည်ပြု ပြောကြားလိုက်ပြီး ကလေးငယ်များ အခွင့်အရေးနဲ့ လူမျိုးဘာသာ မတူညီသူတွေအကြား သည်းခံနားလည်တဲ့ လူမှုအသိုင်းဝိုင်း ဖြစ်ပေါ်လာရေးအတွက် ဆက်လက် ဆောင်ရွက်သွားမယ်လို့ UNICEF ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG