သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ စတင်


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ မှာ ဒေါ်စု မိန့်ခွန်းပြောစဉ် (photo: NLD Chairperson)
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ မှာ ဒေါ်စု မိန့်ခွန်းပြောစဉ် (photo: NLD Chairperson)

ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအဖွင့်မိန့်ခွန်းမှာ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်ဖို့ အဆင့်သင့်ဖြစ်နေကြောင်းနဲ့ ၂၁ ရာစုနှစ်နဲ့ ကိုက်ညီတဲ့ ပင်လုံ ညီလာခံ မျိုးကို မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို မိမိတို့ ဆန္ဒအလျောက်
ပါဝင် လက်မှတ်ရေးထိုး ဖို့အတွက် ပြောကြားခဲ့သလို နိုင်ငံတော် ကာကွယ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ရေးကို ကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။ဒီသတင်းကို နေပြည်တော်ကို ရောက်ရှိသတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် စတင်လိုက်တဲ့ ဒီကနေ့ဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တပ်မတေ်ာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။

မကြာမီ အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းတော့မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ထာဝရငြိမ်းချမ်းရေး ရရှိရေးနဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“ယခုအချိန်မှာ ပြည်သူပြည်သားတိုင်းရင်းသားများက ကျမတို့ကို ပေးထားသောလုပ်ပိုင်ခွင့်အာဏာ mandate အပေါ်အခြေခံပြီး ထာဝရငြိမ်းချမ်းရေး ရယူရမယ့်တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်ရှိပါတယ်။ အားလုံးက ပူးပေါင်းပါဝင်ကြမယ်လို့လည်း အထူးမျှော်လင့်ပါတယ်။ ကျမတို့မှာ ၂၁ ရာစုနှစ်နဲ့ ကိုက်ညီမှုရှိတဲ့ ပင်လုံညီလာခံမျိုးကို လုပ်ချင်ပါတယ်။”

တိုးတက်လာတဲ့ ဆက်သွယ်ရေးနည်းပညာတွေနဲ့အတူ ၂၁ရာစုညီလာခံကို ကျင်းပပြီး တိုင်းရင်းသားအကြား အပြန်အလှန်နားလည်ယုံကြည်မှုတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ဖို့ကိုလည်းထည့်သွင်းပြောဆို ပါတယ်။

“တိုင်းရင်းသားများအသီးသီးရဲ့ မျှော်လင့်ချက်များကို စုပေါင်းပြီး အကောင်အထည်ဖော်နိုင်မယ်ဆိုတဲ့ အတွေးအခေါ်အယူအဆဟာ ၂၀ ရာစုနှစ်က စခဲ့ပေမယ့်၊ ၂၁ ရာစုနှစ်မှာ လိုအပ်တဲ့ ပင်လုံစိတ်ဓါတ် ၊ တနည်းအားဖြင့် ပြည်ထောင်စုစိတ်ဓါတ်ပဲ ဖြစ်ပါတယ်။ ယခုအခါ ဆက်သွယ်ရေး နည်းပညာတိုးတက်မှုများကြောင့် ကမ္ဘာတဝှမ်း အချိန်နဲ့ တပြေးညီ ဆက်သွယ်မှုတွေရှိနေပါတယ်။ နည်းပညာသစ် အခွင့်အလှမ်းများကို အသုံးချပြီးတော့ ယခင်က မစွမ်းဆောင်နိုင်ခဲ့တာမျိုးကို အခုအခါမှာ အောင်အောင်မြင်မြင်လုပ်နိုင်ခြင်းအားဖြင့် ၂၁ ရာစုနှစ် ညီလာခံကြီးကို ကျင်းပ နိုင်မှာပါ။ တိုင်းရင်းသားများအားလုံး အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန် လေးစားမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြမှသာလျှင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCAကို လက်မှတ်မရေးထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်ပြီး အခုလို
ပြောကြားပါတယ်။
“လက်မှတ်ရေးထိုးမှုမရှိသေးတဲ့အဖွဲ့များအပေါ်မှာ တပ်မတော်အနေနဲ့ သံသယစိတ်မထားဘဲ၊ မိမိတို့ စိတ်ဆန္ဒအတိုင်းအချိန်မရွေး လက်မှတ်ရေးထိုးနိုင်ဖို့လည်း တံခါးဖွင့်ထားသလိုပဲ နိုင်ငံတော်အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့၊ ပြင်းပြတဲ့ဆန္ဒအမှန်ကိုလည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး စစ်လက်နက်ဖြုတ်သိမ်းရေး၊ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေအတွက်လည်း အခုလို ဖိတ်ခေါ် ပြောဆိုပါတယ်။

“ ဒီမိုကရေစီနဲ့ Federal ကို အခြေခံတဲ့ ပြည်ထောင်စုအရေး ဆွေးနွေးကြတဲ့အခါ လက်နက်ကိုင်ဆောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်လို့မရနိုင်တဲ့အတွက် ယနေ့နိုင်ငံတကာ ပဋိပက္ခ အပစ်အခတ်ရပ်စဲရေး ဖြေရှင်းဆောင်ရွက်ရာမှာ အသုံးပြုနေတဲ့ DDR/SSR လုပ်ငန်းစဉ်များအတိုင်း သင့်တင့်တဲ့ Time Line သတ်မှတ်ပြီးအကောင်အထည် ဖော်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိနိုင်ငံ၊ မိမိကာကွယ်ရေးအတွက် တပ်မတော်တစ်ရပ်သာ ထားရှိကြတာကို တွေ့ကြ ရမှာဖြစ်ပါတယ်။ မိမိတို့နိုင်ငံအနေနဲ့လည်း ယင်းမူဝါဒအတိုင်း ကျင့်သုံးဆောင်ရွက်ပြီး မြန်မာ့တပ်မတော်ကို Standard Army အဖြစ် အဖက်ဖက်က တည်ဆောက် လျက်ရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း တပ်မတော်မှာ တာဝန်ထမ်းဆောင် နိုင်ရေးအတွက် ဖိတ်ခေါ်ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။”

လက်ရှိကျင်းပနေတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား လက်မှတ်ရေးထိုးခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်NCA အရ
စတင်ခဲ့တာဖြစ်ပါတယ်။ လောလောဆည်မှာတော့ NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့သာ လက်မှတ်ရေးထိုးပြီး အဖွဲ့ ၁၀ ဖွဲ့ကျော်လောက်က လက်မှတ်မရေးထိုးသလို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကိုလည်း တက်ရောက်လာတာ မရှိပါဘူး။

ဒီကနေ့ စတင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီနဲ့ ဖိတ်ကြားအပ်တဲ့အစုအဖွဲ့က ကိုယ်စားလှယ်တွေအပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သံတမန်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင် တက်ရောက် ခဲ့ပါတယ်။ ဒီညီလာခံကို ပထမအကြိမ်အဖြစ် ၅ ရက်ကြာကျင်းပဖို့ ရှိနေပါတယ်။

XS
SM
MD
LG