သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတိုင်းရင်းသူများ အဓမ္မပြုကျင့်ခံရမှု ကုလမှာ တင်ပြ


ကုလသမဂ္ဂလုံခြုံရေးကောင်စီကို WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က အစီရင်ခံတင်ပြ။ ဧပြီ ၂၄၊ ၂၀၁၄။ သတင်းဓာတ်ပုံ- Global Justice Center
ကုလသမဂ္ဂလုံခြုံရေးကောင်စီကို WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က အစီရင်ခံတင်ပြ။ ဧပြီ ၂၄၊ ၂၀၁၄။ သတင်းဓာတ်ပုံ- Global Justice Center
မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေ အပေါ် မြန်မာစစ်တပ်က အတင်းအဓမ္မပြုကျင့်တာတွေ ရှိနေဆဲဖြစ်တဲ့အတွက်၊ ဒီကျူးလွန်မှုတွေက ရပ်တန့်သွားအောင်နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က အစီရင်ခံတင်ပြလိုက်ပါတယ်။ ဒါ့အပြင် အတင်းအဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရအောင်ဆောင်ရွက်ပေးဖို့ ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ကြာသာပတေးနေ့က နယူးယောက်မြို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သီးသန့် ပြုလုပ်တဲ့ ပဋိပက္ခဒေသတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အတင်းအဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲမှာ WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကိုကိုယ်စားပြုပြီး ကရင်အမျိုးသမီး အစည်းအရုံး က နော်ကညော်ဖေါ်က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။

ဒါဟာ ပထမဆုံးအကြိမ် ကုလသမဂ္ဂဘက်က မြန်မာ့အမျိုးသမီးရေးကိစ္စနဲ့ ပတ်သက်လို့ အစိုးရမဟုတ်တဲ့ လူထုအခြေပြုအဖွဲ့အစည်းဖြစ်တဲ့ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကို တရားဝင် ဖိတ်ခေါ်ဆွေးနွေးတာပါ။ မနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သီးသန့်ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နော်ကညော်ဖေါ်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာ-

“ အဓိကပြောတာက ကျမတို့ မြန်မာပြည် မြောက်ပိုင်းမှာ ကချင်ပြည်နယ်ပဲဖြစ်ဖြစ်၊ ရှမ်းပြည်နယ်ပဲ ဖြစ်ဖြစ် ပဋိပက္ခတွေဖြစ်နေတုန်းပဲ၊ စစ်ပွဲတွေဖြစ်နေတုန်းပဲ။ ပြီးတော့ အဲ့ဒီ့စစ်တိုက်ပွဲဖြစ်နေတဲ့အချိန် ဗမာ့တပ်မတော်က လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်တာရှိနေတုန်းပဲ။ အဲ့တာ UN ဆီမှာ ပြောပြတာပေါ့နော်။”

VOA။ ။ အဲ့တော့ လုံခြုံရေးကောင်စီမှာ နော်ကညော်ဖော်ကိုယ်တိုင် လာပြီးတော့ တင်ပြရတဲ့ အဓိကရည်ရွယ်ချက် က ဘာပါလဲရှင့်။

“ကျမတို့မြန်မာပြည်မှာ တိုင်းရင်းသားအမျိုးသမီးတွေပဲဖြစ်ဖြစ်၊ ကလေးငယ်အမျိုးသမီးတွေပဲဖြစ်ဖြစ် အတင်းအဓမ္မပြုကျင့်ခံရတာကို ရပ်ပစ်ဖို့ ပြောပြချင်တယ်။ ပြီးတော့လည်း မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေပဲဖြစ်ဖြစ် တရားမျှတမှု၊ ပြီးတော့ ကျမတို့ မြန်မာပြည်ထဲမှာ စစ်တွေက စိုးမိုးနေတုန်းပဲ။ စစ်တပ်က ဘယ်လိုမျိုး အစိုးရအောက်က ရှိရမယ်ဆိုတဲ့ Constitution ဖွဲ့စည်းပုံ ၂၀၀၈ က ပြန်ပြင်ရမှာပေါ့။ ကျမတို့ ဗမာပြည်အတွက် တကယ့်ငြိမ်းချမ်းရေး ရလာအောင် ဘယ်လိုလုပ်ရတယ်ဆိုတာ ကျမတို့ ဒီမှာ လာပြောပြတာပေါ့။”

ဆက်လက်ပြီးတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သီးသန့်ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်သူတွေရဲ့ တုန့်ပြန်ချက်တွေကို တဆက်တည်းမေးကြည့်တော့

“အစိုးရကိုယ်စားလှယ်တွေလည်း လာတယ်။ ဗမာပြည်အစိုးရတွေကလည်း လာတယ်။ တခြားလည်း လာတယ်။ နားလည်တာပဲလေ။ တခြားနေရာမှာလည်း အာဖရိကတိုက်မှာလည်း အဲ့လိုမျိုး မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေ အများကြီးရှိတယ်ဆိုတော့ သူတို့သိတယ်။ ပိုပြီးတော့ နားလည်လာတာပေါ့နော်။ ကျမကို အထူးကျေးဇူးတင်ရှိတယ်။ အဲ့ဒီ့အကြောင်းအရာတွေကို အခုက သိပ်မကြားရတော့ဘူးလေနော်။ အဲ့ဒီ့တကယ့်ဖြစ်ပျက်နေတဲ့ တိုင်းရင်းသားနယ်မြေထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ မုဒိမ်းကျင့်ခံရမှုတွေကို ကျမတို့ကို လာတင်ပြတော့ တကယ့် မြန်မာပြည်အခြေအနေကို သူတို့က သိတာပေါ့နော်။”

နော်ကညော်ဖော်ဖြစ်ပါတယ်။။ ဒီဆွေးနွေးပွဲဖြစ်မြောက်အောင် နယူးယောက်မြို့အခြေစိုက် Global Justice Center ၊ Amnesty International လို့ခေါ်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၊ Nobel Women’s Initiative စတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။

WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကနေ ဒီနှစ် ဇန်နဝါရီလက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာတော့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးအရေအတွက် ၁၀၄ဦးရှိကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ မုဒိမ်းကျင့်ခဲ့တဲ့ မြန်မာစစ်သား ၃၈ ဦးရှိပြီး အခုချိန်ထိ သူတို့ကို အရေးယူအပြစ်ပေးတာမျိုး မရှိသေးဘူးလို့လည်း ရေးသားထားပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အဖြစ်အပျက်အခြေအနေတွေဟာ ဒီကနေ့အချိန် တိုင်းရင်းသားဒေသတွေမှာ ပြောင်းလဲခြင်း မရှိသေးပဲ မြန်မာစစ်တပ်ကနေ ကျူးလွန်နေတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG