သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယားအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေတိုးချဖို့ ကန်ပြင်ဆင်


မြောက်ကိုးရီးယားက Hwasong-15 တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ် ပစ်လွှတ်စဉ်။
မြောက်ကိုးရီးယားက Hwasong-15 တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ် ပစ်လွှတ်စဉ်။

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးလက်နက်ကို အင်္ဂါနေ့မှာ စမ်းသပ်ပစ်လွှတ်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးပြီးတော့ ချမယ် ဆိုပြီး သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သလို အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

စက်တင်ဘာလနောက်ပိုင်း၊ ပထမဦးဆုံးအကြိမ်အဖြစ် အင်္ဂါနေ့က မြောက်ကိုးရီးယား ကနေ ICBM – Hwasong -၁၅ အမျိုးအစား တိုက်ချင်းပစ်ဒုံးလက်နက်ကို ပစ်လွှတ်လိုက် တဲ့အတွက် သမ္မတ Trump က မြောက်ကိုရီးယား အပေါ် နောက်ထပ် အဓိကပိတ်ဆို့ မှုတွေ ချမှတ်မယ်လို့ twitter ကတဆင့် ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြောက် ကိုရီးယားရဲ့ ရန်စရာရောက်တဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ တရုတ်သမ္မတ ရှီကျင့်ပင်နဲ့အတူ စကား ပြောခဲ့ပြီး ဂျပန်နဲ့ တောင်ကိုးရီးယားခေါင်းဆောင်တွေနဲ့လည်း ဆက်သွယ်စကားပြောခဲ့တယ်လို့ သမ္မတ Trump က twitter မှာ ဖော်ပြထားပါတယ်။ တချိန်တည်းမှာပဲ တရုတ်က မြောက်ကိုးရီးယားရဲ့အဓိက ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး စီးပွားရေးဒဏ်ခတ်မှုတွေ ထိရောက်နိုင်ရေးမှာ အဓိကကျတဲ့နိုင်ငံဖြစ်တယ်လို့လည်း သမ္မတ Trump က twitter မှာရေးသားခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ရာမှာ ဘယ်ပုံစံမျိုးနဲ့ ချမှတ်မယ်ဆိုတာကိုတော့ သမ္မတ Trump က အသေးစိတ် မဖော်ပြခဲ့ပေမယ့်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ မြောက် ကိုးရီးယားအပေါ် အမေရိကန်က ချမှတ်နိုင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့အမေးကို အခုလို ဖြေသွားပါတယ်။

“နောက်ထပ်ချမှတ်မယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ တချို့က aတာ့ ငွေရေး ကြေးရေး ဆိုင်ရာ လုပ်ငန်းတွေအပေါ်မှာ နောက်ထပ်တိုးပြီးတော့ ချမှတ်ဖို့ ဖြစ်ပါတယ်။”

မြောက်ကိုးရီးယားအစိုးရပိုင် KCNA သတင်းဌာနကတော့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အထူး ကြီးမားတဲ့ ဒုံးကျည် ထိပ်ဖူးတပ်ပြီး ICBM – Hwasong-၁၅ အမျိုးအစား တိုက်ချင်းပစ် ဒုံးလက်နက်ဟာ အမေရိကန်ပြည်ထောင်စု ကုန်းတွင်းပိုင်းအထိ ရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဂျပန်ပင်လယ် အတွင်းကို ကျရောက်ခဲ့တဲ့ ဒီ ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဂျပန်က အရေးပေါ်အစည်းအဝေးပွဲတရပ် ခေါ်ယူဖို့ တောင်းဆိုခဲ့ပါတယ်။ လုံခြုံရေးကောင်စီရဲ့ စည်းဝေးပွဲမှာ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ Jeffrey Feltman က အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ မြောက် ကိုးရီးယားရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“အတွင်းရေးမှူးချုပ်အနေနဲ့ မြောက်ကိုရီးယားက အခုလို နောက်ဆုံးဒုံးကျည် ပစ်လွှတ် လိုက်တဲ့ အပေါ် ပြင်းပြင်း ထန်ထန် ရှုတ်ချလိုက်ပါတယ်။ ဒါဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်ကို အထင်အရှား ချိုးဖောက် လိုက်တာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူ့အဖွဲ့အစည်းကိုလည်း လုံးဝ ဂရုမစိုက်ကြောင်း ပြသရာရောက်ပါတယ်။ ဒါကြောင့် မြောက်ကိုးရီးယားအစိုးရအနေနဲ့ အခုလို မတည်မငြိမ်ဖြစ်စေမယ့် ခြေလှမ်း တွေကို မယူဖို့ တိုက်တွန်းပါတယ်။ တင်းမာမှုအားလုံး လျှော့ချရေးအတွက်လည်း အတွင်းရေးမှူးချုပ်အနေနဲ့ အုပ်စုအားလုံးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ရှိပါတယ်။”

