သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပုံရိပ်ထိခိုက်စေသော အချက်နှစ်ရပ်အပေါ် မြန်မာဝန်ကြီး တုန့်ပြန်ချက်


ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်းတွင် တွေ့ရသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်။ စက်တင်ဘာ ၂၉၊ ၂၀၁၈။
ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်းတွင် တွေ့ရသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်။ စက်တင်ဘာ ၂၉၊ ၂၀၁၈။

ရခိုင်ပြည်နယ်မြောက်ပိုင်း အဖြစ်အပျက်ကို genocide လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အမေရိကန် အောက်လွှတ်တော်အမတ်တချို့က တွန်းအားပေး လုပ်ဆောင်နေတာနဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ထောင်ဒဏ်ချမှတ်တဲ့ အပေါ် နိုင်ငံတကာက ဖိအားပေးနေတာ တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကို ဒေါ်ခင်စိုးဝင်းက နယူးယောက်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျူးလွန်ခဲ့တယ်လို့ဆိုတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမေရိကန်နိုင်ငံခြားရေးဌာနက Ethnic Cleansing လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု လို့ သုံးနှုန်းနေဆဲဖြစ်ပြီး အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီက Genocide လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ခေါ်ဆိုသတ်မှတ်ဖို့ တွန်းအားပေး လုပ်ဆောင်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ကို ဒေါ်ခင်စိုးဝင်းက နယူးယောက်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ရပ်တည်မှုအနေအထားပေါ့ … အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သဘောအရဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံမှာ အခုဖြစ်နေ တဲ့ ဒုက္ခသည်အရေးဟာ ethnic cleansing ပေါ့၊ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရေး အဆင့် အနေနဲ့သာ သုံးနှုန်းပြောဆိုတာ ရှိပါတယ်။ ဒါပေမဲ့ ဒီဟာနဲ့ပတ်သက်ပြီး အမေရိကန် အောက်လွှတ်တော်ကနေပြီးတော့ နိုင်ငံခြားရေး ရာကော်မတီဥက္ကဌ Ed Royce ရယ်၊ လွှတ်တော်အမတ် Steve Chabot နဲ့ Eliot Engle တို့က ဦးစီးပြီးတော့ ပါတီကြီးနှစ်ရပ်စလုံးရဲ့ အရေးယူမှုတရပ်အနေနဲ့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်နှိပ်ကွပ်မှုတွေကို genocide လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကြေညာဖို့၊ ဆုံးဖြတ်ဖို့အရေးကို တင်ထားတာရှိပါတယ်။ အမေရိကန်နဲ့ မြန်မာအကြားမှာ ဒီဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီးတော့ သဘောထား တင်းမာ လာနိုင်သလား၊ ဒါမှမဟုတ် အမေရိကန်နဲ့ဆက်ဆံရေး ဘယ်လိုများဖြစ်သွားနိုင်ပါလဲ၊ ဝန်ကြီး ဘယ်လို သုံးသပ်လို့ရပါလဲရှင့်။

ဖြေ။ ။ “အခုဖြစ်ပျက်နေတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရွေ့လာတဲ့ကိစ္စကို ဘယ်လို နည်းနဲ့ သတ်မှတ်ကြလဲ … ethnic cleansing တို့၊ genocide တို့ ဒီလို လွန်လွန်ကျူးကျူး အသုံးတွေနဲ့ သုံးတာမျိုးဟာ ဒေါက်တာ ကိုဖီ အာနန် ပြောသွားဖူး ပါတယ်၊ ဒီလိုစကား အသုံး အနှုန်းတွေကိုတဲ့ လက်လွတ်စပယ် မပြောသင့်ဘူးပေါ့ နော် … ဒါမျိုးဆိုတာကတဲ့ သက်ဆိုင်ရာ အထောက်အထားခိုင်လုံမှ တရားရုံးတွေကပဲ ဆုံးဖြတ်ပြီး ပြောလို့ရတဲ့ဟာမျိုး ဖြစ်ပါတယ်လို့ အဲဒီလိုမျိုး ပြောသွားဖူးပါတယ်၊ သတင်းထောက် တယောက်ကို။

“အဲဒီတော့ ဒီကိစ္စဟာ ကျနော်တို့အနေနဲ့ကတော့ ဒေါ်ခင်စိုးဝင်း သိတဲ့အတိုင်းပဲ၊ အခု ဒီဘက်ကို ပြေးလာတာ အကုန်မဟုတ်ဘူး နော်၊ ethnic cleansing လည်းမဟုတ်ဘူး၊ ကျနော်တို့ဘက်မှာ သုံးပုံတပုံလောက်က ကျန်တယ်။ နောက်ပြီးတော့ ဒီလိုဖြစ်နေတာ သည်၊ ဒီမွတ်ဆလင် community သည် မြောက်ပိုင်းမှာလေးပဲဖြစ်နေတာ၊ ရခိုင်တောင် ပိုင်းမှာဆိုရင်လည်း အဆင်ပြေနေကြတယ်၊ မြန်မာပြည်တပြည်လုံးမှာလည်း မွတ်ဆလ င်ရော၊ ခရစ်ယာန်ရော၊ ဗုဒ္ဓ ဘာသာရော သဟဇာတရှိစွာနဲ့ နေနေကြတာပဲ။ အဲဒီတော့ သူတို့ကို ethnic cleansing လုပ်တာလည်းမဟုတ်ဘူး၊ နောက်ပြီးတော့ genocide လို့လည်း မသုံးသင့်ဘူး။

“အခုလောလောဆယ်ကတော့ ကနေဒါကတော့ သူ့ပြည်တွင်းနိုင်ငံရေးအရပေါ့၊ ပြည်တွင်း pressure တွေအရ ဒီလိုမျိုး သတ်မှတ်လာတာမျိုး ကျနော်တို့တွေ့ရတယ်။ ဒါ အင်မတန် ဝမ်းနည်းစရာကောင်းပါတယ်။ တချို့က ဒီလို ပေါ်ပြူလာဖြစ်တဲ့ issue မျိုးကို မိမိတို့နိုင်ငံရေး အကျိုးအမြတ်အတွက်ကို ဒါမျိုးတွေ သတ်မှတ်သုံးနှုန်းလာတာ ဝမ်းနည်းစရာကောင်းပါတယ်။

“အဲဒီတော့ အမေရိကန်ကတော့ လောလောဆယ်ကတော့ ဒါမျိုး မသုံးသေးပါဘူး။ ဒါပေမဲ့ အဲဒီလိုမျိုး သုံးလိမ့်မယ်လို့လည်း ကျနော်တို့အနေနဲ့တော့ မယူဆပါဘူး။ ကျနော်တို့လည်း အခု သူတို့ကိုရှင်းပြထားပြီးပြီ။ ကျနော်တို့မှာ independent commission ရှိတယ်၊ သူ့ရဲ့သုံးသပ် ချက်တွေကိုလည်း စောင့်ကြည့်ဖို့လိုတယ်ဆိုတာ ရှင်းပြထားပါတယ်။”

မေး။ ။ ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ ဖိအားပေးနေသလိုမျိုးပဲ ရိုက်တာသတင်းထောက် နှစ်ယောက်နဲ့ ပတ်သက်ပြီးတော့လည်း ဖိအားတော်တော်များများ ပေးနေတာ ကြားရပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အပါအဝင်ပေါ့လေ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ EU ဥရောပသမဂ္ဂ အကုန်လုံးကနေပြီးတော့ ဝိုင်းပြီးတော့ ဒီ ရိုက်တာသတင်းထောက် နှစ်ယောက် ဟာ တရားဥပဒေအရ မျှမျှတတမဟုတ်ဘဲနဲ့ မတရားစွပ်စွဲမှုနဲ့ ဒီလိုမျိုး ထောင်ချခံရတယ်ဆိုပြီး တော့ ပြောနေတာရှိပါတယ်။ မနေ့ကပဲ သူတို့အတွက် ဥပဒေအကြံပေးနေတဲ့ နိုင်ငံတကာ နာမည်ကြီး လူ့အခွင့်အရေးရှေ့နေဖြစ်တဲ့ Amal Clooney ကလည်း ဒီဟာနဲ့ ပတ်သက် ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပေါ့လေ သူလည်း နိုင်ငံရေးအကျဉ်းသားတယောက် ဖြစ်ခဲ့တဲ့ အတွက် ကိုယ်ချင်းစာနာပြီးတော့ ဒီကိစ္စမှာ သူသာလျှင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်ဆိုပြီးတော့ တိုက်တွန်းသွားတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ရော ဝန်ကြီး ဘယ်လိုများ သုံးသပ်လို့ ရပါလဲရှင့်။

ဖြေ။ ။ “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဟနွိုင်း World Economic Forum မှာလည်း ပြောသွားပါတယ်။ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကြည့်ရတာ သူ့ရဲ့ဆုံးဖြတ်ချက်အရ ကတော့ လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်လို့ အရေးယူတယ်လို့ သုံးသပ်ထား တယ်ဆိုတာ ပြောပါ တယ်။ ဒါပေမဲ့ အဲဒီထဲမှာ တရားစီရင်မှုကလည်း ပွင့်ပွင့် လင်းလင်းပေးထားတယ်၊ အားလုံး ဘယ်သူမဆို ကြည့်လို့ရတယ်၊ တကယ်လို့ တရား စီရင်မှုမှာ မျှတမှုမရှိတာပေါ့၊ Miscarriage of Justice ရှိတယ်ဆိုရင် အသိပေးပါ၊ ဒါကိုကြည့်မယ်ဆိုပြီးတော့ ပြောထားပါတယ်။

“အခုလောလောဆယ်ကတော့ စီရင်ချက် ချပြီးသွားပြီပေါ့။ တရားစီရင်ရေး လုပ်ထုံး အရဆိုရင် တော့ နှစ်လအတွင်းမှာ သူတို့ အယူခံဝင်ခွင့်ရှိပါတယ်။ အယူခံဝင်လား၊ မဝင်ဘူးလားဆိုတာ သေချာတော့ မစိစစ်ရသေးပါဘူး။ အဲဒီတော့ အယူခံဝင်တဲ့ judicial process ပြီးလို့ရှိရင်တော့ တရားစီရင်မှု မျှတလား မမျှတဘူးလားဆိုတာကို ခေါင်းဆောင်တွေအနေနဲ့ အလေးအနက်ထား စဉ်းစားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

“မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ဟာလည်း သူတို့က မမျှတတဲ့အချက်ကို ထောက်ပြ ခြင်းဖြစ်ပါတယ်။ အစိုးရအနေနဲ့ကတော့ နိုင်ငံတကာ ပြောနေတယ်ပေါ့၊ အစိုးရနဲ့ တရားစီရင် ရေးက သီးခြားစီဖြစ်တယ်လို့ ပြောတဲ့အတွက် တရားစီရင်ရေး လုပ်တဲ့ကာလမှာ အစိုးရအနေနဲ့ စွက်ဖက်ခွင့်မရှိပါဘူး။ အဲဒီတော့ သူ့ due legal process ပြီးဆုံးသွားပြီးတော့ ဒီ case ကို ပြန်လည်သုံးသပ်တဲ့အခါမှာတော့ အလေးထား စဉ်းစား လာလိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG