သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု ဆယ်စုနှစ်အတွင်း အများဆုံး


မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေဟာ မကြာသေးခင်နှစ်တွေအတွင်း တိုးလာနေရာမှာ ရွှေတြိဂံဒေသ တခုလုံးက ဘိန်းအထွက်နှုန်းမှာ ထိပ်ဆုံးအဆင့်အထိ ရောက်နေတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC) ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

မြန်မာအစိုးရကတော့ ဘိန်းတိုက်ဖျက်ရေး အစီအစဉ်တွေကို အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပေမဲ့ တနိုင်ငံလုံး ဘိန်းပပျောက်ရေး စီမံကိန်းကတော့ မှန်းထားတဲ့အတိုင်း အကောင်အထည် ဖော်နိုင်ဖို့ မလွယ်တော့ဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံက ဘိန်းထုတ်လုပ်မှုဟာ ဒီနှစ် ၂၀၁၃ ခုနှစ်အတွင်း ၂၆% တိုးပြီး၊ မက်ထရစ် တန်ချိန်ပေါင်း ၈၇၀ အထိ ရှိခဲ့တဲ့အတွက် ဒါဟာဆိုရင် UNODC က စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ ၂၀၀၂ ခုနှစ်ကစလို့ အများဆုံး ဖြစ်တဲ့အကြောင်း အစီရင်ခံစာသစ်က ဖော်ပြထားတာ ဖြစ်ပါတယ်။

ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေ လျှော့ချရေး အစီအစဉ်တွေ ရှိတယ်ဆိုပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု ပမာဏဟာ ၂၀၀၆ ခုနှစ်ကစလို့ နှစ်စဉ် တိုးလာနေတာပါ။ ဒီနှစ်မှာတော့ ၁၃% မြင့်တက်ခဲ့တာဟာ စိုးရိမ်စရာဖြစ်တဲ့အကြောင်း UNODC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Jason Eligh က အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုလိုက်ပါတယ်။

“အခြေအနေက ဒီအတိုင်း ဆက်ဖြစ်နေမယ် ဆိုရင်တော့ စိုးရိမ်စရာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ စိုက်ပျိုးမှုတွေ တိုးလာရတဲ့ အကြောင်းရင်းတွေ တော်တော်များများ ရှိနေတယ်လို့လည်း ကျနော်ထင်ပါတယ်။ ဒီအထဲမှာ တချို့ကိစ္စတွေကတော့ အစိုးရက မကိုင်တွယ်နိုင်ဘဲ ဖြစ်နေတာတွေလည်း ပါနိုင်ပါတယ်။”

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဦးစီးအရာရှိချုပ် ရဲမှူးချုပ်ဝင်းခေါင် ကတော့ ဘိန်းစိုက်ခင်း ဧကပေါင်း နှစ်စဉ် ထောင်နဲ့ချီ ဖျက်ဆီးတာလို အစိုးရက ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတဲ့အကြောင်း ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လုံခြုံရေးကိစ္စ အပါအဝင် အခက်အခဲတွေ ရှိနေဆဲဖြစ်တာကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်နိုင်ပဲ ဖြစ်နေရတာလို့ ပြောပါတယ်။

“ဘိန်းစိုက်ပျိုးမှုတွေ ဆိုတာမှာ၊ စိုက်ပျိုးမှုတွေ တိုးတက်တယ် ဆိုတာက များသောအားဖြင့် ကျနော်တို့ ဟိုဟာပေါ့နော်၊ အလှမ်းမမှီတဲ့ အထူးသဖြင့်ကတော့ ကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေတဲ့ ဧရိယာတွေဖက်မှာပဲ များနေတယ်။ အဲဒီတော့ ကျနော်တို့ကတော့ မိမိလုံခြုံရေးတွေယူပြီး သွားလာနိုင်တဲ့ နေရာတွေ အထိကတော့ ကျနော်တို့ ဘိန်းခင်း ဖျက်ဆီးမှုတွေကို ဆောင်ရွက်တယ်။ ဒါကြောင့်မို့လို့ အချို့သောဥစ္စာ တိုးတာတွေရှိနေတယ် ဆိုသော်ငြားလည်း ကျနော်တို့ လက်လှမ်းမမှီတဲ့ ဧရိယာတွေမှာကျတော့ ရှိနိုင်ပါတယ်။ ဒါတွေကတော့။”

မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှုတွေရဲ့ ၉၂% ကတော့ ရှမ်းပြည်နယ်မှာဖြစ်ပြီး၊ ကျန်တဲ့ ၈% နီးပါးကတော့ ကချင်ပြည်နယ်မှာ တွေ့ရတဲ့အကြောင်း UNODC ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ပြည်တွင်းပြည်ပက မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ကြီးထွားလာတာဟာလည်း ဘိန်းစိုက်ပျိုးမှု တိုးလာရတဲ့ အကြောင်းရင်းတခု ဖြစ်နိုင်သလို၊ အဓိက အားဖြင့်ကတော့ တောင်သူတွေ စားဝတ်နေရေး မပြေလည်တဲ့အတွက် ဘိန်းကို ပိုစိုက်လာကြတာကိုလည်း အစီရင်ခံစာက ထောက်ပြထားတာပါ။

လေ့လာချက်တွေအရ ဘိန်းစိုက်ပျိုးမှုနဲ့ ဆင်းရဲမွဲတေမှုကြား ဆက်နွယ်မှုတွေ အခိုင်အမာ ရှိနေတာကို တွေ့ရတဲ့အကြောင်းလည်း UNODC အရာရှိ Jason Eligh ကပြောပါတယ်။

“ဆင်းရဲမွဲတေမှုက စိုက်ပျိုးမှုတွေ တိုးလာအောင် တွန်းအားပေးတဲ့ အဓိက အကြောင်းရင်းတခု ဆိုတာကတော့ သေချာပါတယ်။ မိသားစုတစုမှာ ပိုက်ဆံလည်းမရှိ၊ အနီးအနားမှာလည်း တခြား ရပေါက်ရလမ်း မရှိဘူးဆိုရင်တော့၊ ရပ်တည်ရှင်သန်နိုင်ဖို့ အတွက် ဖြစ်နိုင်သမျှ နည်းလမ်းရှာပြီး စားဖို့သောက်ဖို့အတွက် ငွေရအောင် ရှာကြမှာပါပဲ။ အခုဆိုရင် ရှမ်းပြည်နယ်မှာ ဒီအတိုင်း ဖြစ်နေတာကိုလည်း တွေ့နေရပါတယ်။”

မြန်မာအစိုးရကတော့ တနိုင်ငံလုံး ဘိန်းပပျောက်ရေး ၂၀၁၄ ခုနှစ်မှာ နောက်ဆုံးထား အကောင်အထည်ဖော်ဖို့ အစောပိုင်းမှာ ရည်မှန်းထားတာပါ။ ဒါပေမဲ့လည်း လတ်တလော အခြေအနေတွေ အရကတော့ မှန်းထားတဲ့အတိုင်း ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲမှူးချုပ်ဝင်းခေါင် ကပြောပါတယ်။

“ဒီအခြေအနေအတိုင်း ဆိုလို့ရှိရင် ရည်မှန်းချက်တွေ ဘာပဲဖြစ်နေဖြစ်နေ ၂၀၁၄ ခုနှစ်မှာ ပပျောက်ဖို့ဆိုတဲ့ ပထမဥစ္စာဟာ ဘယ်လိုနည်းနဲ့မှ ကျနော်တို့ မမှီနိုင်ဘူး၊ မဖြစ်နိုင်ဘူး။ အဲဒီတော့ ကျနော်တို့က တဘက်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေသေးသမျှ ကာလပတ်လုံး ဒါတွေက အမြစ်ပြတ်ဖို့ ဆိုတဲ့ဥစ္စာက တော်တော်တော့ ခက်ခဲတယ်။”

UNODC ရဲ့ ပြီးခဲ့တဲ့လဆန်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုနဲ့ စိုက်ပျိုးနိုင်တဲ့ အလားအလာရှိတဲ့ ဧရိယာဟာ ၂၀၁၂ ခုနှစ်ထဲမှာ ၁၇% အထိ တိုးလာခဲ့တဲ့အကြောင်း ဖော်ပြခဲ့တာပါ။

ဒီလိုပဲ မြန်မာနိုင်ငံတွင်းနဲ့ ဒေသတွင်း နိုင်ငံတွေမှာပါ သုံးစွဲမှုတွေ များလာနေတဲ့ methamphetamine စိတ်ကြွဆေး ထုတ်လုပ်ရာ အဓိကနိုင်ငံတခု အဖြစ်နဲ့ တွေ့ရသလို၊ မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ စိတ်ကြွဆေးတွေကို အိမ်နီးချင်း တိုင်းပြည်တွေမှာ ဖမ်းဆီးရမိတာတွေဟာလည်း အရင်ထက် ပိုများလာတဲ့အကြောင်း အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။
XS
SM
MD
LG