သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန်ကော်မရှင်အကြံပေးချက်တွေ အကောင်အထည်ဖေါ်ဖို့ UNICEF အကြီးအကဲ မြန်မာကို တိုက်တွန်း


ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF အမှုဆောင် ဒါရိုက်တာ Henrietta Fore က မြန်မာနိုင်ငံ အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အရေးကော်မရှင်ရဲ့ ရိုဟင်ဂျာ ပဋိပက္ခ ဖြေရှင်းရေး အကြံပေးချက်တွေကို လိုက်နာ ဖေါ်ဆောင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပြီး ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးခိုလှုံတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ဌာနေ ပြန်ရေး အတွက်လည်း သင့်တော်တဲ့ အခြေနေတွေ ဖန်တီးပေးဖို့ လိုအပ်နေသေးကြောင်း နေပြည်တော်မှာ တနင်္လာနေ့ ပြောကြားခဲ့ပါတယ်။

လူနဲ့စု ရိုဟင်ဂျာတွေရဲ့ ကလေးငယ်တွေဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ အန္တရာယ်ကြီးစွာ မျှော်လင့်ချက် ကင်းစွာနေထိုင်နေရကြောင်း လည်း ပြောကြားခဲ့ပါတယ်။

ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပေးချက်တွေထဲမှာ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်၊ ပညာသင်ပိုင်ခွင့်အပါအဝင် ဒုက္ခဆင်းရဲ ရောက်နေတဲ့ ရိုဟင်ဂျာ ကလေးငယ်တွေရဲ့ ဘဝကို ကယ်တင်နိုင်ရေးအတွက် ပေးထားတဲ့ အကြံပြုချက်တွေကို အကောင်ထည်ဖေါ်ဖို့ မြန်မာအစိုးရက ကတိပေးထားတာဖြစ်ကြောင်းလည်း UNICEF အကြီးအကဲက ထောက်ပြခဲ့ပါတယ်။

ကလေးတွေရဲ့ ရှေ့ရေးအတွက် လက်ရှိအခြေနေကို အကောင်းဆုံး အကျိုးရှိစွာ အသုံးချပြီး လက်တွေ့ ဖေါ်ဆောင်ဖို့လည်း ဆယ်စုနှစ်ပေါင်း များစွာအတွင်း မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် လာရောက်ခဲ့တဲ့ UNICEF အကြီးအကဲက တိုက်တွန်းခဲ့ပါတယ်။ အခုလို ခြေလှမ်းရပ်တွေ လုပ်ဆောင်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ ဌာနေ ပြန်နိုင်ရေးအတွက် သင့်တော်တဲ့ အခြေနေ ဖန်တီးရေးမှာ အထောက်ကူ ပြုမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကိုဖီအာနန် ကော်မရှင်ကို ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခ စတင်ခဲ့ချိန်က ရေရှည်ခံမယ့် အဖြေရှာဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

UNICEF အကြီးအကဲ Fore ဟာ တနင်္လာနေ့ မနက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲံပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG