သုံးရလွယ်ကူစေသည့် Link များ

မြန်မာ စိုက်ဧကတိုး၊ ဘိန်းအထွက်နှုန်းကျ


မြန်မာ စိုက်ဧကတိုး၊ ဘိန်းအထွက်နှုန်းကျ
မြန်မာ စိုက်ဧကတိုး၊ ဘိန်းအထွက်နှုန်းကျ

UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်လိုက်တဲ့ နှစ်စဉ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုး မြေဧက တိုးများလာတယ် ဆိုပေမဲ့ ဘိန်းဖြူထွက်ရှိမှု ပမာဏဟာ မနှစ်တွေကထက် ကျဆင်းလာပါတယ်။ အစီရင်ခံစာရဲ့ အနှစ်ချုပ်မှာလည်း ဘိန်းဖြူ အဓိကထွက်တဲ့ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံစလုံးမှာ ဘိန်းဖြူထုတ်လုပ်မှု ပမာဏ ကျဆင်းလာတယ်လို့ ဆိုပါတယ်။ အစီရင်ခံစာထဲ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘာတွေများ ရေးသားဖော်ပြသလဲဆိုတာ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လက်ရှိ တကမ္ဘာလုံးမှာ ဘိန်းဖြူစိုက်ပျိုး ထုတ်လုပ်မှု စာရင်းမှာတော့ အဓိကက အာဖဂန်နစ္စတန်နိုင်ငံက ထိပ်ဆုံးက ရှိနေဆဲ ဖြစ်သလို မြန်မာနိုင်ငံဟာလည်း ဒုတိယမြောက် နိုင်ငံအဖြစ် ရှိနေတုန်းပါ။ ဒါပေမဲ့ ဘိန်းဖြူစိုက်ပျိုး ထုတ်လုပ်မှု တတိယမြောက် အများဆုံးနိုင်ငံ ဖြစ်နေတဲ့ မက္ကဆီကိုနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်မှာတော့ ထုတ်လုပ်မှုဟာ မြန်မာနား ကပ်လာပါတယ်။

မြန်မာနိုင်ငံဟာ အရင်နှစ်တွေကထက် ဘိန်းစိုက်ပျိုး မြေဧက တိုးလာပေမဲ့လည်း ထွက်နှုန်းမှာတော့ အရင် ၂၀၀၈ ခုနှစ်ထက် ကျဆင်းခဲ့ပါတယ်။ အရင်တုန်းက ဘိန်းစိုက်ပျိုးမှု အဓိက နေရာတွေဟာ တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်တွေမှာ ဖြစ်ပေမဲ့ အခု နောက်ပိုင်းမှာတော့ ရှမ်းပြည်တောင်ပိုင်း၊ အထူးသဖြင့် ထိုင်းနဲ့ လာအိုနယ်စပ်တွေမှာ ဘိန်းစိုက်ပျိုးမြေတွေ ပိုများလာတာကို အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါကြောင့် ဘိန်းစိုက်ပျိုးမြေဒေသ ပြောင်းလာတာနဲ့ ရာသီဥတု အခြေအနေတွေကြောင့် ဘိန်းစိုက်ပျိုးမြေ များလာပေမဲ့ အထွက်နှုန်း ကျဆင်းတာလို့ သုံးသပ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံလိုပဲ မြန်မာနိုင်ငံမှာလည်း ဒီ ဘိန်းစိုက်ပျိုး ကုန်သွယ်မှု အကျိုးအမြတ် ငွေကြေးဟာ သူပုန်အုပ်စုတွေအတွက် အဓိကဝင်ငွေလို ဖြစ်နေတယ်လို့ UNODC အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သူပုန်အုပ်စုတွေ အနေနဲ့ အခုလို ဘိန်းဖြူစိုက်ပျိုး ကုန်သွယ်မှုအရ ဝင်ငွေရနေသလို တဘက်မှာ ATS စိတ်ကြွဆေးပြားတွေ ထုတ်လုပ်ပြီး ရန်ပုံငွေကြေး ရှာဖွေစုဆောင်းတာ လုပ်တယ်လို့ အစီရင်ခံစာမှာ ဝေဖန်ရေးသားထားပါတယ်။

ဒါကြောင့်လည်း မူးယစ်ဆေးဝါး ကုန်သွယ်မှုနဲ့ ပတ်သက်လို့ တရားမဝင် စီးပွားရေးဈေးကွက် ဖြစ်နေတဲ့ ကမ္ဘာ့နေရာ ၃ ခုမှာ အာဖဂန်နစ္စတန်၊ မက္ကဆီကိုနဲ့ ကိုလံဘီယာနိုင်ငံတွေ အဓိကဖြစ်နေတဲ့ လက်တင်အမေရိကန် ဒေသနဲ့ မြန်မာနိုင်ငံ အဓိကဖြစ်တဲ့ အရှေ့တောင်အာရှဒေသ ဆိုပြီး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အာဖဂန်နစ္စတန်ရဲ့ ဘိန်းဖြူဟာ ကမ္ဘာ့ဈေးကွက်ကို အသွားများပေမဲ့ မြန်မာပြည်က ဘိန်းဖြူဈေးကွက်ဟာ တရုတ်နိုင်ငံတွင်း ဖြစ်နေတယ်လို့လည်း ဖော်ပြပါတယ်။ အဓိက တရုတ်နိုင်ငံဝင်တဲ့ အရှေ့တောင်အာရှ အတွင်းက ဘိန်းစိုက်ပျိုးဒေသဟာ မြန်မာနဲ့ လာအိုနိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက မက်တာဖက်တမင်း ဆေးပြားတွေဟာ ဗဟိုအစိုးရ ချုပ်ကိုင်မှု ကင်းလွတ်တဲ့ ဒေသတွေကနေ ထုတ်လုပ်လာတာ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ရေးပါတယ်။

၂၀၀၆ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ် အတွင်းမှာတော့ မြန်မာအာဏာပိုင်တွေဟာ ဘိန်းဖြူချက်စခန်းပေါင်း ၂၄ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဘိန်းခင်း ဖျက်ဆီးနှိမ်နင်းမှုတွေကိုလည်း ၂၀၀၈ ခုနှစ်အတွင်း အားကောင်းကောင်းနဲ့ လုပ်ခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်မှာတော့ ဘိန်းခင်းဖျက်ဆီးနိုင်မှု ပမာဏဟာ ၂၀၀၈ ခုနှစ်ထက် သိသိသာသာ ကျဆင်းသွားပါတယ်။ အကြောင်းရင်းကိုတော့ အသေအချာ ရေးပြတာ မရှိပေမဲ့လို့ ၂၀၀၉ ခုနှစ်အတွင်း ဒေသခံ လက်နက်ကိုင် အင်အားစုတွေနဲ့ အစိုးရအကြား နိုင်ငံရေး တင်းမာမှုတွေ ရှိနေတာ၊ ဒေသ မတည်ငြိမ်မှုတွေ ပိုတိုးပြီး ဖြစ်လာတာကြောင့်လို့ ယူဆရပါတယ်။

စိတ်ကြွဆေး မက်တာဖက်တမင်း ထုတ်လုပ်မှုမှာတော့ မြန်မာနိုင်ငံဟာ အာရှဒေသတွင်းမှာ စတုတ္ထအများဆုံး လိုက်ပါတယ်။ မြန်မာရှေ့မှာ တရုတ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းတို့ ရှိပါတယ်။ မြန်မာရှိနေတဲ့ အရှေ့တောင်အာရှ ဒေသဟာ စိတ်ကြွဆေး ထုတ်လုပ်မှု၊ တရားမဝင် ကုန်ကူးရောင်းဝယ်မှုတွေ အဆိုးဆုံး ဒေသတခုလည်း ဖြစ်လာပါတယ်။

XS
SM
MD
LG