သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စု ဝန်ကြီး ပြောစကား ဒီမိုကရေစီနဲ့ လွန်ခြားနား


မကွေးမြို့နယ် သစ်ရာကောက်ရွာ ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကွင်းဆင်းချိန် မှာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ဒေသခံရွာသားတွေ အပေါ် ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ တိုင်းရင်းသား အင်အားစုတွေက ရှုတ်ချတယ်လို့ တညီတညွတ် ထဲ ပြောဆိုလိုက်ပါတယ်။ ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောဆို ချက်တွေဟာ အရင် အာဏာရှင် ဆန်ဆန် ပြောဆိုမှုတွေနဲ့ ပြည်သူအပေါ် ခြိမ်းခြောက်မှု လုပ်ခဲ့တဲ့ ပုံစံမျိုးဖြစ်နေလို့ သမ္မတဦးသိန်းစိန် ဒီမိုကရေစီ ဖော်ဆောင်ရေး အပေါ်မေးခွန်း ထုတ်စရာ ဖြစ်တယ်လို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးမှာပါ။

မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း အခြေစိုက် နိုင်ငံရေး အင်အားစုတွေက တစ်ညီတစ်ညွတ်ထဲ ကန့်ကွက်တယ် ဆိုပြီးတော့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောဆိုပုံတွေဟာ အရင် အာဏာရှင် အစိုးရ လက်ထက်က ပြောဆိုပုံမျိုးတွေ အတိုင်း ဖြစ်နေပြီးတော့ နိုင်ငံရေးသမားတွေ နဲ့ ပြည်သူတွေကိုပါ ရိုင်းပြစွာ ပြောဆိုမှုကိုတော့ လက်သင့်မခံနိုင်ဘူးလို့ ဝါရင့် သတင်းစာဆရာကြီးလည်း ဖြစ်၊ အတိုက်အခံ ပါတီ NLD ရဲ့ နာယက တစ်ဦး လည်း ဖြစ်တဲ့ ဦးဝင်းတင်က သူ့ရဲ့ ရှု့မြင်ပုံ ကို ဗွီအိုအေကို အခုလို ပြောပါတယ်။

"ပြည်ထောင်စု ဝန်ကြီးလုပ်ပြီးတော့ လူပုံအလည်မှာ တက်ပြီးတော့ နိုင်ငံရေး ပါတီတွေ နိုင်ငံရေးသမားတွေ တိုင်းပြည်အကျိုးကိုဆောင်ရွက်နေတဲ့လူတွေ အနစ်နာခံတဲ့လူတွေ ပြည်သူလူထုတွေ အားလုံးကို ဆဲပြလိုက်တာပဲဗျ။ နောက်တစ်ခါ အစိုးရ ကိုယ်တိုင်ကလည်း သမ္မတ ဦးသိန်းစိန်တို့ ဘာတို့အစိုးရအဖွဲ့က နိုင်ငံရေးအကျဉ်းသားတွေ မှန်သမျှပြန်လွှတ်ပေးပြီးတော့ အကုန်လုံးကို တစ်ယောက်မှ မကျန်အောင် လွှတ်မယ် ဆိုပြီးတော့ ကြုံးဝါးနေတဲ့အချိန်မှာ ဒီလိုစကားမျိုးပြောတယ် ဆိုတာကတော့ ဒါအတော်ကို တော်တော်ကို ရိုင်းစိုင်းတယ် သို့မဟုတ်လည်း ကြမ်းတမ်းတယ်လို့ ပြောရမယ်လို့ ကျနော်ပြောချင်ပါတယ်"

