သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကမ်းလှမ်း လာရင် အသင့်ရှိဟု သူရ ဦးရွှေမန်း ပြောဆို


ပြည်ထောင်စု လွှတ်တော် နာကက သူရဦးရွှေမန်းက လွှတ်တော်နောက်ဆုံးနေ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၂၉၊ ၂၀၁၆)
ပြည်ထောင်စု လွှတ်တော် နာကက သူရဦးရွှေမန်းက လွှတ်တော်နောက်ဆုံးနေ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၂၉၊ ၂၀၁၆)

NLD ဦးဆောင် တဲ့ အစိုးရသစ် လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တာဝန်ပေး လာတဲ့ အပေါ်မှာ လက်ခံသွားဖို့ အသင့်ရှိသလို၊ ဒေါ်အောင်ဆန်းစုကြည် ဘက်က လည်း သူ့ကို အသုံးချလိမ့်မယ်လို့ ပြည်ထောင်စုလွှတ်တော်နာကက သူရဦးရွှေမန်း က လွှတ်တော်နောက်ဆုံးနေ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောသွား ပါတယ်။ အသွင် ကူးပြောင်းရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက် လို့ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ အကြံပေးမှုတွေ လုပ်ခဲ့တယ် လို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ ထားပါတယ်။

ဒီကနေ့ ပထမအကြိမ် လွှတ်တော်တွေ ရပ်နားတဲ့ နောက်ဆုံးနေ့မှာ သူရဦးရွှေမန်းက မီဒီယာတွေ နဲ့ တွေ့ဆုံစဉ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းမယ့် အစိုးရသစ် လက်ထက်မှာ နေရာပေးလာပါက လုပ်ဆောင်သွား မှာ ဖြစ်ကြောင်း မရွေးချယ်ဘူးဆိုရင်လည်း နိုင်ငံရေးလုပ်ငန်းတွေကို လုပ် ဆောင် သွားမယ်လို့ သူကအခုလိုပြောခဲ့ပါတယ်။

"ဘယ်တာဝန်၊ ဘယ်ကိစ္စတွေမှာ လုပ်ပေးပါ ဆိုတဲ့ဟာတော့ လောလောဆယ် မရှိပါဘူး။ ကိုယ့်ရဲ့သုံးသပ်ချက်၊ မျှော်လင့်ချက်ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည် ဆိုလို့ရှိရင်လည်း တာဝန်ပေးမယ် သို့မဟုတ် အသုံးချမယ် ဆိုလို့ရှိရင်ပေါ့လေ။ သေချာ စဉ်းစားပြီးတော့ နှစ်ဦးနှစ်ဘက် အကျိုးရှိမယ်။ တိုင်းပြည် အတွက် အကျိုးရှိမယ့် ကိစ္စမျိုး ဖြစ်မယ်လို့ပဲ ထင်ပါတယ်။ တို့ဘက်ကတော့ ဘယ်နေရာ၊ ဘယ်ရာထူး၊ ဘာတာဝန်ဆိုတဲ့ဟာကို အဓိကထား မစဉ်းစားပဲနဲ့ အများအကျိုး၊ တိုင်းပြည် အကျိုးအတွက် လုပ်ဆောင်ပေးမယ်ဆိုတဲ့ မူလရည်ရွယ်ချက်အတိုင်းပဲ ဖြစ်ပါတယ်။"

သူရဦးရွှေမန်းက အခုလိုပြောဆိုခဲ့တာပါ။ လက်ရှိမှာ NLD ပါတီ ရဲ့ လွှတ်တော်တွေ အတွက် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနေရာတွေ ရွေးချယ်မှုမှာ အကြံဉာဏ်ပေး ခဲ့ ကြောင်း၊ ပြည်သူ့ လွှတ်တော် ဒုဥက္ကဋ္ဌနေရာ ကို ပြည်ခိုင်ဖြိုးပါတီဝင် ကချင် လွှတ်တော် အမတ် ဦးတီခွန်မြတ် ကို ရွေးချယ်ဖို့ ထောက်ခံပြောဆိုခဲ့ကြောင်း သူရ ဦးရွှေမန်းက ပြောဆိုပါတယ်။

ဒီအပေါ်မှာ NLD ပါတီက ဖွဲ့မယ့် အစိုးရသစ် အတွက် ပါဝင်ကြမယ့် လူရွေးချယ်မှု မှာ သူရဦးရွှေမန်းက ရွေးချယ်ပေးဖို့ ထောက်ခံထားသူ ရှိမရှိကို ဗွီအိုအေကမေးမြန်း တာမှာ သူရဦးရွှေမန်းက အခုလိုပြောဆိုခဲ့ပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် လျှို့ဝှက်ပြီးတော့ အဓိကထားဆောင်ရွက်နေတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အစိုးရဖွဲ့စည်းရေးတို့ ဝန်ကြီး ရွေးချယ်ရေးတို့ ဘယ်သူ သမ္မတဖြစ်လာမလဲ၊ ဘယ်သူ့ကို ဖြစ်စေချင်သလဲ။ အဲ့လိုပြောလိုက်မယ်ဆိုရင် ခုနက လည်လည်ပတ်ပတ်နဲ့ မေးလိုက်တဲ့ မေးခွန်းကို ဥက္ကဋ္ဌကြီးက ထောင်ချောက်ထဲ ဝင်ပြီး ဖြေလိုက်သလိုဖြစ်သွားမှာပေါ့။ ပွင့်လင်းမြင်သာမှု ဆိုတာက လိုပါတယ်။ သူ့အချိန်နဲ့သူဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ ခုနက တိုင်ပင်တယ် ဆိုတဲ့နေရာမှာ အဲ့တာတွေလည်း ပါနိုင်တာပေါ့။ နော် အဲ့တာတွေလည်း ပါနိုင်တာပေါ့။ ပါနိုင်ပေမဲ့ ဘယ်သူ့ကို ဘယ်လို ဆိုတာတော့လည်း လုံခြုံမှု ချိုးဖောက်သလို တိုင်ပင်တဲ့သူအပေါ်မှာ သစ္စာမဲ့ရာလည်း ရောက်သွားနိုင်ပါတယ်။"

မကြာမှီ အစိုးရသစ် ဖွဲ့တော့မယ့် အနိုင်ရ NLD ပါတီအနေနဲ့ ကြုံတွေ့လာမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သတ်ပြီးလည်း သူက အခုလိုပြောဆိုလိုက်ပါသေးတယ်။

"စိန်ခေါ်မှုကတော့ တော်တော်များတယ်။ သူတို့ရင်ဆိုင်ကြုံတွေ့ရမယ့် Mindset ပေါ့။ လူဆိုတဲ့နေရာမှာ အားလုံးကို ဆိုလိုပါတယ်။ ဒီကနေ့ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံ အရ ဗဟိုဦးစီးစနစ်၊ အမိန့်နဲ့ညွှန်ကြားပြီး အုပ်ချုပ်တယ်။ အဲ့ကနေပြီးတော့ကာ ဒီမိုကရေစီ နည်းကျ ပြန်အုပ်ချုပ်မယ် ။ အဲ့ဒီ့ Mindset နဲ့ အဲ့ဒီ့အလေ့အကျင့် ဒါ အခက်အခဲဆုံးထဲက တခုပဲဖြစ်ပါတယ်။ အဲ့ဒီ့အထဲမှာ NLD အဖွဲ့ဝင်တွေလည်း ပါနိုင်တယ်။ ဝန်ထမ်းတွေလည်း ပါနိုင်တယ်။ NLD အစိုးရ တက်လာပြီဆိုရင် အားလုံး အဆင်ပြေသွားမယ် ထင်တယ်ဗျ။ လူတွေ အလုပ်အကိုင်တွေ ရလာမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှှုံမှုတွေ လှိမ့်ပြီး ဝင်လာမယ်။ ပြီးတဲ့အခါမှာ ဝင်ငွေတွေ တိုးလာမယ်။ စသည် စသည် ပေါ့လေ။ ဒီလိုမျှော်လင့်ချက်တွေက တအားကြီးတယ်။ အဲ့ဒီ့တအားကြီးတာလည်း စိန်ခေါ်မှု တခုပဲ။ "

မကြာခင် တင်မြှောက်ခံရမယ့် သမ္မတနဲ့ပတ်သတ်ပြီး ဘယ်သူဘယ်ဝါကို ဖြစ်ဖို့နဲ့ ဘယ်သူ့ကို သမ္မတဖြစ်စေချင်လဲဆိုတာကိုတော့ တိကျစွာမပြောဆိုခဲ့ပါဘူး။

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ် မှုးကြီး သန်းရွှေ နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံနိုင်ဖို့ကို စီစဉ်ပေးခဲ့ တာဟာလည်း နိုင်ငံကောင်းဖို့ ရည်ရွယ် လုပ်ဆောင်ခြင်း သာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရွေးကောက်ပွဲ အပြီးမှာ နေ့စဉ်တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သူကပြောဆိုထားပါတယ်။ ဒါပေမဲ့ ဘယ်လို အကြောင်းအရာတွေ ကို ဆွေးနွေးသလဲ ဆိုတာကို တော့ သူက မပြောခဲ့ပါဘူး။

လက်ရှိမှာတော့ ပထမအကြိမ်ကျင်းပတဲ့ လွှတ်တော်တွေဟာ ဒီကနေ့မှာ ရပ်နားလိုက်ပါပြီ။ လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဒုတိယအကြိမ် လွှတ်တော်ပြန် စတော့မှာ ဖြစ်ပေမယ့် ခုချိန်ထိတော့ လွှတ်တော် ၂ရပ်အတွက် ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌနေရာတွေကိုဘဲ NLD ပါတီက ထုတ်ပြန်ပေးထားပါတယ်။ ဒီမှာ လွှတ်တော် နာယကဟောင်းတဦးလည်းဖြစ် တပ်မတော်သားလည်းဖြစ်တဲ့ သူရဦးရွှေမန်း က ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆက်ဆံရေးကောင်းမွန် တာကြောင့် NLD ပါတီ အစိုးရဖွဲ့မယ် ဆိုရင် သမ္မတလုပ်ပိုင်ခွင့်နဲ့ တာဝန်ပေးမယ့် နေရာတနေရာ ရနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG