သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမှာ မငြိမ်မသက်မှုတချို့ ထပ်မံဖြစ်ပွား


လူ ၂ ဦးသေဆုံးခဲ့တဲ့အထိ ဆူပူမှုတွေ ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ပြီး အာဏာပိုင်တွေက ထိန်းသိမ်းနေပေမဲ့ မငြိမ်မသက် အခြေအနေ တချို့လည်း ဒီကနေ့အထိ ဖြစ်ပွားနေတာကြောင့် လူတချို့ကို ဖမ်းဆီးခဲ့တဲ့အကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ သေဆုံးသူတွေထဲက တဦးဖြစ်သူရဲ့ ဈာပနအခမ်းအနား ဒီကနေ့ ကျင်းပချိန်မှာလည်း ဒေါသထွက်နေကြတဲ့ လူတချို့က မူဆလင်ဗလီတချို့ကို ခဲနဲ့ပစ်ပေါက်တာ၊ သွားလာနေတဲ့ ကားနဲ့ဆိုင်ကယ်တချို့ကို တိုက်ခိုက် တာတွေ ဖြစ်ခဲ့တယ်လို့လည်း မျက်မြင်တွေ့သူတွေကပြောပါတယ်။ မန္တလေးမြို့က တင်းမာနေဆဲ အခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ကြာသပတေးညက မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၆ခုမှာ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးတဲ့နောက် လုံခြုံရေးအခြေအနေကို သိသိသာသာထိန်းသိမ်းလိုက်နိုင်ပြီး လူအချို့ကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။ လတ်တလော လုံခြုံရေးထိန်းသိမ်းမှု အခြေအနေကို မန္တလေးတိုင်းဒေသကြီးက ဒုရဲမှုးကြီး ဇော်မင်းဦးက အခုလို ပြောပါတယ်။

"ကျနော်တို့ ဓားတွေဘာတွေတွေ့လို့ ဖမ်းတာဆီးတာ၊ ဒါလေးတွေတော့ ရှိပါတယ်။ အဲ့တာ လေး၊ ငါးယောက်ပါပဲ။ အခုလို ကျနော်တို့က ညမထွက်ရအမိန့်တွေထုတ်၊ ဘာညာဆိုတော့ ထွက်လာတဲ့သူဆို တန်းပြီး စီစစ်လို့ရတော့ ဒါက လုံခြုံရေးထိန်းသိမ်းရတာ ပိုကောင်းပါတယ်။"

ဒီလ၂ရက်နေ့ညနဲ့ ၃ရက်နေ့မနက် အစောပိုင်းက ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာတော့ ဗုဒ္ဓဘာသာဝင်တဦးနဲ့ အစ္စလာမ် ဘာသာဝင်တဦး သေဆုံးခဲ့ရပါတယ်။ ကွယ်လွန်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ဦးစိုးမင်းခေါ် မိုဟာမက်နူးရဲ့ ဈာပနကိုတော့ ၃ရက်နေ့ နေ့ခင်းမှာ ပြုလုပ်ခဲ့ပြီး ကွယ်လွန်သူ ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းခေါ် ရောင်ပြန်ရဲ့ ဈာပနကိုတော့ ဒီကနေ့ နေ့ခင်း၁နာရီမှာ ပြုလုပ်ပါတယ်။

ကိုထွန်းထွန်းရဲ့ဈာပနကို လူအင်အားထောင်ချီပြီးလိုက်ပါ ပို့ဆောင်ခဲ့ပြီး လမ်းခရီးမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာတွေ ရှိခဲ့တယ်လို့ လိုက်ပါပို့ဆောင်သူတဦးဖြစ်တဲ့ အာယုပါလက လူမှုကူညီရေးအဖွဲ့က ဦးထွေးအောင်က ပြောပါတယ်။