မကွေးမြို့နယ် သစ်ရာကောက်ရွာကို ရောက်ရှိခဲ့ချိန်တုန်းက ဒေသခံ ရွာသားတွေနဲ့ တွေ့ဆုံချိန်မှာ ကျေးလက်ဒေသခံတွေက ပြည်ထောင်စုဝန်ကြီးကို သူတို့ဒေသရဲ့ ရေရရှိမှု အခက်အခဲကို တင်ပြချိန်မှာပဲ ဦးအုန်းမြင့် က ရွာသားတွေ ပြောဆိုပုံတွေဟာ လက်ရှိ နိုင်ငံရေးအင်အားစုတွေ အပေါ် ထိခိုက်တဲ့ စကားလုံးတွေပါသလို၊ အစိုးရကို အတိုက်အခံ လုပ်တဲ့ သူတွေကို ထောင်ထဲ ထည့်ပစ်နိုင်တယ်ဆိုတဲ့ အထိ ခြိမ်းခြောက်မှုတွေ ပါတဲ့ ၁၅ မိနစ်ခန့် ဗွီဒီယိုဖိုင်ဟာလည်း အင်တာနက်ပေါ်မှာပျံနှံ့နေတာပါ။

"နိုင်ငံရေးစကားဆိုတာ ကိုယ်တက်နေတဲ့ အစိုးရ အပေါ်မှာ စော်ကားတဲ့ကောင် ဆော်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ ထည့်မှာပဲ။ နိုင်ငံတကာ မှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်တော့ သွား မင်း အချုပ်ထဲနေ။ ငါတို့အစိုးရပြုတ်ရင် မင်းထွက်။ ဒါပဲ။ ခင်ဗျားတို့ သိအောင်ပြောတာ အနှစ် ၂၀ကျော် အနှစ်၄၀ကျော် သူများတွေ လျှောက်ပြောနေတာ။ ကျနော်တို့ ခါးကြားမှာ သေနတ်ထိုးပြီးတော့ ပုခုံးပေါ်မှာ သေနတ် လွယ်ပြီးတော့ အုပ်ချုပ်ခဲ့တာပဲ။

ဘာမှ မတိုးတက်ဘူး ဆိုတာ ေ-ာက်ရူးတွေပြောနေတာ။ အဲဒါ ခင်ဗျားတို့ ေ-ာက် ရူးတွေပြောတာ မယုံနဲ့။ အဲဒီ လွှတ်တော်ထဲရောက်နေတဲ့ လူတွေအကုန် အဲဒီ လွှတ်တော်ကြီးကို ဘယ်သူဆောက်ခဲ့သလဲဆိုရင် အဲဒီ စစ်တပ်ကဆောက်တာ။ မှားလား။ အဲဒီမြို့ကြီးဘယ်သူတည်ခဲ့သလဲဆို စစ်တပ်က တည်ခဲ့တာ။ ဒီတံတားကြီးဘယ်သူဖောက်ခဲ့သလဲ စစ်တပ် ကဖောက်ခဲ့တယ်။ စစ်တပ်ဘာမှလုပ်မသွားဘူး။ မဟုတ်တာတွေ မြေတွေ သိမ်းပြီး မဟုတ်တာလုပ်နေတယ်ပြောနေတဲ့လူက ဘာလိုလူတွေလဲ ခင်ဗျားတို့ တစ်နေ့တော့ သဘောပေါက်လာမယ်"

အခု ကြားခဲ့ရတဲ့အသံတစ်ချို့တော့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောခဲ့တဲ့ စကားတွေထဲ တစ်ချို့ ကို ဖော်ပြတာဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ အကူအညီပေးရေး အစီအစဉ်တွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့သလို၊ အစိုးရ အနေနဲ့ လုပ်နိုင်တာကို လုပ်ပေးမယ်ဆိုတဲ့ အချက်တွေလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

ခေတ်ပြောင်းစနစ်ပြောင်းဖို့ ကြိုးစားနေတဲ့ အချိန်မှာ သမ္မတရဲ့ အစိုးရ ထိပ်ပိုင်း ဝန်ကြီးတစ်ယောက်ရဲ့အခုလို ပြောဆိုပုံတွေဟာ နိုင်ငံရေးအင်အားစုအားလုံးကို စော်ကားလိုက်သလို ဖြစ်တယ်လို့လည်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လည်း ဖြစ်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီသစ် ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးသိန်းညွှန့်က အခုလို တုံ့ ပြန်ပြောဆိုပါတယ်။

