သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူနတီဂျာနယ်အမှု စတင်ကြားနာ


နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ယူနတီဂျာနယ် အမှုဆောင်ချုပ်နဲ့ သတင်းထောက်တွေရဲ့အမူကို စတင် ရုံးထုတ် စစ်ဆေးနေပြီ ဖြစ်ပါတယ်။ ပခုက္ကူတရားရုံးမှာ တနင်္လာနေ့ကစပြီ်း တရားလိုပြ သက်သေတွေကို စတင် စစ်ဆေးနေတာပါ။ စစ်ဆေးမှုအပေါ် ဥပဒေကြောင်းအရ အားရကျေနပ်မှု ရှိပါတယ်လို့ တရားစွဲခံရသူတွေဘက်က ဥပဒေအကျိုးဆောင် ရှေ့နေက ပြောပါတယ်။

စွပ်စွဲခံထားရတဲ့ သတင်းထောက်တွေထဲက သတင်းထောက်တစ်ဦးရဲ့ ကျန်းမာရေး အခြေအနေဟာ တော်တော်လေး ဆိုးရွားနေလို့ အပြင်မှာ ဆေးကုခွင့် တောင်းခံခဲ့တာကိုတော့ ပယ်ချခံခဲ့ရပါတယ်။ ယူနတီဂျာနယ် သတင်းထောက်တွေရဲ့အမှု စတင် စစ်ဆေးနေတဲ့ နောက်ဆုံးအခြေအနေ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် ယူနတီအပတ်စဉ်ထုတ် ပြည်တွင်းသတင်းဂျာနယ်မှာ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာချုပ်တို့၏ ပေါက်မြို့နယ်က လျှို့ဝှက် ဓာတုလက်နက်စက်ရုံ” ဆိုတဲ့ ခေါင်းစီးနဲ့ မကွေးတိုင်း ပေါက်မြို့နယ်ထဲက အမှတ် (၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံကို ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထုတ်ဝေခဲ့လို့ဆိုပြီး ဖော်ပြပါသတင်းဟာ နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ပေါက်ကြားစေတယ်၊ နောက် ကာကွယ်ရေး ပစ္စည်းစက်ရုံ တားမြစ်နယ်မြေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ ချဉ်းကပ်တယ်၊ ကြည့်ရှု ကျော်ဖြတ် ဝင်ရောက် ဓာတ်ပုံရိုက်ယူတယ်ဆိုပြီး သတင်းထောက်တွေ တရားစွဲခံထားရတာပါ။

ယူနတီသတင်းဂျာနယ်တိုက်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့အတူ ကိုစည်သူစိုး၊ ကိုပိုင်သက်ကျော်၊ ကိုရာဇာဦးနဲ့ ပခုက္ကူအခြေစိုက် သတင်းထောက် ကိုလူမော်နိုင် သတင်းထောက် စုစုပေါင်း ၅ ယောက် စွဲချက်တင် တရားစွဲခံထားရတာ ဖြစ်ပါတယ်။ သူတို့ရဲ့အမှုကို မတ်လ ၁၇ ရက်နေ့ တနင်္လာနေ့ကစပြီး မကွေးတိုင်း ပခုက္ကူခရိုင် တရားရုံးမှာ စတင် အမှုစစ်ဆေးနေပြီ ဖြစ်ပါတယ်။

ဒီအမှုကို တရားစွဲဆိုသူ ကာကွယ်ပစ္စည်းစက်ရုံ ကပစ (၂၄) က ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးနဲ့ တရားလိုပြ သက်သေတွေဖြစ်တဲ့ ဗိုလ်ကြီး ထက်ဝေအောင်တို့ကို မတ်လ ၁၈ ရက်နေ့အထိ ၂ ရက်ဆက်တိုက် တရားရုံးက ထွက်ဆိုချက် သက်သေ စစ်ဆေးခဲ့တယ်လို့ တရားခံအဖြစ် စွပ်စွဲခံရသူတွေဘက်က ဥပဒေအကျိုးတော်ဆောင် ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။ တရားလိုတွေကို စစ်ဆေးမှုတွေအပေါ်မှာ ဥပဒေကြောင်းအရ မျှမျှတတ စစ်ဆေးခွင့်ရတဲ့အပေါ် အားရကျေနပ်မှု ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“မနေ့ကစပြီးတော့ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးကို စ စစ်တယ်။ တရားလိုပေါ့နော်။ တရားလိုစစ်ပြီးတော့ တခါ ဒုတိယအဖြစ်နဲ့ ဗိုလ်ကြီး ထက်ဝေအောင်ကို စစ်တယ်။ ဗိုလ်ကြီး ထက်ဝေအောင်ကို စစ်တဲ့ဥစ္စာက တဝက်တပျက်ပဲ စစ်ရတယ်။ ဒီနေ့ ဆက်ပြီးတော့ စစ်ပါတယ်။ စစ်ဆေး ပေါ်ပေါက်ချက်တွေအရတော့ ကျနော်တို့အတွက် အလွန်အားကောင်းပါတယ်။ သူတို့ကတော့ပေါ့ဗျာ ဒီဥစ္စာ ကန့်သတ်နယ်မြေ၊ မဝင်ရနယ်မြေဖြစ်တယ်ဆိုပြီးတော့ ပြောတယ်ပေါ့နော်။ ကျနော်တို့ဘက်ကတော့ အဲ့ဒီဟာက ကန့်သတ်နယ်မြေမဟုတ်ဘူး။ တားမြစ်နယ်မြေမဟုတ်ဘူး။ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေအရ ဒီဥစ္စာက နိုင်ငံတော် သမ္မတကနေပြီးတော့ တစုံတရာ ပြဌာန်းချက်နဲ့ အမိန့်ပြန်တမ်း ထုတ်ထားတာ မဟုတ်တဲ့အတွက် -- ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ပြောတယ်နော်။ စစ်ဆေးရတာတော့ ကောင်းပါတယ်။ တရားရုံးကလည်း မျှမျှတတနဲ့ပေါ့နော်။ လွတ်လွတ်လပ်လပ်ပဲ စစ်ဆေးခွင့် ပေးပါတယ်။ အဲတော့ ဒီနေ့ အားလုံးကိုတော့ စစ်ဆေးပြီးသွားပါပြီ။”

သတင်းဓာတ်ပုံ ရိုက်ယူသူ ဒေသခံသတင်းထောက် အပါအဝင် သတင်းရေးသား တင်ပြမှုနဲ့ အမှုဆောင် အရာရှိချုပ် အပါအဝင် သတင်းထောက်တွေကို ပေါက်မြို့မ ရဲစခန်းမှာ မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(က)/၉ နဲ့ အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် တရားရုံး၊ ခရိုင် တရားသူကြီးရုံးမှာ အမှုကို စတင် စစ်ဆေးနေတာပါ။ ဒီစွဲချက်အရဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်ပေမဲ့ အခု အမှုစစ်ဆေးနေဆဲ အခြေအနေမှာ တရားလိုပြ သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ အမှုအခြေအနေ အလားအလာ ကောင်းတယ်လို့ ဦးရောဘတ်စန်းအောင် က ရှင်းပြပါတယ်။

“အခုစွဲဆိုထားတဲ့အမှုက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃/၉ အရဖြစ်တယ်။ သို့ပါသော်လည်း အခု သက်သေတွေ စစ်ဆေးပြီးတဲ့အထဲမှာတော့ အဲ့ဒီဟာနဲ့ ငြိစွန်းမှုအချက်က ထင်ထင်ရှားရှား ပေါ်ပေါက်မှု မရှိသေးဘူးပေါ့နော်။ ကျနော်တို့ဟာ လျှို့ဝှက်ချက်ကို တစုံတရာ ချိုးဖောက်တာမဟုတ်ဘူး။ အလွန်ဆုံးဖြစ်လှ ဒါ အမိန့်ကို မနာခံခြင်းသာ ဖြစ်တယ်ဆိုတဲ့ လိုင်းနဲ့ ကျနော်တို့က တက်တာ။ အဲ့ဒီအပေါ်မှာ အခြေအနေကို ပြောရင်တော့ ကောင်းပါတယ်။ သက်သေ ၄၀ ပြီးမှ စွဲချက်တင်သင့် မတင်သင့် အဆင့်ကို ရောက်မှာ။ သက်သေထွက်ဆိုချက် အပိုင်းမှာလည်း ကောင်းပါတယ်။ ကျနော်တို့ သဘောကျပါတယ်။”

အခု ရုံးထုတ်ချိန်မှာ ပခုက္ကူထောင်မှာ ထိန်းသိမ်းခံထားရတဲ့ သတင်းထောက် ကိုလူမော်နိုင်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့အတွက် သတင်းထောက်တွေဘက်က ရှေ့နေက အာမခံ လျှောက်ထားပေမဲ့ တရားရုံးက အာမခံ မပေးခဲ့ဘူးလို့လည်း ဦးရောဘတ်စန်းအောင် က ပြောပါတယ်။ နာမကျန်းဖြစ်နေတဲ့ သတင်းထောက်ကို အကျဉ်းထောင်ထဲမှာပဲ လိုအပ်သလို ဆေးဝါးကုသမှု ခံယူရမယ်လို့ အမိန့်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ။ ကိုလူမော်နိုင်က အစာအိမ်လည်းဖြစ်နေတယ်။ နောက်ပြီးတော့ ကျောမှာလည်း ရေယုံတွေပေါက်တဲ့အတွက် ခါးလည်းနာနေတယ်။ သူက သရက်ရွက်လည်း မကောင်းဘူးဗျ။ ဒါပေမဲ့ သူ့ကို အာမခံ မပေးဘူး။ ထောင်အထူးကုနဲ့ ကုသပေးဖို့အတွက်ပဲ တရားရုံးက ညွှန်ကြားပေးပါမယ်လို့ ပြောတယ်။ နောက်ထပ် ရုံးချိန်းကတော့ ၂၄၊ ၂၅ မှာ မကွေးတိုင်း တရားသူကြီးချုပ်က ရုံးစစ်လည်းလာမယ်။ အကျဉ်းထောင်ကိုလည်း ဝင်ရောက် စစ်ဆေးမှာဖြစ်တဲ့အတွက် ရုံးချိန်းကို ဖျက်သိမ်းပြီးတော့ မတ်လ ၃၁ ရက် တနင်္လာနေ့နဲ့ ဧပြီလ ၁ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။”

အခုလို အရပ်သား အစိုးရလက်ထက် သတင်းမီဒီယာ ပွင့်လင်းလွတ်လပ်ကာစ မြန်မာနိုင်ငံမှာ သတင်းထောက်တွေအပေါ် တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ပတ်သက်ပြီး HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က စိုးရိမ်မကင်းဖြစ်သလို နိုင်ငံတကာ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး (CPJ) အဖွဲ့ အပါအဝင် သတင်းသမားတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုနေပေမဲ့ မြန်မာပြန်ကြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်ကတော့ ဒါဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် မဟုတ်ဘဲ သတင်းသမားတွေက တည်ဆဲဥပဒေကို ချိုးဖောက်တဲ့အတွက် အရေးယူရတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
XS
SM
MD
LG