သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Unity ဂျာနယ်အမှု စစ်တပ်တာဝန်ရှိသူတွေပါ အရေးယူမည်


ဇန်နဝါရီလ ၂၅ရက်နေ့ထုတ် Unity အပတ်စဉ် သတင်းဂျာနယ်
ဇန်နဝါရီလ ၂၅ရက်နေ့ထုတ် Unity အပတ်စဉ် သတင်းဂျာနယ်

ယူနတီဂျာနယ်က သတင်းသမားတွေကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ အရေးယူထောင်ချခဲ့သလို ဒီအမှုနဲ့ ပတ်သက်နေတဲ့ စစ်တပ်က တာဝန်ရှိသူတွေကိုလည်း စစ်ဥပဒေအတိုင်း အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သမ္မတရုံး အကြီးတန်းအရာရှိ တဦးက ဗွီအိုအေကို ပြောပါတယ်။ ပြင်သစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ကတော့ စစ်တပ်ဖက် ကိုလည်း အရေးယူတယ်ဆိုပေမယ့် မီဒီယာကိုဖိနှိပ်တဲ့ အခြေအနေက ပြောင်းလဲသွား တာမဟုတ်ဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကတင်ပြမှာပါ။

မကြာသေးခင်က သတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ် လိုက်တာဟာ သတင်းမီဒီယာတွေကို ပစ်မှတ်ထားတာမဟုတ်ပဲ စစ်တပ်က တာဝန်ရှိတဲ့သူတွေကိုလည်း အရေးယူဖို့ပြင်ဆင်နေကြောင်း သမ္မတရုံး အကြီးတန်းအရာရှိ တဦးက မနေ့ကပြောပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်လို့ ယူနတီ ဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း နဲ့ သတင်းထောက်လေးဦး ကိုထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့သလို ဒီအမှုနဲ့ ဆိုင်တဲ့ စစ်တပ်က တာဝန်ရှိသူတွေကိုလည်း အရေးယူဖို့ ပြင်ဆင်နေတဲ့အကြောင်း သမ္မတရုံး အကြီးတန်းအရာရှိ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

" ယူနတီကိစ္စနဲ့ပတ်သက်လို့ သတင်းသမားတွေကို ထောင်ချပြီး ဥပဒေအရ အရေးယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဝေဖန်ပြောဆိုနေတဲ့ အချိန်မှာ တပ်မတော်ဘက်မှာ သက်ဆိုင်ရာ ကပစ စက်ရုံ တာဝန်ရှိတဲ့ လုံခြုံရေးတာဝန်ရှိတဲ့ သူတွေ၊ သက်ဆိုင်ရာ အရာရှိတွေ၊ ဒါတွေကိုလည်း ကျနော်တို့ စစ်တပ်ဘက်က တပ်မတော်ဘက်ကနေ စစ်စည်းကမ်း၊ စစ်ဥပဒေ စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တပ်မတော်ဘက်မှာကျတော့ ဒီလိုမျိုး လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေ ဆိုတာ အမြင့်ဆုံး ပြစ်ဒဏ်ပေါ့နော် အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ဆိုလိုတာက ဒီယူနတီဂျာနယ်က သတင်းထောက်တွေ လုပ်လိုက်တဲ့ကိစ္စက ဒီဘက်က တပ်မတော် သက်ဆိုင်ရာ အဖွဲ့အစည်းမှာလည်း ဒီလိုမျိုး အရေးယူမှုတွေ လုပ်ဆောင်နေတယ်ဆိုတာ အဲ့တာလေး ပြောချင်ပါတယ်။ ဆိုလိုတာက ဒီဥပဒေနဲ့ ငြိစွန်းတဲ့သူတွေ အကုန်လုံး ပါဝင်သွားတဲ့ သဘောပါ။"


ဒါပေမယ်လို့ သတင်းသမားတွေကို ဖိနှိပ်တဲ့ကိစ္စကို စစ်တပ်က တာဝန်ရှိသူတွေကိုလည်း အရေးယူပါတယ်ဆိုပြီး နှိုင်းယှဉ်ကာကွယ်ပြောဆိုတာဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြင်သစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ Benjamin Ismail က ဗွီအိုအေ ကို ပြောပါတယ်။

"ဒီကိစ္စကို ယှဉ် ပြောလို့မရပါဘူး။ ယူနတီ ကို အရေးယူပြီးတဲ့နောက်မှာလည်း အခု ဘိုင်မွန်းတည့်နေက သတင်းသမားတွေကို အရေးယူအပြစ်ပေးဖို့ လုပ်နေပါတယ်။ အထူးထောက်လှမ်းရေးတွေက မီဒီယာဥပဒေနဲ့မဆိုင်တဲ့ ကိစ္စရပ်တွေကို စနစ်တကျ စစ်ဆေးမေးမြန်းတာ စတဲ့အချက်တွေ ပါနေတာပါ။ မြန်မာနိုင်ငံမှာ အာဏာပိုင်တွေရဲ့ အပြုအမူတွေဟာ သတင်းသမားတွေကို ခြိမ်းခြောက်နေတာပါ။"

