သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေညီလာခံတွင် ဝန်ကြီး ဦးကျော်တင့်ဆွေ မိန့်ခွန်းပြော


၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင်
မိန့်ခွန်းပြောကြားနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ။ စက်တင်ဘာ ၂၈၊ ၂၀၁၈။
၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ။ စက်တင်ဘာ ၂၈၊ ၂၀၁၈။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ စက်တင်ဘာလ ၂၈ ရက်၊ သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတက်ရောက်ပြီး မိန့်ခွန်းပြောကြပါတယ်။

နိုင်ငံတကာအရေးကိစ္စတွေကို ဖြေရှင်းတာမှာ ကုလသမဂ္ဂရဲ့အခန်းကဏ္ဍ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခအဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးရဖို့ လုပ်ဆောင်နေတာတွေကို ဝန်ကြီး ဦးကျော်တင့်ဆွေက သူ့မိန့်ခွန်း ရှေ့ပိုင်းမှာ ပြောသွားပြီးတဲ့နောက် ကျန်တဲ့အချိန်အားလုံးမှာ ရခိုင်ပြည်နယ်အရေးကိစ္စကိုပဲ အကျယ်တဝံ့ပြောသွားပါ တယ်။

တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ အဆုံးသတ်နိုင်မယ်လို့ ခံယူထားတဲ့အကြောင်း ဝန်ကြီး ဦးကျော်တင့်ဆွေကပြောပါတယ်။

ရခိုင်ပြည်နယ်အကျပ်အတည်းကို ဖြေရှင်းတာမှာ အကြံပေးခဲ့တဲ့ ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်ကို ချီးကျုူး ဂုဏ်ပြုစကားပြောသွားသလို ကိုဖီ အာနန်ကော်မရှင်ရဲ့ အကြံပြုချက် ၈၈ ချက်အနက် ၈၁ ချက်ကို အကောင်အထည်ဖော်နေပြီ ဆိုတာကိုလည် ထည့်ပြောသွားပါတယ်။

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားရသူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ ဒုက္ခတွေအပေါ် လွန်စွာ စာနာထောက်ထားမိပါတယ်လို့ပြောပြီး နေရပ်စွန့်ခွာသွားသူအားလုံးကို ပြန်လည်လက်ခံနိုင်ဖို့အတွက် အစီအမံတွေ ဆောင်ရွက် ထားတဲ့အကြောင်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်တွေအတိုင်း ကတိကဝတ်တွေကို လိုက်နာဖို့နဲ့ စိစစ်ပြီးသူတွေကို ဆန္ဒ အလျောက် လုံခြုံသိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် အချိန်မဆွဲဘဲ ခွင့်ပြုပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းသွားပါတယ်။

နေရပ်စွန့်ခွာသွားသူတချို့ ကိုယ့်သဘောဆန္ဒအလျောက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာကြပြီးဖြစ်တယ်လို့ ဆိုပေမဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ကပြန်ပို့သူ တယောက်မှ မရှိသေးဘူးလို့လည်း ထည့်ပြောသွားပါတယ်။

လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာနဲ့ ICC ရဲ့ ဆုံးဖြတ်ချက်တို့ ပတ်သက်လို့တော့ အရင်က ပြောထားဖူးတဲ့ ရပ်တည်ချက် သဘောထားတွေအတိုင်းပဲ လက်မခံနိုင်ဘူးဆိုတာ ဝန်ကြီးဦးကျော်တင့်ဆွေက ထပ်ပြောသွားပါတယ်။

အဆုံးမှာတော့ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အခက်အခဲအားလုံးကို ရင်ဆိုင်ဖြေရှင်းဖို့ စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိပါတယ် လို့ ဝန်ကြီးဦးကျော်တင့်ဆွေက ပြောသွားပါတယ်။

XS
SM
MD
LG