သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုနေ့ အခမ်းအနား KIO တက်မည်မဟုတ်


ကချင်လက်နက်ကိုင်အဖွဲ့ စစ်သားများ လိုင်ဇာဌာနချုပ်အနီးတောင်ကုန်းတခုမှာ ကင်းစောင့်နေစဉ်။
ကချင်လက်နက်ကိုင်အဖွဲ့ စစ်သားများ လိုင်ဇာဌာနချုပ်အနီးတောင်ကုန်းတခုမှာ ကင်းစောင့်နေစဉ်။
မြန်မာအစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ကြား အပစ်အခတ်ရပ်စဲရေးအတွက် သဘော တူညီချက် မရသေးတာကြောင့် KIO ကချင်လွတ်လပ်ရေးအဖွဲ့ကတော့ ပြည်ထောင်စုနေ့ အခမ်း အနားကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ကို ဖိတ်ကြားထားပြီး အများစုက အခမ်းအနား တက်ရောက်ဖို့ကို လက်ခံထားပေမဲ့ KIA ဘက်တော့ တက်ရောက်ဖို့ ငြင်းပယ်လိုက်တာဖြစ်ပါတယ်။ ဘာကြောင့် KIO အဖွဲ့က တက်ရောက်ဖို့ ငြင်းဆိုထားသလဲ ဆိုတာကိုတော့ ဗွီအိုအေ မြန်မာပိုင် းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားကို အပစ်ခတ်ရပ်စဲထားတဲ့ အဖွဲ့တွေ အပါအဝင် အပစ်အခတ် မရပ်စဲသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြား ထားတာဖြစ်ပါတယ်။

အခုလို ဖိတ်ကြားထားတဲ့အကြောင်းကို အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် အခုလို အတည်ပြုပြောပါတယ်။

“ မှန်ပါတယ်ခင်ဗျာ။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်စာ ပို့ထား ပါတယ်။ အပစ်အခတ် ရပ်စဲဖို့ သဘောတူချက်ရထားပြီး ဆက်လက်ဆွေးနွေးနေတဲ့ အဖွဲ့တွေပါသလို KIO အဖွဲ့ကိုလည်း ဖိတ်ကြားထားပါတယ်ခင်ဗျ။ နောက်ပြီး သမ္မတကြီးအနေနဲ့ ကတော့ သူ့ရဲ့ နှစ်သစ် ကူး မိန့်ခွန်းထဲ ပါသလိုပါပဲ - အားလုံး စုံစုံညီညီနဲ့ နိုင်ငံ့ အနာဂတ်ရေးတွေ ဆွေးနွေးနိုင်မယ် ဆိုတဲ့ သဘောမျိုးနဲ့ တွေ့တာ ဖြစ်ပါတယ်။”

ဒီဖိတ်ကြားစာကိုတော့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) က တဆင့် အဓိက တာဝန်ယူ ဖိတ်ကြားထားတာလည်း ဖြစ်ပါတယ်။ ဖိတ်ကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ချင်း ၊ နာဂ၊ ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ ဝ၊ လားဟူ အဖွဲ့တွေပါဝင်သလို အပစ်အခတ်မရပ်စဲသေးတဲ့ ကချင် လွတ်လပ်ရေးအဖွဲ့ KIO၊ ပလောင်လွတ်မြောက်ရေးတပ်ဦး စတာတွေလည်း ပါဝင်တာဖြစ်ပါတယ်။

ဖိတ်ကြားထားတဲ့အဖွဲ့တွေထဲမှာတော့ KIOကတော့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် နိုင်မှာ မဟုတ်ကြောင်း KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က အခုလို ပြောပါတယ်။

“ကျနော်တို့က အခုလို အခြေအနေမျိုးမှာ သွားတက်ဖို့ဆိုရင် မသင့်တော်ဘူးထင်တယ်၊ ဒါကြောင့်မို့ ကျနော်တို့ မတက်တော့ဘူးလို့ စာပြန်လိုက်တယ်။ အခုလို အခြေအနေမျိုးဆိုတာက တိုက်ပွဲတွေ ဖြစ်နေတယ်။ တခြား အဖွဲ့အစည်းတွေက cease fire လုပ်ပြီးတော့ သူတို့က လာတက်လို့ ကောင်းတယ် လေ။ ကျနော်တို့က ceasefire လည်း မလုပ်သေးဘူး။ ဒီအတိုင်းသာ သွားတက်မယ်ဆိုရင်တော့ မသင့်တော်ဘူးလို့ ထင်တယ်။ ဒါကြောင့်မို့ ကျနော်တို့က အခုလို အခြေအနေမျိုးမှာ မတက်နိုင်သေးဘူးလို့ စာပြန်လိုက်တာ။”

Myanmar Peace Center က တာဝန်ရှိသူတယောက်ကတော့ ဖိတ်ကြားထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအတော်များများက တက်ရောက်ဖို့ ပြန်ကြားထားတယ်လို့ ပြောဆိုပေမဲ့ အတိအကျတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကလည်း သူအနေနဲ့ KIO ရဲ့ ပြန်ကြားချက်ကို တရားဝင် မသိရသေးတာကြောင့် တစုံတရာ မှတ်ချက်ပေးဖို့ မရှိသေးကြောင်း ပြောဆိုပါတယ်။

KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်း ကော်မတီတို့ဟာ ဒီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲအပြီးမှာ နှစ်ဘက် စစ်ရေးတင်းမာမှုတွေ လျှော့ချနိုင်ဖို့၊ ခိုင်မာတဲ့စစ်ပြေငြိမ်းရေး ကို ဖော်ဆောင်နိုင်ဖို့အတွက် ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ စောင့်ကြည့်လေ့လာရေးစနစ်တွေ ထားရှိဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက် ဆောင်ရွက်သွားဖို့ သဘောတူကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ ဖေဖော်ဝါရီလ နောက်ဆုံး ပတ်လောက်မှာ ထပ်မံဆွေးနွေးကြဖို့လည်း သဘောတူထားပါတယ်။
XS
SM
MD
LG