လုံခြုံရေးကောင်စီအစည်းအဝေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကမြောက် ကိုးရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထိရောက်နိုင်ရေးမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ အရေးကြီး တယ်လို့ အခုလို ထောက်ပြသွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကုလ လုံခြုံရေးကောင်စီအစည်းအဝေးတွင်း စကားပြောစဉ်။ (နိုဝင်ဘာ ၂၉၊ ၂၀၁၇)
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကုလ လုံခြုံရေးကောင်စီအစည်းအဝေးတွင်း စကားပြောစဉ်။ (နိုဝင်ဘာ ၂၉၊ ၂၀၁၇)

“သမ္မတ Trump က သမ္မတ Xi ကို ဒီကနေ့ တယ်လီဖုံးဆက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အနေ နဲ့ မြောက်ကိုးရီးယား ကို ပေးပို့နေတဲ့ရေနံကို ဖြတ်တောက်ရပါလိမ့်မယ်။ နိုင်ငံ တကာ လူဆိုးစာရင်းဝင် ဒီနိုင်ငံကို ဟန့်တားရာမှာ ဒါဟာ အဓိကခြေလှမ်းပဲ ဖြစ်ပါတယ်။ ကျမ ပြောခဲ့တဲ့အတိုင်း နိုင်ငံအတော်များများဟာ မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေးြ ဖြတ်တောက်ခဲ့လို့ စီးပွားရေးနဲ့နိုင်ငံရေးအရ စွန့်လွှတ်အနစ်နာခံခဲ့ကြတာတွေ ရှိပါတယ်။ အားလုံး ရဲ့ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ရှေ့ရှုပြီး လုပ်ဆောင်ကြတာပါ။ ဒီအတိုင်း ပါပဲ၊ သမ္မတ Xi အနေနဲ့ ဒီလို ရပ်တည်ဖို့ ကျမတို့ မေတ္တာရပ်ခံပါတယ်။ အမှန်ဘက်က ရပ်တည်ဖို့လည်း သမ္မတ Xi မှာ အခွင့်အရေးရှိပါတယ်။” ဆိုပြီးတော့ သံအမတ်ကြီး Haley က ပြောသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ ရန်စတဲ့လုပ်ရပ်ကိုလည်း အစွန်းကုန်တုံ့ပြန်သွားမယ် လို့လည်း သံအမတ်ကြီးက အခုလို ပြောခဲ့ပါတယ်။

“မြောက်ကိုးရီးယားအာဏာရှင်ဟာ ကမ္ဘာကြီးကို စစ်နဲ့ပိုနီးစပ်စေမယ့် နည်းလမ်းကို မနေ့ က ရွေးလိုက်ပါတယ်။ အမေရိကန်အနေနဲ့ မြောက်ကိုးရီးယားနဲ့ စစ်မဖြစ်လိုပါဘူး။ ကနေ့ အထိလည်း မလိုလားပါဘူး။ စစ်ဖြစ်မယ် ဆိုရင်လည်း မနေ့ကမြင်တွေ့ခဲ့ရတဲ့ ရန်စတဲ့ လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ရပါလိမ့်မယ်။ ဖြစ်မယ်ဆိုရင် သံသယ ရှိစရာမလိုတာကတော့ မြောက်ကိုးရီးယားအစိုးရဟာ လုံးဝချေမှုန်းခံရမှာဖြစ်တယ်…” လို့ သံအမတ်ကြီး Haley က ပြောသွားတာ ဖြစ်ပါတယ်။

သမ္မတ Trump အစိုးရက ပြုံယမ်းအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုတင်းကြပ် လိုက်ပြီး အကြမ်းဖက်မှုကို အားပေးထောက်ခံတဲ့နိုင်ငံစာရင်းထဲမှာ မြောက်ကိုးရီးယားကို ပြန်ထည့်လိုက်ပြီးတပတ်အကြာမှာ အခုလို မြောက် ကိုးရီးယားအနေနဲ့ တိုက်ချင်းပစ် ဒုံးလက်နက်ကို ပစ်လွှတ်လိုက်တာလည်း ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG