သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအပေါ် ပြည်ပရောက် မြန်မာတွေအမြင်


Myanmar Ceasefire
Myanmar Ceasefire

နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဒီကနေ့ စတင်မှာဖြစ်ပေမယ့် ဒီညီလာခံ တိကျ ခိုင်မာတဲ့ ရလဒ်တွေ ထွက်လာနိုင်မှာမဟုတ်ဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ရှုမြင် သုံးသပ်ကြပါတယ်။ ဒါပေမယ့် ဒီညီလာခံကို ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မှာဖြစ်တဲ့ အနာဂတ်မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် အလားအလာကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ ရှုမြင်သုံးသပ်သူတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်အတွင်း ၄ နှစ်ကြာလောက် ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ရဲ့ နောက်ဆက်တွဲ နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ အစအဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဒီကနေ့ နေပြည်တော်မှာ စတင်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သမ္မတ ဦးသိန်းစိအစိုးရလက်ထက်အတွင်း လုပ်ဆောင်ခဲ့တဲ့ NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့သာ လက်မှတ်ထိုးနိုင်ခဲ့ပြီး တခြား လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နေသေးတာတွေကြောင့် ဒီကနေ့ ကျင်းပမယ့် ညီလာခံဟာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ခရီးရောက်နိုင်မယ့် အလားအလာ မရှိဘူးလို့ ကွယ်လွန်သူ KNU ကရင်မျိုးသားအစည်းအရုံး ဥက္ကဋ္ဌကြီး မန်းဘစံရဲ့သားလည်းဖြစ်၊ ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တဦးလည်းဖြစ်တဲ့ ဗိုလ်မှူး ရောဘတ်စံက ပြောပါတယ်။

“မရောက်နိုင်ဘူးဗျ၊ မရောက်နိုင်ဘူးဆိုတာ အချိန်ကုန်ငွေကုန်ပြီး ဒီအတိုင်းသွားမှာပဲ။ ကျနော့်အမြင်ပြောရရင်တော့ အပစ်အခတ်ရပ်စဲရေးလုပ်တယ်ဆိုတာက တချို့တဝက်နဲ့လုပ်လို့မရပါဘူး။ တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးလိုချင်ရင်ရှိတဲ့လက်နက်ကိုင်အဖွဲ့အားလုံးနဲ့အပစ်အခတ်ရပ်စဲဖို့လိုတယ်လေ။ အဲဒါမှပဲ စစ်မှန်တဲ့ငြိမ်းချမ်းရေးရမှာပါ။ အခုဟာကငြိမ်းချမ်းရေးကလုပ်လိုက်၊ ကုန်ကျမှုတွေများလိုက်၊ အချိန်တွေဆွဲလိုက် ငြိမ်းချမ်းရေးသာပြောနေတာ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးတခါမှမရဘူး။ ဒီဦးသိန်းစိန်အစိုးရသက်တမ်းကပြီးတော့မှာပါ။ NLD အစိုးရတက်လာရင်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့တပြည်လုံးမှာရှိနေတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးရေးလုပ်၊ အပစ်အခတ်ရပ်စဲရေးနဲ့ သဘောတူညီချက်ရပြီဆိုရင်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရနိုင်မယ်လေ။ အခုဟာက ငြိမ်းချမ်းရေးလို့ပြောနေကြပေမဲ့အပစ်အခတ်ရပ်စဲရေး တချို့တဝက်လုပ်၊ အပစ်အခတ်ရပ်စဲရေးရပြီးတောင်မှ ၂၀၀၈ဖွဲ့စည်းပုံကိုမပြင်နိုင်ရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ဖယ်ဒရယ်ပြည်ထောင်စု ကိုမရနိုင်ဘူးလို့ ကျနော်ထင်ပါတယ်ခင်ဗျ။”

မေး။ ။နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်က အစောပိုင်းတုန်းကတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုသူမတက်ဘူးလို့ပြောထားရာကနေအခုသူကိုယ်တိုင်တက်မယ်၊ မိန့်ခွန်းပြောမယ်ဆိုတော့ အဲဒီအပေါ်မှာ ဗိုလ်မှုးဘယ်လိုမြင်မိသလဲခင်ဗျ။ သူရဲ့သဘောထားနဲနဲလေးပြောင်းသွားတဲ့အပေါ်မှာ ဘာကြောင့်ပြောင်းသွားတယ်လို့ဗိုလ်မှုးထင်မိလဲ။

“ကျနော်ထင်တာကတော့ဒေါ်စုကဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာမရပ်တည်ဘူးဗျ။ သူကမလုပ်ဘူးလို့ပြောပြီးတခါလုပ်မယ်၊ မတက်ဘူးပြောတယ်၊ ပြန်တက်မယ်ပြောတယ်၊ ဘာကြောင့်လဲတော့မပြောတတ်ဘူး။ ဒါပေမဲ့သူကဆုံးဖြတ်ချက်တွေမခိုင်မာဘူးဗျ။”

မေး။ ။ ဒီတခုတည်းမဟုတ်ဘူး၊ အခြားဟာတွေရောသာဓကရှိလားဗိုလ်မှုး။

“ဟိုတုန်းကရွေးကောက်ပွဲမဝင်ဘူးသူပြောခဲ့တယ်။ ပြီးရင်ပြန်ဝင်တယ်။ ပြီးတော့တခါလွှတ်တော်ထဲရောက်တော့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်သစ္စာရှိပါမယ်၊ ရှိလဲရှိပါတယ်ဆိုပြီးသူပြောတာတွေရှိတယ်။ ကျနော်လည်းသူ့ကိုတော်တော်လေးစားပါတယ်။ လေးစားတဲ့ခေါင်းဆောင်ထဲမှာလည်း တယောက်ပါပါတယ်။ ဒါပေမဲ့အပြောင်းအလဲကတော်တော်များတယ်ဗျ။”

လက်ရှိ အစိုးရလက်ထက်မှာ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရနိုင်ပါ့မလားလို့ သံသယရှိနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေပေမယ့်လည်း NLD အစိုးရလက်ထက်မှာ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာနဲ့အညီ ဒီကနေ့ ကျင်းပတဲ့ ငြိမ်းချမ်းရေး ညီလာခံကို NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းအားဖြင့် မကြာခင် သူတို့အစိုးရတက်လာတဲ့အခါ လက်ရှိ အစိုးရက စတင် ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်တာအပြင် တိုင်းရင်းသားခေါင်းဆောင်တွေ လိုလားတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိအောင် ဆက်လက် လုပ်ဆောင်သွားမယ် ဆိုတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ် ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍက အင်မတန်မှအရေးကြီးတယ်လို့ကျနော်ပြောလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ချက်ပေ့ါ။ ပထမတချက်ကတော့ နောက်တက်မယ့်အစိုးရကိုဦးဆောင်မယ့် ခေါင်းဆောင်ဖြစ်တာရယ်၊ နောက်ဒုတိယအချက်က ငြိမ်းချမ်ရေးနဲ့ ငြိမ်းချမ်းရေးပြဿနာ၊ နောက်တိုင်းရင်းသားတွေနဲ့ရင်ကြားစေ့ရေးပြဿနာမှာ မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးမရခင်ကတည်းကစပြီးကြည့်လိုက်မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ဒေါ်အောင်ဆန်းစုကြည်သာလျှင်စွမ်းဆောင်နိုင်ဖို့အလားအလာရှိတဲ့ပုဂ္ဂိုလ်လို့မြန်မာပြည်သူအများစုကလည်းယူဆတယ်။ ဒီနှစ်ချက်ကြောင့်အရေးကြီးပါတယ်။

လက်ရှိအချိန်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အတော်များများ ရှိနေပေမယ့်လည်း အဲဒီအဖွဲ့တွေအနေနဲ့ လက်ရှိ အခြေအနေတွေကြောင့် လက်မှတ်မထိုးနိုင်ကြသေးတာသာဖြစ်ပြီး သူတို့အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း နိုင်ငံရေး သုတေသီ ဒေါက်တာ Nehginpao Kipgen က ပြောပါတယ်။

“တိုင်းရင်းသားအားလုံးကျနော်သိသလောက်ငြိမ်းချမ်းရေးလိုလားကြတယ်လို့ကျနော်မြင်တယ်။ ဒါပေမဲ့ပေါ်လစီအရ နည်းနည်းပါးပါးကွဲလွဲမှုပဲရှိတယ်လို့ကျနော်မြင်တယ်။ ဒါပေမဲ့အခုလက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကလည်း သူတို့လုံးဝလက်မှတ်မထိုးချင်တာမဟုတ်ဘူး။ အခြေအနေမပေးလို့၊ သူတို့အားလုံးကိုပါဝင်ခွင့် ဦးသိန်းစိန်အစိုးရကပါဝင်ခွင့်မပြုတဲ့အတွက် ကြောင့်သူတို့ကစောင့်ကြည့်တဲ့သဘောပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်လာမယ်ဆိုရင် အတတ်နိုင်ဆုံးအားလုံးပါဝင်တဲ့အပစ်အခတ်ရပ်စဲရေးကိုလိုလားတယ်၊ ဆက်ပြီးကြိုးစားမယ်ဆိုတော့ ကျနော့်အမြင်မှာကြတော့ အားလုံးအတွက်ကောင်းတဲ့အနာဂတ်မှာ အပစ်အခတ်ရပ်စဲရေးကိုဝိုင်းဝန်းလုပ်ဆောင်လိမ့်မယ်လို့ကျနော်ယုံကြည်တယ်။”

ဒီကနေ့ နေပြည်တော်မှာ စတင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအပြင် နိုင်ငံတကာက သံတမန်တွေ စုစုပေါင်း ကိုယ်စားလှယ် ၉၀၀ လောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ဟာလည်း ဒီညီလာခံကို တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

XS
SM
MD
LG