သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တလင် တမယား ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု


ပြည်ထောင်စုလွှတ်တော် နေပြည်တော်။
ပြည်ထောင်စုလွှတ်တော် နေပြည်တော်။

တလင်တမယား ဥပဒေကြမ်းအရ တရားဝင် အိမ်ထောင် ရှိရက်နဲ့ နောက်အိမ်ထောင် တရားဝင်ပြုပါက ဥပဒေအရ အရေးယူနိုင်သလို တရားဝင်လက်ထပ်ခြင်း မရှိဘဲ လင်မယား အဖြစ် နေထိုင်ပါကလည်း ဥပဒေကြောင်းအရ အရေးယူတော့ မှာဖြစ်ပါတယ်။ ဒီအချက်ကို နိုင်ငံတော်သမ္မတက ဥပဒေကြမ်းမှာ ထပ်ဖြည့်ဖို့ တင်ပြခဲ့တာပါ။ ဒီအချက် အတိုင်း လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်တာပါ။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခက ပေးပို့ထား ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတကနေ သဘောထား မှတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးခဲ့ပါတယ်။ ဒီဥပဒေဟာ လွှတ်တော် ၃ခုစလုံးမှာ အကျေ အလည်ဆွေးနွေးပြီးသားဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကို နိုင်ငံတော် သမ္မတဆီကို တင်ပြတာမှာ နိုင်ငံတော်သမ္မတ က ပြန်လည်ပြင်ဆင်လိုတဲ့အချက်တွေကို လွှတ်တော်ကိုပြန်လည်ပေးပို့ခဲ့တဲ့အပေါ်အခုလို ပြန်လည်ဆွေးနွေးခဲ့တာပါ။

နိုင်ငံတော်သမ္မတက ဒီဥပဒေမှာ မူလကပါဝင်ဖော်ပြထားတဲ့ တရားဝင် အိမ်ထောင်ရှိရက် နဲ့ နောက်အိမ်ထောင် တရားဝင်ပြုပါက ဥပဒေအရ အရေးယူနိုင်တယ် ဆိုတဲ့ အချက် အပြင် တရားဝင် လက်ထပ်ခြင်းမရှိဘဲ လင်မယား အဖြစ် နေထိုင်ခြင်းကိုပါ ဥပဒေကြောင်းအရ အရေးယူဖို့ ထပ်မံဖြည့်ထားတဲ့အပေါ် မဲခွဲဆုံးဖြတ်ခဲ့တာမှာ ထပ် ဖြည့်တဲ့ဘက်က မဲအသာကြောင့် အခုလိုအတည်ဖြစ်တာပါ။

"ဥပဒေကို ရှောင်လွှဲပြီးတော့ လင်မယားအဖြစ် နေထိုင်ပေါင်းသင်းခြင်းများ ရှိလာနိုင်သောကြောင့်ဖြစ်ပါတယ်။ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း အမျိုးသားသည် အခြားနေရာတခုခုမှာ နောက်ထပ် Living Together နေထိုင်မှုများ ဖြစ်ပေါ် လာနိုင်ပါတယ်။ ဖြစ် လည်း ဖြစ်ပွားလျက် ရှိနေပါတယ်။ Living Together များစွာဖြစ်ပေါ်လာသည့်အချိန်တွင် အမျိုးသမီးရဲ့ ရှေ့အနာဂတ်အတွက်လည်းကောင်း၊ ရရှိလာသော ကလေးသူငယ်များအတွက်လည်းကောင်း ဥပဒေအတည်ပြုသည့်နေ့က စပြီး မြန်မာအမျိုးသမီးများအတွက် နစ်နာမှုများစွာ ရှိလာနိုင်တဲ့အတွက် ဖြည့်စွက် သင့်ကြောင်း အတည်ပြုပြဋ္ဌာန်းပေးနိုင်ပါရန် လွှတ်တော်ကို တင်သွင်းအပ်ပါတယ်ရှင်။"

တာမွေမဲဆန္ဒနယ်ပြည်ခိုင်ဖြိုးပါတီဝင်ပြည်သူ့လွှတ်တော်အမတ် ဒေါ်လဲ့လဲ့ဝင်းဆွေက အခုလို သမ္မတဖြည့်စွက်မှုကို ခုလိုထောက်ခံလိုက်တာပါ။

ဥပဒေကြမ်းအရ ယောကျာ်း (သို့) မိန်းမတဦးဦးဟာ တရားဝင် လက်ထပ်ထိမ်းမြား ထားခြင်း ရှိလျက်နဲ့ နောက်ထပ် အိမ်ထောင်ပြုပါက အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူတဦးအဖြစ် ပြစ်မှုကျူးလွန်ရာ ရောက်ပါတယ်။ ခုလက်ရှိ ထပ်တိုးချက်အရ တရားဝင် လက်ထပ်ခြင်းမရှိဘဲ လင်မယား အဖြစ်နေထိုင်ပေါင်းသင်းပါက လည်းပြစ်မှုကျူးလွန် ရာရောက်ပြီး ဥပဒေကြောင်းအရ အရေးယူခံရတော့မှာပါ။

သမ္မတက ပြည်ထောင်စုလွှတ်တော်ကနေဆွေးနွေးပြီးတဲ့ ဒီဥပဒေကို ပြင်ဆင်ချက် ၆ချက် ပြင်ဆင်ဖို့ ပြန်လည်ပေးပို့ ခဲ့တာဖြစ်ပါတယ်။ ဒီပြင် လွှတ်တော်က လက်ခံ ထားတဲ့ ဥပဒေကြမ်းမှာ တရားမဝင်တဲ့ ဇနီးကနေမွေးလာတဲ့ တရားမဝင် သားသမီးတွေကို အမွေဆက်ခံခွင့် ရှိသည်ဆိုတဲ့ စကားရပ်ကို ထည့်သွင်းထားတဲ့ အပေါ်သမ္မတက ဒီအချက်ကို ပယ်ဖျက်ဖို့ မှတ်ချက် ပေးထားပါတယ်။

သမ္မတ တင်ပြချက်က တည်ဆဲအမွေဆက်ခံခွင့်ဥပဒေအရ တရားမဝင် သားသမီးတွေမှာ အမွေ ဆက်ခံခွင့်မရခြင်းနဲ့ အခုဥပဒေကြမ်းမှာ တရားမဝင် ကလေးသူငယ်တွေ အနေနဲ့ ကလေးသူငယ် အခွင့်အရေးအပြည့်အဝ ပေးရန် ဆိုတဲ့အချက်တွေပါ တာကြောင့် ဒီအချက်ကိုဖြုတ်ဖို့ တင်ပြတယ်လို့ ပြည်ထောင်စု ဥပဒေကြမ်းကော်မတီက ပြောပါတယ်။ ဒီလိုပြင်ဆင်ချက်ကို ဒီအပေါ်မှာလည်းမဲခွဲဆုံးဖြတ်ချက်အရ သမ္မတတင်ပြချက်ဘဲ အတည်ဖြစ်ခဲ့ပါတယ်။

ဒီလို ပြင်ဆင်မှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင် ကတော့ အမျိုးသမီးတွေနဲ့ ကလေး တွေရဲ့ အခွင့်အရေးတွေကို ဒီဥပဒေက ချိုးဖောက်ထားတယ်လို့ အခုလိုသုံးသပ်ပါတယ်။

" နောက်အိမ်ထောင်လည်း ပြုလို့မရဘူး။ နောက်အိမ်ထောင်လည်းမပြုနဲ့ အကယ်လို့ နောက်အိမ်ထောင်ပြုခဲ့ရင် နောက်အိမ်ထောင်ရဲ့ ယောကျား သို့မဟုတ် မိန်းမ သေသွားရင် ဒီလူတွေဟာ အခွင့်အရေးကို လုံးဝ ခံစားခွင့်မရှိဘူး။ နောက်တခု က သူတို့ အခွင့်အရေး ခံစားခွင့် မရှိယုံ မကဘူး။ သူတို့ကမွေးလာတဲ့ ကလေးတွေကလည်း လုံးဝ အကျိုးခံစားခွင့်မရှိဘူး။ အကယ်လို့ ဒီလိုသာ လုပ်မယ်ဆိုရင်တော့ တရားမဝင် နေထိုင်ရင်သာ နေထိုင်မယ် ကလေးမွေးလာလို့ရှိရင် မွေးချင်ကျမှ မဟုတ်ဘူး အဲ့ဒီ့အတွက်ကြောင့်မို့လို့ ကိုယ်ဝန်ဖျက်မှုတွေ မွေးကင်းစကလေးတွေ စွန့်ပစ်မှုတွေ ကျမတို့တိုင်းပြည်မှာ များလာလိမ့်မယ်လို့ ကျမကတော့ ဒီလိုပဲမြင်တယ်ရှင့်။

အတည်ပြုလိုက်တဲ့ ဒီဥပဒေမှာ ပုဒ်မ ၂၀ ပါဝင်ပါတယ်။ ဒီဥပဒေဟာ မြန်မာနိုင်ငံ တွင်း နေထိုင်သူ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားတွေ အပြင်မြန်မာနိုင်ငံ တွင် နေထိုင်စဉ် နိုင်ငံသား နဲ့ လက်ထပ်တဲ့ နိုင်ငံခြားသားတွေ အပေါ်မှာပါ အကျုံးဝင် သက်ရောက်ဖို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဒီဥပဒေကြမ်းဟာ မျိုးစောင့်ဥပဒေ ၄ ခုထဲမှာ ၁ ခု အပါအဝင်ဖြစ် တာကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူ တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။ မျိုးစောင့်ဥပဒေ ၄ ခုအနက် လူဦးရေ ထိန်းချုပ်မှုဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာ သာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတို့ကို သမ္မတက လက်မှတ်ထိုးပြီးဖြစ်ပါတယ်။

တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကလည်း မကြာခင် အတည်ဖြစ်တော့ မှာဖြစ်ပါတယ်။ မျိုးစောင့်ဥပဒေ ၄ ခုထဲမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ တခုထဲသာ လွှတ်တော်တွင်းဆွေးနွေးနေ ဆဲဖြစ်တယ်လို့ လွှတ်တော်အမတ်တွေကပြောပါတယ်။

XS
SM
MD
LG