သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြန်မာ တိုးမြင့်လာ


မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြန်မာ တိုးမြင့်လာ

အရှေ့တောင်အာရှ အတွင်းက အိမ်နီးချင်း နိုင်ငံတွေမှာ သုံးစွဲနေတဲ့ မူးယစ်ဆေးဝါး အများစုကို မြန်မာနိုင်ငံက ထုတ်လုပ်နေတာဖြစ်ပြီး လွန်ခဲ့တဲ့ တနှစ်အတွင်း မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ မြင့်တက်လာသလို အိမ်နီးချင်း နိုင်ငံတွေက သုံးစွဲမှုနှုန်းဟာလည်း ပိုများလာတာကို တွေ့ရတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု နှိမ်နှင်းရေး အဖွဲ့က ပြောပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ၂၀၁၀ ခုနှစ်အတွက် အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ကုလသမဂ္ဂ တာဝန်ရှိသူတွေက အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ အမ်ဖက်တမင်း (Amphetamine) လို့ခေါ်တဲ့ စိတ်ကြွဆေးတွေနဲ့ တခြား မူးယစ်ဆေးဝါး ထုတ်လုပ်မှု အရှိန်ဟာ ၂၀၀၉ ခုနှစ် အစီရင်ခံစာ ထုတ်ပြန်တုန်းက နှိုင်းယှဉ်လိုက်ရင် ရာခိုင်နှုန်းအားဖြင့် သိသိသာသာ မြင့်တက်လာတာကို တွေ့ရတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံးရဲ့ အရှေ့အာရှဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရေး တာဝန်ခံ မစ်စ် ဒီပီကာ နာရူကာ (Ms. Deepika Naruka) က ပြောပါတယ်။

“သိကြတဲ့ အတိုင်းပါပဲ၊ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ မက်သမ်ဖက်တာမင်း ဆေးပြားတွေ အများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို ကြည့်လိုက်မယ်ဆိုရင် ၂၀၀၉ ခုနှစ်မှာ မက်သမ်ဖက်တာမင်း ဆေးပြားပေါင်း ၂၃.၉ သန်းလောက် မြန်မာနိုင်ငံထဲမှာ ဖမ်းမိခဲ့ပါတယ်တဲ့။ အဲဒီ ၂၀၀၉ ခုနှစ်က ရရှိထားတဲ့ စာရင်းဇယားတွေ အရကလည်း အဲဒီ ဆေးပြားတွေကို ထုတ်လုပ်တဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ဖမ်းမိခဲ့တာကို တွေ့ရပါတယ်။” လို့ ပြောသွားပါတယ်။

အဲဒီ ဖမ်းမိတဲ့ မက်သမ်ဖက်တာမင်း စိတ်ကြွဆေးပြား အများစုဟာ မြန်မာနိုင်ငံထဲမှာ သုံးစွဲဖို့အတွက် မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံတွေကို တင်ပို့ဖို့အတွက် ဖြစ်တယ်ဆိုတာကို တွေ့ခဲ့ရတယ်လို့ မစ်စ် ဒီပီကာ နာရူကာက ဆက်ပြောပါတယ်။

“ဒီစိတ်ကြွဆေးပြားတွေကို ရှမ်းပြည်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ အဓိကထား ထုတ်လုပ်တာကို တွေ့ရှိရတယ်။” လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေဟာ အိမ်နီးချင်း နိုင်ငံတွေကို တင်ပို့နိုင်ဖို့အတွက် သူတို့အချင်းချင်း ပူးပေါင်း လုပ်ဆောင်ကြတာ ရှိသလို အာဏာပိုင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်ကြတယ် ဆိုတာကိုလည်း တွေ့ရှိရတယ်လို့ UNODC ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနေကိုယ်စားလှယ် ဂယ်ရီ လူးဝစ်စ် (Gary Lewis) က အခုလို ပြောသွားပါတယ်။

“နိုင်ငံရေးအရ ရှုပ်ထွေးပြီး အဂတိ လိုက်စားမှု တော်တော်များများ ဖြစ်နေတဲ့ ဒီဒေသထဲမှာ တချို့ကတော့ သူတို့အချင်းချင်း ပူးပေါင်း လုပ်ဆောင်ကြတာမျိုး ရှိပြီး တချို့ကတော့ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်တာကို တွေ့ရပါတယ်။ အဲဒီလို အစိုးရ အာဏာပိုင်တွေဘက်က အဂတိ လိုက်စားမှုတွေရှိတယ် ဆိုတာကိုလည်း မြန်မာ အာဏာပိုင်တွေဘက်က ၀န်ခံ ပြောဆိုထားပါတယ်။ ဒါကြောင့် ဒီဒေသတွေမှာ ဘက်ပေါင်းစုံက လှုပ်ရှားနေကြတယ် ဆိုတာကို တွေ့ရပါတယ်။”

အစီရင်ခံစာထဲမှာ အဓိက အလေးပေး ပြောသွားတာကတော့ ဗီယက်နမ် နိုင်ငံကလွဲလို့ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံ တခုဖြစ်တဲ့ ထိုင်းနိုင်ငံ အပါအ၀င် ဒေသတွင်း နိုင်ငံတွေမှာ မက်သမ်ဖက်တာမင်းလို စိတ်ကြွဆေး သုံးစွဲမှုနှုန်းဟာ လွန်ခဲ့တဲ့ တနှစ်အတွင်း ပိုများလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စိတ်ကြွဆေး ဖမ်းမိတဲ့ အရေအတွက်ဟာလည်း ဒီနိုင်ငံတွေမှာ ပိုများလာတာကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ခုနှစ်အတွင်း ထုတ်လုပ်မှုအရှိန် ပိုများလာတယ်လို့ ယေဘုယျအားဖြင့် သုံးသပ်လို့ ရတယ်လို့ ဆိုပါတယ်။

UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး အနေနဲ့ကတော့ ဒီ စိတ်ကြွဆေးပြား ထုတ်လုပ်မှု လျှော့ချရေး အပါအ၀င် ဘိန်းစိုက်ပျိုးသူတွေ အနေနဲ့ တခြား ဘိန်းအစားထိုး သီးနှံတွေ စိုက်ပျိုးနိုင်ရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေ အပါအ၀င် အိမ်နီးချင်း နိုင်ငံတွေနဲ့ အတူ လက်တွဲ လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ဂယ်ရီ လူးဝစ်စ်က ပြောပါတယ်။

XS
SM
MD
LG