"အခုက ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့အခါမှာ ငါသည် ပြည်သူ့ လွှတ်တော် အမတ်။ ကျနော်ပြောပြီးပြီ။ နိုင်ငံရေး သမားတွေ ကို ဆန့်ကျင် တိုက်ခိုက်ဖို့ အကြောင်းမရှိဘူး။ ရှေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ကျနော်တို့တိုင်းပြည်ရဲ့ အပြောင်းအလဲကို လုပ်မယ်ဆိုရင် တပ်မတော်ရယ် တိုင်းရင်းသားတွေရယ် နိုင်ငံရေးပါတီတွေရယ် တနည်း အားဖြင့်ပြောရရင် နိုင်ငံရေးသမားတွေရယ် အဲဒီဟာရဲ့ ညီညွတ်မှုနဲ့ အခြေခံပြီးလုပ်ရမယ်။ တစ်ယောက်ကိုတိုက်မယ် တိုင်းရင်းသားရယ် နိုင်ငံရေး ပါတီရယ် အမျိုးသားအင်အားစုတွေအားလုံး ညီညီညွတ်ညွတ် လုပ်ရမယ့် အချိန်မှာ နိုင်ငံရေးသမားဆန့်ကျင်ရေးစကားကို ဘယ်သူပြောပြော ဘယ်ဝါပြောပြောပေါ့ဗျာ။ နိုင်ငံရေးသမားကိုဆန့်ကျင်တယ်ဆိုရင် အဲဒီပြောတဲ့ ပြောဆိုချက်သည် အခုအခြေအနေသစ်မှာ ဒီလိုပြောတယ် ဆိုရင်တော့ အင်မတန် တာဝန်မဲ့ရာကျမယ်လို့ ကျနော်ပြောချင်တယ်"

စစ်အစိုးရ လက်ထက်ကနေ အသွင်ပြောင်းလာတဲ့ အရပ်သားတစ်ပိုင်း အစိုးရ ဖြစ်လာပြီးနောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲရေးကို သမ္မတ ဦးသိန်းစိန် က အလေးထား လုပ်ဆောင်နေပေမဲ့ သူရဲ့ ဝန်ကြီးတွေက လိုက်ပါဖို့ ဆန္ဒမရှိတာကို ဦးအုန်းမြင့် ပြောတဲ့ စကားတွေ က သက်သေခံနေပြီးတော့ သမ္မတ ဦးသိန်းစိန်အနေနဲ့ အခုလိုသဘောထားရှိတဲ့ သူတွေကို ဘာကြောင့် အစိုးရ အဖွဲ့ထဲမှာနေရာပေးထားလဲ ဆိုတာ မေးခွန်းထုတ်ဖို့ ကောင်းတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးဦးလှစော က ပြောပါတယ်။

"အချိန်တိုတိုလေးအတွင်းမှာ ဒီလို Mind Set ကို ပြောင်းနိုင်မယ်လို့ ကျနော်တို့လည်း သိပ်မမျှော်လင့်ဖူးလေ။ အဲဒီတော့ သူတို့ရဲ့ ဇာတိပေါ့ တကယ့် စိတ်ရင်းအမှန်ရှိတာကို ဖော်ပြတာပဲ။ အဲဒီလို ဖော်ပြတဲ့အတွက် ကျနော်တို့ သိရတယ်ပေါ့လေ။ ဒါတစ်ချက်ပေါ့လေ။ နောက်တစ်ခုက ဒီလိုလူမျိုးတွေကို ဦးသိန်းစိန် အနေနဲ့ တကယ့်တိုင်းပြည် ဒီမိုကရေစီ ယန္တယားမှာ သုံးထားတာ မေးခွန်းထုတ်စရာပဲ"

အခုလို ဖြစ်ခဲ့တဲ့ ပြောဆိုမှု ဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီးတော့ ကာယကံရှင် ဖြစ်တဲ့ ဦးအုန်းမြင့် ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့လည်း အဆက်အသွယ် မရခဲ့ပါဘူး
XS
SM
MD
LG