သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လူထုနဲ့ထိတွေ့ပြီး အကူအညီပေးရေး လုပ်ငန်းတွေ UNICEF ဆောင်ရွက်မည်


ရခိုင်ပြည်နယ်မှာ အကူအညီပေးမှုနဲ့ ပတ်သက်ပြီး UNICEF အဖွဲ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) 04-30-2014
ရခိုင်ပြည်နယ်မှာ အကူအညီပေးမှုနဲ့ ပတ်သက်ပြီး UNICEF အဖွဲ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) 04-30-2014
ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ စိန်ခေါ်မှုသစ်တွေ ရင်ဆိုင်နေရပြီး၊ ဒီအတွက် အခြေခံလူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိစပ် ဖြေရှင်းဆောင်ရွက်သွားမယ်လို့ UNICEF မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက UNICEF လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ရှင်းလင်းတဲ့ သတင်းစာ ရှင်းလင်းပွဲတရပ် ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်သွားတာပါ။ အပြည့်အစုံကိုတော့ သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေအယ်ဒီတာ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေအပေါ် ဒေသခံ ရခိုင်လူထုက မကျေနပ်မှုတွေ ရှိနေတာကို UNICEF ဌာနေကိုယ်စားလှယ်က အသိအမှတ်ပြု ပြောခဲ့တာပါ။ အခုနှစ်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေ နောက်ပိုင်း အဲဒီမှာ အခြေစိုက်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အရင်ကမရှိခဲ့တဲ့ စိန်ခေါ်မှုသစ်တွေ ရင်ဆိုင်လာရတယ်လို့ UNICEF ဌာနေကိုယ်စားလှယ် Betrand Bainvel က ပြောပါတယ်။

“ကုလသမဂ္ဂနဲ့ UNICEF အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်ဆောင်ရွက်ရတဲ့ နေရာမှာ အခုဆိုရင် စိန်ခေါ်မှုသစ်တွေ ရင်ဆိုင်လာရပါပြီ။ ဒါ အရင်တုန်းက မကြုံခဲ့ရတဲ့ အတွေ့အကြုံပါ။ အကြမ်းဖက်မှုတွေ ခြိမ်းခြောက်မှုတွေနဲ့ အမြင်သဘောထားသစ်တွေ ရှိနေပါတယ်။ ဒါတွေကို ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းသွားဖို့ လိုအပ်နေပါတယ်။”

ရခိုင်ပြည်နယ်တွင်း နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေဟာ ဒေသခံ ရခိုင်လူမျိုးတွေထက်၊ မူဆလင်လူနည်းစုတချို့ကို ပိုပြီး ဇောင်းပေးကူညီတယ်ဆိုပြီး ရခိုင်လူမျိုး အတော်များများက ယူဆခဲ့ကြတာပါ။ အဲ့ဒီနောက် ပြီးခဲ့တဲ့မတ်လ အကုန်ပိုင်း စစ်တွေမှာ ကုလသမဂ္ဂရုံးတချို့နဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ရုံးတွေ အကြမ်းဖက် တိုက်ခိုက်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီကနေ နိုင်ငံတကာ အဖွဲ့အစည်းရုံး အတော်များများ လုပ်ငန်းတွေ ယာယီရပ်နားခဲ့ရပြီး၊ မကြာခင်ကမှ လုပ်ငန်းတချို့ ပြန်စနိုင်ခဲ့တာပါ။ ဒီလိုအခြေအနေကြောင့်လည်း သူတို့အနေနဲ့ အကူအညီပေးရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ ဒေသခံတွေနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းတိုင်ပင်သွားရမယ့် အခြေအနေဖြစ်တယ်လို့ UNICEF ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

တချိန်တည်းမှာပဲ ထူးခြားချက်ကတော့ အခုအချိန်မှာ ပြည်နယ်အစိုးရ အပါအဝင် ဒေသခံ တာဝန်ရှိသူတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်ခွင့်ရမယ့် အခြေအနေတော့ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့လုပ်ငန်းတွေဟာ ဒေသခံ အများအပြား ယူဆသလိုမဟုတ်ဘဲ လိုအပ်ချက်အပေါ် အခြေတည်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်လို့ UNICEF ဌာနေကိုယ်စားလှယ် Betrand Bainvel က ရှင်းလင်းခဲ့ပါတယ်။

“UNICEF ကလေးများရန်ပုံငွေအဖွဲ့အနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အခြေခံ စည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်ရပါတယ်။ ဒါတွေကတော့ သီးခြားလွတ်လပ်ပြီး ဘက်မလိုက်မှု၊ မျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ လိုအပ်ချက်အပေါ်အခြေခံပြီး အကူအညီပေး ဆောင်ရွက်နေတာပါ။ လူမျိုး၊ ဘာသာအပေါ်မှာ အခြေ မခံပါဘူး။ တစုံတခု လိုအပ်ချက်အပေါ်မှာ အခြေခံပြီး ဆောင်ရွက်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်း UNICEF အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ရန်ကုန်မြို့က မီကာဆာဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ သူတို့လုပ်ဆောင်ချက်တွေကို အဓိက ရှင်းလင်းတာဖြစ်ပေမဲ့ ၊ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ကုလသမဂ္ဂ လုပ်ငန်းတွေအပေါ် ဘယ်လောက် သက်ရောက်မှုရှိသလဲဆိုတာနဲ့ ရခိုင်လူထုရဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့တွေအပေါ် မကျေနပ်မှုတွေကို သတင်းထောက်တွေက ပိုပြီး စိတ်ဝင်တစား မေးခဲ့ကြတာပါ။

လက်ရှိအားဖြင့်တော့ ပြည်နယ်အစိုးရဝန်ကြီးဌာနတွေ အစိုးရအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ ပါဝင်တဲ့ အရေးပေါ် ပေါင်းစပ်ညှိုနှိုင်းရေးစင်တာဆိုတာ ထားရှိပြီးတော့ လုပ်ငန်းတွေ ချောမွေထိရောက်ရေးကိစ္စရပ်တွေကို ဆွေးနွေး လုပ်ဆောင်နေတယ်လို့ ယူနီဆက် ဌာနေကိုယ်စားလှယ်က ရှင်းပါတယ်။ ဒါပေမဲ့ အကူအညီ လိုအပ်ချက်ဆိုတဲ့ နေရာမှာတော့ မတူညီနိုင်ဘူးလို့ ထောက်ပြပါတယ်။

ပိုပြီး ခက်ခဲကြပ်တည်းတဲ့ အခြေအနေ၊ အသက်ရှင်ဖို့ လိုအပ်ချက် ကွာခြားမှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။ အထူးသဖြင့်ဆိုရင်တော့ ဒုက္ခသည်စခန်းတွင်းက ကလေးငယ်တွေဟာ ရှင်သန်ဖို့ ပိုပြီး ခဲယဉ်းနေတာကြောင့် လိုအပ်ချက် ပိုကြီးနေတယ်လို့ UNICEF က တာဝန်ရှိသူတွေက ပြောပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်ဟာဆိုရင် မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ပြည်နယ်ဖြစ်သလိုပဲ၊ လူမှုရေးဖွံ့ဖြိုးမှု အနိမ့်ကျဆုံး အညွှန်းကိန်းများနှင့် ကြုံတွေ့နေရတယ်လို့ UNICEF ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ရခိုင်ပြည်နယ်အတွင်း ကလေးသူငယ် ရှင်သန်ဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် အချိန်ကာလ ၂ နှစ်စာ အမေရိကန် ဒေါ်လာ ၁၂ သန်း သုံးစွဲသွားဖို့ လျာထားတယ်လို့ UNICEF မြန်မာက ပြောပါတယ်။
XS
SM
MD
LG