"လမ်း ၈၀ထောင့်မှာ ကုလားနှစ်ယောက်ကို တွေ့တာပေါ့ အကိုရာ။ သူတို့ကလည်း ထုံးစံအတိုင်း ကားတန်းကြီးဆိုတော့ ကြည့်ကြမှာပေါ့။ ကြည့်တော့ ဒီကလူတွေ၊ လူငယ်တွေက ကုလားမြင်ရင် ထုံးစံအတိုင်း စိတ်တွေကကြွ၊ သွေးတွေက ကြွနဲ့ သွားပြီးပြဿ နာရှာတာပေါ့ အကိုရာ၊ အဲ့တာဖြစ်သွားတာပေါ့။ သူတို့ကျန်ခဲ့တဲ့ ဆိုင်ကယ်နဲ့စက်ဘီးကိုတော့ ပါလာတဲ့လူတွေက ဖျက်ဆီးပစ်လိုက်ကြတယ်။ အဲ့လောက်နဲ့ပဲ ပြီးသွားတာပါ။"

လိုက်ပါပို့ဆောင်သူ တချို့ကတော့ ကားတစီးကို ပါ ဖျက်ဆီးခဲ့ကြောင်းနဲ့ ဒီလို ဖျက်ဆီးချိန်မှာ ဈာပန ပို့ဆောင်သူအချင်းချင်း တားမြစ် ထိန်းသိမ်းခဲ့ကြတယ် လို့ ပြောပါတယ်။ အေးရိပ်ငြိမ်သုသာန်ကိုရောက်ချိန်မှာ ဈာပန ပို့ဆောင်သူတချို့က အနီးမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့သုသာန်ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့လည်း မန္တလေးမြို့က အစ္စလာမ်ကောင်စီက အမှုဆောင်အဖွဲ့ဝင်တဦးက ပြောပါတယ်။

"ကြာနီကန်မှာရှိတဲ့ မူဆလင်င်္သချိုင်းထဲက အစောင့်တဲကို လုံးဝမီးရှို့ပြီးတော့ ဖျက်ဆီးပစ်လိုက်ပြီးပြီ။ ပြာကျသွားပြီးပြီ။ အဲ့ဒီ့က အစောင့် လင်မယားနှစ်ယောက် ကလဲပဲ ထွက်ပြေးသွားရတယ်။ နောက်တခါ အဲ့ဒီ့မှာ ရှိတဲ့ ကျောင်းသားလေးတွေ အာဂုံဆောင်မယ့်ကျောင်းနဲ့ ဒီဗလီအဆောက်အဦးနဲ့တွဲရက်ဆောက်ထားတာရှိတယ်။ အဲ့ဒီ့အဆောက်အဦးကို ဖျက်ဆီးတယ်။ ဝန်ထမ်းစာရေးက ထွက်ပြေးရာကနေ လှမ်းမြင်တာကမီးခိုးတွေ အဲ့ဒီ့နေရာကနေ ထွက်လာတယ်ပြောတယ်။ အဲ့တော့ ဖျက်ဆီးမီးရှို့တယ်ပေါ့နော်။"


ဈာပနပို့ဆောင်ပြီး ဆိုင်ကယ်နဲ့ပြန်လာတဲ့ အုပ်စုတခုကတော့ နန်းရှေ့က ပလီတခုကိုလည်း ထပ်မံဖျက်ဆီးခဲ့ကြောင်းပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ ၃၄လမ်းနဲ့ ၈၄လမ်းထောင့်မှာတော့ ဈာပန ပို့ဆောင်ပြီး ပြန်လာသူတွေနဲ့ ပဋိပက္ခထပ်မံဖြစ်ပွားမှာကို ရဲလုံခြုံရေး ကားလေးစီး ရောက်ရှိနေပါတယ်။ မနေ့ညက ညမထွက်ရထုတ် ထားပြီးတဲ့နောက်မှာ နေရာဒေသတချို့မှာ အာ်ဟစ်ဆဲဆိုတာ၊ ခဲနဲ့ပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ ဆိုးဆိုးဝါးဝါးဖြစ်တာတွေတော့ မရှိခဲ့ဘူးလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။


မန္တလေးမြို့မှာ အစ္စလာမ်ဘာသာဝင် လက်ဖက်ရည်ဆိုင်ရှင်က ဗုဒ္ဓဘာသာဝင် ဆိုင်ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြု့ကျင့်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် မန္တလေးမြို့မှာ ဒီလ ၁ရက်နေ့ကစတင်ပြီး အခုလို မငြိမ်မသက်တာတွေဖြစ်ခဲ့တာပါ။

XS
SM
MD
LG