သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ရှိ ရိုဟင်ဂျာ ကလေးသူငယ်များ အခြေအနေဆိုး


ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးများ
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးများ

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေဟာ အခြေခံလိုအပ်ချက်တွေ မရရှိဘဲ အကျဉ်းစခန်းအတွင်းမှာလို ဆိုးရွားတဲ့ အခြေအနေတွေအောက်မှာ နေထိုင်နေကြရကြောင်း ကုလသမဂ္ဂ ကလေးငယ်များရံပုံငွေအဖွဲ့ UNICEF ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Lisa Schlein ဂျနီဗာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မနှစ် သြဂုတ်လကုန်ပိုင်းက တကျော့ပြန်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂဘလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazaar ဒေသကို ဒုက္ခသည် ၆ သိန်းခွဲကျော် ထွက်ပြေးသွားခဲ့ကြတာမှာ အဲဒီအထဲက ထက်ဝက်လောက်ဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

UNICEF အဖွဲ့ရဲ့ အကြီးတန်းအကြံပေးတဦးဖြစ်သူ Marixie Mercado ဟာ မြန်မာနိုင်ငံကို မကြာသေးခင်ကဘဲ တလကြာသွားရောက် လေ့လာခဲ့တာပါ။ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို သွားရောက် လေ့လာခွင့်မရတဲ့အတွက် အဲဒီမှာ ကျန်ရှိနေတဲ့ ကလေးငယ်တွေရဲ့ အခြေအနေမှန်ကို သိခိုင်ဖို့ အခက်အခဲရှိနေတယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် ရခိုင်ပြည်အလယ်ပိုင်းမှာ ရှိနေတဲ့ ကလေးငယ်တွေရဲ့ စိတ်ပျက်စရာ အင်မတန်ကောင်းတဲ့ အမြင်တွေကို သိခဲ့ရတယ်လို့ Marixie Mercado က ပြောပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ကလေးငယ် ၆ သောင်းကျော်ဟာ အခုချိန်ထိ ဒုက္ခသည်စခန်းပေါင်း ၂၃ ခုမှာ ပိတ်မိနေကြဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။ သူကိုယ်တိုင် သွားရောက် လေ့လာခဲ့တဲ့ ဒုက္ခသည် စခန်း ၂ ခုအတွင်းက အခြေအနေတွေကို အခုလို ပြောပြပါတယ်။

“စခန်း ၂ ခုဟာ ရေမျက်နှာပြင်အောက်မှာ ရှိနေပါတယ်။ စခန်းထဲမှာ သစ်ပင်တွေလည်း မရှိသလောက်ပါဘဲ။ စခန်းထဲကို ရောက်သွားသွားချင်း ပထမဆုံး သတိထားမိတဲ့အချက်ကတော့ အင်မတန် ဆိုးရွားလှတဲ့အနံ့ ဖြစ်ပါတယ်။ စခန်းရဲ့ အစိတ်အပိုင်း တချို့မှာ ရေပုပ်ကန်တွေ ရှိနေပါတယ်။ လူနေစရာ စခန်းတွေကလည်း အမှိုက်ပုံနဲ့ အိမ်သာတွေပေါ်မှာ ယိုင်တိယိုင်နဲ့ ဆောက်ထားပေးတာ ဖြစ်ပါတယ်။ စခန်းတခုထဲမှာတော့ လူတွေရေခပ်သုံးတဲ့ကန်နဲ့ မိလ္လာအညစ်အကြေးတွေ စွန့်ပစ်ထားတဲ့ကြွင်းအကြားမှာ ရွံ့နဲ့ကာထားတဲ့ နံရံလေး တခုဘဲ ရှိပါတယ်။”

ကလေးငယ်တွေဟာလည်း ဖိနပ်မပါဘဲ နွားချည်းအိုင်တွေထဲမှာ လျှောက်သွားနေကြတာကြောင့် မတော်တဆ ထိခိုက်မှုဖြစ်တာနဲ့ ရောဂါဘယတွေကြောင့် သေဆုံးကြရတယ်လို့လည်း Mercado က ပြောပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ ဆေးကုသမှု ခံယူရေးအတွက် စခန်းထွက်ကနေ ထွက်ခွင့်ရဖို့ အင်မတန် ခက်ခဲတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အများစုဟာ ရိုးရာကုထုံးတွေ၊ သင်တန်း အသေချာ တက်မထားတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ကိုယ်တိုင်ဖော်စပ်တဲ့ ဆေးမြီးတိုတွေအပေါ် မှီခိုအားထားနေရတယ်လို့ ဆိုပါတယ်။

အခြေခံနေထိုင်မှု အခြေအနေတွေနဲ့ အသက်ကယ်နိုင်မယ့် ဝန်ဆောင်မှုလုပ်ငန်းတွေ အရေးတကြီးလိုအပ်နေကြောင်းလည်း Mercado က ပြောပါတယ်။ ဒါ့အပြင် ကလေးငယ်တွေဟာ ပညာသင်ကြားခွင့်မရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေဟာ ဖြစ်ကတတ်ဆန်း တည်ဆောက်ထားတဲ့ ယာယီ စာသင်ခန်းတွေ ပညာသင်နေကြရပြီး သူတို့ကိုတော့ ကောင်းမွန်စွာ သင်တန်းတက်ထားခြင်းမရှိတဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာတွေက သင်ကြားပေးနေကြတယ်လို့ UNICEF အဖွဲ့ရဲ့ အကြီးတန်း အကြံပေး Marixie Mercado က ပြောပါတယ်။

ရခိုင်ရှိ ရိုဟင်ဂျာ ကလေးသူငယ်များ အခြေအနေဆိုး
please wait

No media source currently available

0:00 0:02:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG