သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင် စာရင်း တင်သွင်း


ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။
ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။

သမ္မတသစ် ဦးထင်ကျော်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ကို ဖဲ့ွစည်းနိုင်ဖို့ ခုံရုံး ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၉ ဦးတို့ရဲ့အမည်စာရင်းကို ပြည်ထောင်စု လွတ်တော် နာယကထံ ဒီကနေ့ ပေးပို့ခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့မှာ NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်တဦးသာ ပါဝင်ပါတယ်။ နောက်ပိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်မှာ တင်ပြခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး (၁၈) ဦး အမည် စာရင်းကို ကန့်ကွက်မည့်သူ မရှိပဲ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ ဒီသတင်းတွေ ကို ဗွီအိုအေမြန်မာပိုင်းကမေခက ပေးပို့ထားပါတယ်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၂၀ နဲ့အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ကို ဖဲ့ွစည်းနိုင်ဖို့ ခုံရုံး ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၉ ဦးတို့ရဲ့ အမည်စာရင်းကို သမ္မတသစ် ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော် နာယကထံ ပေးပို့ခဲ့ပါတယ်။

ဒီအဆိုပြုသူတွေမှာ ပြင်ပက သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပညာရှင်အများစုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး NLDပါတီက လွှတ်တော် ကိုယ်စားလှယ်တဦးသာ ပါဝင်ခဲ့ပါတယ်။ ၉ဦးထဲ မှာ အရင်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့က အဖွဲ့ဝင်ဟောင်း ၂ ဦးဖြစ်တဲ့ ဦးမြင့်ဝင်း နဲ့ ဒေါ်လှမျိုးနွယ်တို့ပြန်လည် ပါဝင်လာပါတယ်။

" နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ထားတဲ့ အဖွဲ့ဝင်သုံးဦးကတော့ ၁။ ဦးညီညီ ၂။ ဦးမြင့်ဝင်း ၃။ ဦးမျိုးမြင့် ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားတဲ့ အဖွဲ့ဝင်(၃)ဦးကတော့ ၁။ ဦးမျိုးညွန့် ၂။ ဦးခင်မောင်ချို ၃။ ဒေါ်ခင်ဋ္ဌေးကြွယ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားတဲ့ အဖွဲ့ဝင်သုံးဦးကတော့ ၁။ ဦးတွာလ်ကျင်ပေါင် ၂။ ဒေါ်လှမျိုးနွယ် ၃။ ဦးကျော်ဆန်းတို့ဖြစ်ပါတယ်။ အထက်ပါပုဂ္ဂိုလ် ၉ ဦးအနက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ရွေးချယ်ထားတဲ့ ဦးမျိုးညွန့်အား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ဖို့ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားပါတယ်။ "

ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက အခုလို လွှတ်တော် မှာ ပြောဆိုလိုက်တာပါ။

ဒီအဖွဲ့ဝင် ၉ ဦးထဲက ဦးမျိုးညွှန့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ဥက္ကအဖြစ် တာဝန်ပေးအပ်ဖို့ သမ္မတသစ် ဦးထင်ကျော်က လွှတ်တော်ကို အဆိုပြုထား ပါတယ်။ ဒီဥပဒေ ခုံရုံးအဖွဲ့ကို ရွေးကောက်ခံ သမ္မတ က ရွေးချယ်ထားတဲ့အဖွဲ့ဝင် (၃) ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ က ရွေးချယ်ထားတဲ့ အဖွဲ့ဝင် (၃) ဦးနဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားတဲ့ အဖွဲ့ဝင် ၃ ဦး စုစုပေါင်း အဖွဲ့ဝင် (၉) ဦးနဲ့ ဖွဲ့စည်းဖို့ အဆိုပြု ခဲ့တာလည်း ဖြစ်ပါတယ်။

ခုံရုံးအဖွဲ့ထဲမှာ ပါတဲ့ အဖွဲ့ဝင်တွေရဲ့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ပတ်သတ် ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စိစစ် ထားတယ် လို့ ပါတီရဲ့ပြန်ကြားရေးတာဝန်ခံ ဒေါက်တာဇော်မြင့်မောင်က ခုလိုပြောပါတယ်။

" အကုန်လုံးကတော့ ဥပဒေပညာရှင်တွေကိုပဲ ခန့်အပ်တာပါခင်ဗျ။ အဟောင်းတွေလည်း ပါတယ်။ အသစ်တွေလည်း ပါတယ်။ အကုန်လုံးကတော့ ဥပဒေပညာရှင်တွေပါပဲ ပညာရှင်တွေကို ဝိုင်းဝန်းထောက်ခံပြီးတော့ မှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တွေ့ဆုံမေးမြန်းပြီးတော့မှသာ ဒီစာရင်းတွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်ခင်ဗျ။"

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ မှာ တာဝန်ထမ်းဆောင်ဖို့ အဆိုပြုခံရသူ NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က တည်ဆဲနိုင်ငံဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်မယ်လို့ ဗွီအိုအေကိုခုလိုပြောပြပါတယ်။

" အခုကတော့ နာမည်စာရင်းတင်တာပဲ ရှိသေးတယ်လေ။ အတည်ပြုသေးတာ မဟုတ်သေးဘူးပေါ့နော်။ တာဝန်ပေးအပ်လာမယ် ဆိုလို့ရှိရင် နိုင်ငံတော် နဲ့ နိုင်ငံသား ပြည်သူပြည်သားတွေရဲ့ အကျိုးအတွက် ဥပဒေဘောင်အတွင်းက တတ်နိုင်သလောက် ကြိုးစားပြီးတော့ ဆောင်ရွက်သွားမယ်လို့ ကျမပြောချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေရယ် နောက်ပြီးတော့ ခုံရုံးဥပဒေတွေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ အညီပေါ့နော်။ အဲ့တာကိုပဲ ဆောင်ရွက် ရမှာဖြစ်ပါတယ်။ ခုံရုံးကိုတက်လာမယ့်ဥပဒေဆိုတာ ဘယ်လိုဥပဒေဆိုတာ အန်တီတို့က လောလောဆည်တော့ မသိသေးဘူးပေါ့နော်။ ဘာပဲ တက်လာ တက်လာပေါ့နော် ပြဋ္ဌာန်းထားတဲ့ ဥပဒေဘောင်ထဲကပဲ အဖွဲ့ဝင်ကိုးယောက်စလုံးက တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ရမှာဖြစ်ပါတယ်။"

သမ္မတသစ်ကပြီးခဲ့တဲ့ ရက်ပိုင်းတွင်းက တင်သွင်းထားတဲ့ ပြည်ထောင်စုဝန်ကြီး (၁၈) ဦး အမည်စာရင်းကိုလည်း ဒီကနေ့လွှတ်တော်မှာ ကန့်ကွက်မည့်သူ မရှိဘဲ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ အတည်ပြုလိုက်တဲ့ သူတွေက ဘယ်ဝန်ကြီး ဌာနတွေမှာ တာဝန်ယူရမလဲ ဆိုတာကိုတော့ တရားဝင် မသိရှိရသေးပါဘူး။

ဒီအဆိုပြုခံရတဲ့သူတွေထဲမှာ ပညာရေးနောက်ခံ အချက်အလက် တွေကြောင့် အငြင်းပွားဖွယ် ဖြစ်နေရတာတွေ ရှိသလို လူမှုရေး စွပ်စွဲခံရတာအချို့ကြောင့်လည်း အငြင်းပွားဖွယ်ရာ တချို့လည်း ရှိနေပါတယ်။

ဒေါက်တာ သန်းမြင့်၊ ဒေါက်တာကျော်ဝင်း တို့ကို ပညာရေးနောက်ခံ အချက်အလက်တွေကြောင့် စွပ်စွဲမှုတွေ ရှိခဲ့ပြီး သူရဦးအောင်ကို လူမှုရေး စွပ်စွဲချက်တချို့နဲ့ စွပ်စွဲတာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ သူတို့တွေကို ကန့်ကွက်သူမရှိတာကြောင့် အတည်ပြုခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

ဒီလိုစွပ်စွဲမှုတွေ ရှိလာတဲ့အပေါ် NLD ပါတီဘက်ကို ဆက်သွယ်မေးမြန်းတာမှာ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကတော့ ဒါကို ထုတ်ဖော်ပြောဆိုဖို့ ဖြေရှင်း ချက်ပေးဖို့ငြင်းဆိုပါတယ်။

ဒီကနေ့မှာ တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ကို ဖဲ့ွစည်းနိုင်ဖို့ ခုံရုံး ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၉ ဦးတို့ရဲ့အမည်စာရင်းကို စိစစ်သွားမှာဖြစ်ပြီး အဖွဲ့ဝင် အရည်အချင်း မပြည့်စုံဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးက မနက်ဖြန် မတ်လ (၂၅) ရက်နေ့ ညနေ (၄) နာရီ မတိုင်ခင် ပြည်ထောင်စု လွတ်တော်ရုံး ကို ပေးပို့ ကန့်ကွက်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါတွေကို လာမယ့် မတ် ၂၈ရက်မှာ အတည်ပြုသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG