သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Unity ဂျာနယ် အမူထမ်း နောက်ထပ် တစ်ဦး ထိန်းသိမ်းခံရ


ယူနတီသတင်းဂျာနယ်မျက်နှာဖုံး
ယူနတီသတင်းဂျာနယ်မျက်နှာဖုံး
မကွေးတိုင်း ပေါက်မြို့နယ်ထဲက ကာကွယ်ရေးဌာန စစ်လက်နက်ပစ္စည်း စက်ရုံတခုအကြောင်း သတင်းဖော်ပြခဲ့တဲ့ UNITY ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာနဲ့ သတင်းထောက်တွေကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးပြီးတဲ့နောက် နောက်ထပ် UNITY ဂျာနယ် ကတာဝန်ရှိသူတဦး နဲ့ မိသားစုတွေကိုလည်း ထိန်းသိမ်းစစ်ဆေးနေတာတွေကို အာဏာပိုင်တွေက ဆက်လုပ်နေပါတယ်။ မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် UNITY ဂျာနယ်မှာ ဖော်ပြထားတဲ့ မကွေးတိုင်း ပေါက်မြို့မှာရှိတဲ့ စက်ရုံတခုကို လျှို့ဝှက် ဓာတုလက်နက် စက်ရုံ လို့ ယူဆရတဲ့အကြောင်းနဲ့ စက်ရုံ ဓာတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြ မိပြီး နောက်ပိုင်းမှာ UNITY ဂျာနယ် က ပေါက်မြို့နယ် သတင်းထောက် ကိုလူမော်ကို ဇန်နဝါရီလ ၃၁ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ နောက်တရက် မှာတော့ အမူဆောင်အယ်ဒီတာချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၃ ဦးအား အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမယ်ဆိုပြီး ဖမ်းဆီးခဲ့တာပါ။

သူတို့ကိုတော့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ နဲ့ မကြာခင်မှာ ရုံးတင် စစ်ဆေးတော့မှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အမူဆောင် အယ်ဒီတာချုပ်နဲ့ ဆွေမျိုးတော်စပ်သူလည်းဖြစ် UNITY ဂျာနယ်ရဲ့ ရုံးပိုင်းဆိုင်ရာ တာဝန်ရှိသူလည်းဖြစ်တဲ့ ကိုအောင်ဝင်းထွန်းကို ထပ်ပြီးတော့ ဖမ်းဆီးသွားကြောင်း UNITY ဂျာနယ်တိုက်က ဝန်ထမ်းတဦး က ပြောကြားပါတယ်။

"မနက် ၈ နာရီလောက်က လ္ဘက်ရည်ဆိုင်ထွက်ဖို့သွားတဲ့အခါမှာ လ္ဘက်ရည်ဆိုင်ထိုင်နေတုန်း လ္ဘက်ရည်ဆိုင်မှာ လာခေါ်သွားတာခင်ဗျ။ ပြီးတော့ နယ်မြေခံ အက်စ်ဘီက အုန်းလွင်လို့ပြောတယ်ခင်ဗျ။ ရုံးနားမှာ ဝန်းကျင်မှာ ဝဲနေတယ်။ ဝဲပြီးတော့ ရုံးဖုန်းကို ကြားဖြတ်နားထောင်တာမျိုးတွေ ရှိနေတယ်အမ"

ပြီးခဲ့တဲ့ တရက်ကပဲ မကွေးတိုင်းပေါက်မြို့က UNITY ဂျာနယ်သတင်းထောက် ကိုလူမော်နိုင်ကို ပခုက္ကူထောင်မှာထောင်ဝင်စာ သွားတွေ့တဲ့ဇနီးသည် မလွင်လွင်မြင့်ကိုလည်း ပခုက္ကူထောင်မှာ တညတာ ဖမ်းဆီးပြီးတော့ စစ်ဆေးမေးမြန်းခဲ့တယ်လို့ မလွင်လွင်မြင့်ကဆိုပါတယ်။

"ကိုလူမော်ကို တွေ့ရမယ်ဆိုပြီး ညာခေါ်သွားတာ ကျမကို။ ထောင်ဝန်းထဲမှာ ကျမက ကိုလူမော်နဲ့တွေ့ဖို့ညမကစောင့်နေတုန်းလေ။ ကိုလူမော်နဲ့ အေးအေးဆေးဆေးတွေ့ပေးပါ့မယ်ဆိုပြီးတော့ သူတို့ အက်စ်ဘီရုံး ကို ခေါ်သွားတာ။ ထောင်ဝန်းထဲကနေ။ ကျမကို စစ်တာပေါ့ စစ်ကြောရေး လုပ်တာ။ ၁၁နာရီခွဲကနေ လေးနာရီခွဲလောက်အထိ စစ်ကြောရေး လုပ်တယ်။ နောက်ပြီးတော့ ကျမသုံးတဲ့ ဂျီမေးလ် အဲဒါတွေ အကုန်မေးတယ်ပေါ့။ မနေ့က အရင် ကျမကို တရားရုံးပို့တာအမ။ အဲဒီ အက်စ်ဘီရုံးကနေလေ။ ကျမကမေးတယ် ဘာမှုနဲ့လဲဆိုတော့ တရားသူကြီးက ဖတ်ပြတယ်။ ကျမကို ရမာန် တစ်ပါတ်ယူမယ်တဲ့။ ကျမကို ဘာအမှုနဲ့ လုပ်တာတုန်း။ တပ်တာတုန်း။ ဘာအမှုနဲ့ ထောင်ထဲပို့တာတုန်းမေးတော့ သူတို့က မပြောဘူး။ ပြောလို့မရလို့ပါ တဲ့။ ကျမက သုံးနှစ်အရွယ် ခလေးလေး နို့စို့အရွယ် ခလေးလေးလဲ ပါတယ်လို့။ အဲဒါ ကျမကပြောတာ သူတို့က မရဘူး။ အတင်း ပို့တယ်။ အိမ်သာနဲ့ မျက်နှာချင်းဆိုင်ပေါ့။ အခန်းထဲမှာ ကျမကို တစ်ယောက်ထည်းထားတယ်။ ကျမသမီး နဲ့ ကျမကိုပေါ့။ အဲဒီအထဲမှာ ထားတယ်။ ထားပြီးတော့မှ ညနေ ၇နာရီလောက် ည ၇နာရီလောက်ကျမှ လာထုတ်ပြီးတော့မှ ထောင်မှူးကြီးက လွတ်ပါပြီတဲ့။ လွတ်တာက အိမ်မှာ ကျမ မရှိဘဲနဲ့ တံခါးပိတ်ထားခဲ့တာလေ။ အဲဒါကို ပြူတင်းပေါက်ကိုဖွင့်ပြီး ကျော်ဝင်တာ"

လက်ရှိမှာတော့ သူရဲ့ဟန်းဖုန်းနဲ့ ကွန်ပြူတာများကိုလည်း အာဏာပိုင်တွေက သိမ်းဆည်းထားတယ်လို့ဆိုပါတယ် ။ မကွေးတိုင်း ပေါက်မြို့နဲ့ ၁၂မိုင်ကျော်မှာ ရှိတဲ့ လယ်ဧက သုံးသောင်းကျော်ပေါ်မှာဆောက်လုပ်ထားတဲ့စက်ရုံကြီးနဲ့ ပါတ်သက်လို့ မြေသိမ်းခံထားရတဲ့ လယ်သမားတွေရဲ့နစ်နာမူတွေကို သတင်းထောက်တွေကမေးမြန်းရင်းနဲ့ အဲဒီ စက်ရုံကြီးကို လျှို့ဝှက်ဓါတုလက်နက် စက်ရုံအဖြစ် ယူနီဂျာနယ်မှာ ဖော်ပြခဲ့တာပါ။

UNITY ဂျာနယ် သတင်းထောက်တွေ အဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်းနဲ့ စာနယ်ဇင်းသမားတွေက စိုးရိမ်မကင်းဖြစ်ကြသလို ပြည်ပက အမေရိကန် အခြေစိုက် CPJလို့ခေါ်တဲ့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲနဲ့ ပြင်သစ်အခြေစိုက် နယ်စီးမခြား သတင်းထောက်များ အဖွဲ့တွေကလည်း ကြေညာချက်များ
ထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် ပြည်ပစာနယ်ဇင်းသမားများကလည်းကြေညာချက် ထုတ်ပြန်ခဲ့သလို စာနယ်ဇင်းကောင်စီက ကြားဝင်ဆောင်ရွက်ပေးဖို့အတွက် အစိုးရနဲ့ လွှတ်တော်ကိုလည်း ကမ်းလှမ်းထားပါတယ်။
XS
SM
MD
LG