သတင်းမီဒီယာဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယကစီကို မနေ့ သဝဏ်လွှာ ပို့ပြီး တုန့်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ဟန်ချက်ညီဆောင်ရွက်နေ တယ်လို့လည်းဖေါ်ပြထားပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင်လ (၁၂)ရက်နေ့က ဖမ်းဆီးထောင်ချထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ သမ္မတဦးသိန်းစိန်ကို အသံတိတ်ဆန္ဒပြတဲ့ သတင်းသမား(၇)ဦးကို ပုဒ်မ (၁၈) လူစုလူဝေးနဲ့ လှည့်လည်ဆန္ဒပြမှု ဥပဒေအရ အရေးယူထားတဲ့နဲ့ ပတ်သက်လို့ လည်း အကြီးတန်းအရာရှိက အခုလို အကျယ်တဝင့် ရှင်းပြပါတယ်။

" နိုင်ငံတော်သမ္မတကြီး ရန်ကုန်မှာ ရုပ်ရှင် သဘင် ဂီတပေါ့ အဲ့ဒီ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ ဆန္ဒပြတဲ့ သတင်းသမားတွေကို သက်ဆိုင်ရာ ရဲစခန်းက တရားစွဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင် တာတွေ၊ ပြောဆိုတာတွေ ရှိပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ တည်ဆဲဥပဒေပေါ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ ဆန္ဒပြမယ်ဆိုရင် အသိပေးခြင်း၊ အရင်တုန်းကဆိုရင် ခွင့်ပြုချက်တောင်းခံခြင်း သက်ဆိုင်ရာ ရဲစခန်းကို လုပ်ရပါတယ်။ အဲ့တာ မလုပ်ပဲနဲ့ အသိပေးခြင်းမရှိပဲ ဆန္ဒပြတယ်ဆိုတာကတော့ ဥပဒေနဲ့ မညီဘူးဗျ။ မညီတဲ့အတွက် သူသက်ဆိုင်တဲ့ ရဲစခန်းက တရားစွဲဆိုခြင်းဖြစ်တယ်။

ဒါပေမဲ့ အဲ့တာနဲ့ပတ်သက်လို့ ပြောတယ်ဆိုရင် ကျနော်တို့က ဘာပြောချင်လဲဆိုတော့ လက်ပံတောင်းကြေးနီ စီမံကိန်း ဒေါ်အောင်ဆန်းစုကြည် ရောက်တဲ့ အချိန်မှာ အဲ့လိုမျိုး ကန့်ကွက် ဆန္ဒပြတာတွေ့တဲ့ အချိန်မှာ သူပြောထားတာတွေရှိတယ်။ သူဆိုလိုတာက အကြမ်းဖျင်းပြောရမယ်ဆိုရင် ဆန္ဒပြချင်ရင် ပြ အဲ့ ဒါပေမဲ့ ရဲစခန်းကိုတော့ ခွင့်ပြုချက်တင် ဥပဒေနဲ့အညီ ဆန္ဒပြရမယ်။ ဥပဒေနဲ့ မညီရင်တော့ အရေးယူခံရမယ်လို့ပြောတယ်။ ဒါက ဒီမိုကရေစီခေါင်းဆောင်ပေါ့နော်။ ဒီလိုမျိုး ဒေါ်အောင်ဆန်း စုကြည် ပြောထားတဲ့စကားက။"

ဒါပေမဲ့လို့ RSF နယ်စည်းမထား သတင်းထောက်များအဖွဲ့ကတော့ မြန်မာ့ သတင်းမီဒီယာလောကဟာ တနေ့ထက်တနေ့ပိုပြီးဆိုးလာနေပြီး အရင် နအဖ စစ်အစိုးရခေတ်က သတင်းသမားတွေကို ဖိနှိပ်ကန့်သတ်တဲ့ ပုံစံမျိုးအတိုင်းပြန်ပြီး ဖြစ်နေတာတွေ့ရတယ်လို့ Benjamin Ismail ကဆိုပါတယ်။

ဘိုင်မွန်းတည့်နေဂျာနယ်က ထုတ်ဝေသူ မိသားစုနဲ့ သတင်းထောက်တွေကို ၁၉၅၀ ခုနှစ်က ထုတ်ထားတဲ့ အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မနဲ့ စွဲချက်တင်ပြီး ရုံးထုတ်စစ်ဆေးနေတာကိုလည်း RSF အနေနဲ့ ကန့်ကွက်ရှုတ်ချတဲ့ အကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။


ဒါအပြင် သမ္မတရဲ့သဝဏ်လွှာမှာ အမုန်းပွားစေတဲ့ ကျင့်ဝတ်နဲ့မညီတဲ့ လှုံဆော်မှုတွေကို ပြည်တွင်းပြည်ပ မီဒီယာအချို့ကနေ ရေးသားဖေါ်ပြခဲ့ကြတယ်လို့ ဆိုထားပေမယ့် တကယ့် လက်တွေ့မှာ ကျင့်ဝတ်ကိုချိုးဖောက်ပြီးရေးနေတဲ့ သတင်းစာဂျာနယ်တွေကို အစိုးရဘက်က ထိထိရောက်ရောက် အရေးယူတာမျိုးမတွေ့ရဘူးလို့လည်း သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG