သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း


လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း
လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း

စစ်မှန်တဲ့ပြည်ထောင်စုကို လက်တွေ့ တည်ဆောက် အကောင်အထည် ဖော်နိုင်မယ့် အခြေအနေတွေ တွေ့နေရပြီ ဆိုပြီး ဒီကနေ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန် ကတော့ ပြည်ထောင်စုအတွက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ မြန်မာပြည် တဝှမ်းက ပြည်ထောင်စုနေ့ အခမ်းအနားတွေ အပြင် လက်တလော တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကေအိုင်အိုက ဘယ်လို တုံ့ပြန် ပြောကြားလိုက်သလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ ၁၉၉၈ ခုနှစ် နောက်ပိုင်းမှာ လက်တွဲမဖြုတ်ဘဲ မြန်မာ့ နိုင်ငံရေးလောကမှာ အတူလက်တွဲ လုပ်ဆောင်နိုင်ခဲ့တာကို ကြည့်ရင် တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို တည်ထောင်နိုင်တယ်ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ယုံကြည်မှု ရှိတယ် ဆိုပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ပြုလုပ်တဲ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပြောသွားပါတယ်။ ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေဟာ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပါတီဖျက်သိမ်းခံရတာတွေ ဖမ်းဆီးခံရတာတွေ ရှိနေပေမဲ့ အန်အယ်လ်ဒီနဲ့ တသားတည်း ရပ်တည်ခဲ့ကြတယ်လို့လည်း ပြောသွားပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ ပြည်ထောင်စုကို ဘယ်လို သွားကြမလဲ ဆိုတာကိုလည်း အခုလို ပြောဆိုလိုက်ပါတယ်။

“ပင်လုံစာချုပ်ကို အခြေခံဟာ ပြည်ထောင်စု တိုင်းရင်းသား အားလုံးကြားထဲမှာ ယုံကြည် စိတ်ချမှု၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု၊ တစ်ဦးပေါ်တစ်ဦး သစ္စာရှိမှုအပေါ်မှာ အခြေခံတာပါ။ ဒါကြောင့် အခုထိ တိုင်းရင်းသားများက နောင် ပြည်ထောင်စုတစ်ခုကို၊ နောင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို တည်ထောင်ဖို့ ဆိုတာဟာ ပင်လုံစာချုပ်ရဲ့ စိတ်ဓါတ်၊ ပင်လုံစာချုပ် အပေါ်မှာ အခြေခံရမယ်လို့ ထပ်တလဲလဲ ပြောနေတာ ဒီဟာတွေကြောင့် ဖြစ်တယ်လို့ ကျမတို့ ထင်ပါတယ်။”

တိုင်းရင်းသား ပါတီတွေလည်း ဒီကနေ့ ရန်ကုန်မြို့တော်မှာ ပြည်ထောင်စုနေ့ အထိမ်အမှတ်ပွဲ ကျင်းပခဲ့ကြပါသေးတယ်။ ညနေပိုင်းမှာ ကျင်းပတဲ့ ဒီပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့လည်း ရခိုင်တိုင်းရင်းသား ပါတီက ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ပင်လုံညီလာခံက မျှော်မှန်းခဲ့တဲ့အတိုင်း ဒီကနေ့ ရောက်နေသလား၊ မရောက်ဘူးလား ဆိုတာကို ပြန် သုံးသပ်ဖို့လိုတယ် ဆိုတာကို ကိုယ့်အမြင် သူ့အမြင်နဲ့ သုံးသပ် ဝေဖန်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတဲ့အခါမှာလည်း စစ်မှန်တဲ့ ပြည်ထောင်စုကို ကျမတို့ တည်ဆောက်ဖို့ လိုပြီဆိုတာကို သူ ညွှန်း ဖော်ပြသွားတာ တော်တော်လည်း တိုင်းရင်းသားတွေ လက်ခုပ်သြဘာ တီးကြပါတယ်။”

နိုင်ငံတော် စစ်တပ် အင်အားကို ခိုင်မာတောင့်တင်းအောင် သားစဉ်မြေးဆက် တည်ဆောက်ထားဖို့ စစ်တပ် အင်အား မကောင်းရင် တိုင်းရင်းသား ပြည်သူတွေ အနေနဲ့ အင်အားကြီး နိုင်ငံတွေရဲ့ အနိုင်အထက် ပြုကျင့်တာကို ခံရမှာ ဖြစ်တယ်၊ ဒါကြောင့် မြန်မာ့ တပ်မတော်ကို ခေတ်မီတပ်မတော် ဖြစ်အောင် ဖွဲ့စည်းတာမှာ တိုင်းရင်းသား အားလုံး ပါဝင် လုပ်ဆောင်ရမယ်လို့ ဒီကနေ့ ပြည်ထောင်စုနေ့ သဝဏ်လွှာ အဖြစ်နဲ့ သမ္မတ ဦးသိန်းစိန်က ပြောကြားပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ကြဖို့လည်း သူက တိုက်တွန်းထားတာပါ။

ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်းကတော့ မြန်မာ အစိုးရက ပြောဆိုနေတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်လိုတယ် ဆိုတာကို သံသယ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

“မနှစ်တုန်းက မတ်လ ၃၀ ရက်နေ့ကနေ ဒီအစိုးရ တက်လာတယ်။ အဲဒီနေ့ကနေ စပြီးတော့မှ ငြိမ်းချမ်းရေးက သူ ပြောနေတာပဲ။ နောက် တပြည်လုံးက လူတွေကိုလည်း ခေါ်တယ်။ နောက် သူ့ရဲ့စစ်ဗိုလ်ချုပ်တွေကိုလည်း အမိန့်ပေးတယ်။ အပစ်အခတ် ရပ်စဲဖို့ရာ ပြန်ပြီးတော့ ခေါ်ယူဖို့ ဆိုပြီးတော့ အဲဒီ အမိန့်ပေးတဲ့ စစ်တပ်တွေကတော့ ပိုပြီးတော့ ပို့တယ်၊ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျနော်တို့ဘက်မှာ ဘယ်လောက် အချင်းချင်း သတ်ဖြတ်ကြသလဲ။ အဲဒီတော့ သူကတော့ နေပြည်တော်မှာ အော်နေတယ်။ ပြည်ထောင်စု စိတ်ဓါတ် မွေးမြူပြီးတော့မှ ကျနော်တို့ တိုင်းပြည်ဟာ ငြိမ်းချမ်းလာတာကို ကျနော်တို့ မြင်ချင်ပါတယ်။ ငြိမ်းချမ်းလာတာကို ကျနော်ကတော့ ခံစားရတာ မျက်စိအားဖြင့်သော်လည်းကောင်း ခံစားချက်ကို လိုချင်ပါတယ်။ ဒါကြောင့် ကျနော်တို့က လွန်ခဲ့တဲအချိန်ကို ထားလိုက်ပါ။ အခု ပြည်ထောင်စုနေ့ကစပြီး ရှေ့ရှုပြီးတော့မှ အပြောနဲ့အလုပ် လက်တွေ့ ညီပါစေ။”

ဒီအစိုးရ တက်လာပြီးတဲ့ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီမှုတွေ ရရှိထားပေမဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အိုနဲ့တော့ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် ပျက်ပျယ်ခဲ့ပြီး စစ်ရေး တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG