သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် လုံခြုံရေးကောင်စီ ဖိအား လျော့သွားဘွယ်ရှိ


သောကြာနေ့ က ကျင်းပတဲ့ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကိုဖီအာနန်တင်ပြစဉ် - သတင်းဓာတ်ပုံ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံကိုယ်စားလှယ်အဖွဲ့ Twitter စာမျက်နှာ
သောကြာနေ့ က ကျင်းပတဲ့ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကိုဖီအာနန်တင်ပြစဉ် - သတင်းဓာတ်ပုံ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံကိုယ်စားလှယ်အဖွဲ့ Twitter စာမျက်နှာ

ရခိုင်ပြည် မြောက်ပိုင်းအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကိုဖီအာနန် ရှင်းလင်းတင်ပြခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံအပေါ် ဖိအားပေးလိုတဲ့ နိုင်ငံတချို့ရဲ့ သဘောထားတွေတောင် ပျော့ပြောင်းသွားနိုင်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားလိုက်ပါတယ်။ သောကြာနေ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဦးသောင်းထွန်းကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းစဉ် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ။ ။ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းခင်ဗျာ ပထမဦးဆုံးမေးချင်တာက ဒီကနေ့ ကျင်းပတဲ့ လုံခြုံရေးကောင်စီမှာ မစ္စတာ ကိုဖီအာနန်က brief လုပ်တယ် ဒီပွဲတွေကို မြန်မာနိုင်ငံက ပြည်သူတွေရော မြန်မာ့အရေးစိတ်ဝင်စားတဲ့ ကမ္ဘာကလူတွေရော စောင့်ကြည့်နေကြပါတယ်။ ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ အကြမ်းဖျင်း အရင်ဆုံး သုံးသပ်ပေးပါခင်ဗျာ။

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း။ ။ ဟုတ်ကဲ့ပါ ဒီအစည်းအဝေး ကတော့ အရေးကြီးပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျနော် ဦးစွာ ပြောကြားချင် တာကတော့ ဒီနေ့လုပ်တဲ့အစည်းအဝေးဟာ လုံခြုံရေးကောင်စီရဲ့ ပုံမှန် အစည်းအဝေးတော့ မဟုတ်ပါဘူး။ သူတို့ခေါ်တဲ့ "Arria-Formula" Meetingလို့ခေါ်တဲ့ လုံခြုံရေးကောင်စီ တနိုင်ငံကနေပြီးတော့ ကမကထပြုလုပ်ပြီးတော့ ကျင်းပလို့ရတဲ့ အစည်းအဝေးပဲ ဖြစ်ပါတယ်။ သူက ကျနော်တို့ပြောရရင်တော့ informal meeting ပေါ့နော် တယောက်နဲ့တယောက် လွတ်လွတ်လပ်လပ် ပြောလို့ရတဲ့ အစည်းအဝေး မျိုးဖြစ်ပါတယ်။ အဲ့တော့ ဒီနေ့လုပ်တဲ့အစည်းအဝေးမှာတော့ UK နဲ့ ပြင်သစ်နိုင်ငံတို့က ကမကထ လုပ်ပြီးတော့ ဒီအစည်းအဝေးကိုခေါ်ခဲ့ပါတယ်။ ခေါ်တဲ့အခါမှာ သူတို့ဖိတ်တဲ့အထဲမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံအပြင် ကိုဖီအာနန်ကို ဖိတ်ပါတယ် ယခင်အတွင်းရေးမှူးချုပ်ပေါ့နော် ကိုဖီအာနန်ကိုလည်း ဖိတ်တယ် ကျနော်တို့ကိုလည်း ဖိတ်တယ်။ ဘင်္ဂလားဒေ့ရှ်ကိုလည်း ဖိတ်တယ်။ ကျနော်တို့တွေကတော့ ကိုယ့်နိုင်ငံရဲ့ ရပ်တည်ချက်တွေကို ပြောကြားကြပါတယ်။

အဲ့လိုပြောကြားတဲ့အခါမှာ ကိုဖီအာနန်ကတော့ မြန်မာနိုင်ငံမှာ သူ တနှစ်တာ ကာလပတ်လုံး သူလုပ်ခဲ့တဲ့ Advisory Commission on Rakhine State နဲ့ပတ်သက်ပြီးတော့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက ဘယ်လို ပူးပေါင်းဆောင်ရွက်ခဲ့တယ် မြန်မာနိုင်ငံကလည်း နောက်ဆုံး သူတို့ သြဂုတ်လ ၂၄ရက်နေ့မှာ သူတို့ထုတ်ပြန်တဲ့အစီရင်ခံစာမှာပါတဲ့ အဆိုပြုချက်တွေ အားလုံးကို မြန်မာနိုင်ငံက လက်ခံတဲ့အကြောင်း သူပြောတဲ့အခါမှာ အပြုသဘောဆန္ဒဆိုတာ အများလည်း သိရှိခွင့်ရတယ်။ ဒါလေးကတော့ အပြုသဘောလုပ်တဲ့အတွက် ကောင်းပါတယ်ခင်ဗျ။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲ့ဒီ့မှာ ပြင်းပြင်းထန်ထန် ဖိအားပေးခံရတာ မြန်မာကို လက်ညှိုးထိုးဝေဖန်တဲ့ဟာတွေရော ကြုံခဲ့ရပါလား။

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း။ ။ ဒီနေ့မှာတော့ အဲ့လိုမရှိပါဘူး။ ကျနော်တို့အလားတူ စက်တင်ဘာလ ၂၈ရက်နေ့ကတခါ လုံခြုံရေးကောင်စီ ပုံမှန် အစည်းအဝေး လုပ်ပါတယ်။ အဲ့ဒီ့မှာတော့ လက်ညှိုးထိုးတဲ့ သဘောမျိုးတွေဖြစ် ပါတယ်။ ဒီနေ့ကတော့ ပူးပေါင်းအဖြေရှာဖို့အတွက် ဘယ်လိုလုပ်သင့်တယ် နိုင်ငံတွေ ကနေပြီးတော့ ဆွေးနွေးကြတဲ့အခါမှာ ဘာတွေ့ရလဲဆိုတော့ ကျနော်တို့ အနေနဲ့ကတော့ အဲ့ဒီ့အထဲမှာ ပြောတဲ့ဟာတွေကတော့ အတိအကျပြောလို့မရဘူးခင်ဗျ။ ပြောခွင့်မရှိလို့ပါ ဘာဖြစ်လို့လဲဆိုတော့ သူက Confidential Procedures နဲ့လုပ်လို့ပါ သို့သော်လည်း ကျနော် ယေဘူယျအားဖြင့် ပြောရမယ်ဆိုရင်တော့ သူက ရှေ့ဆက်ပြီးတော့ လမ်းစဉ်ပေါ့ ဘယ်လိုလုပ်ကြမလဲ ဒီဟာမှာ ပြသနာတခုဖြစ်ကြတယ်ဆိုတာကိုတော့ အားလုံးကတော့ လက်ခံထားပြီးဖြစ်တယ်။ အထူးသဖြင့် လူငါးသိန်းလောက် နေရာရွှေ့ပြောင်းနေထိုင်ကြ တယ်ဆိုတော့ ဒီပြသနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုပြီး ဝိုင်းဝန်းဆွေးနွေးတဲ့ သဘောပါပဲ။ ဒီနေ့က တော်တော်လေး အပြုသဘောဆောင်တဲ့အခြေအနေဖြစ်ပါတယ်။

ဦးကျော်ဇံသာ။ ။ အဲ့ဒီ့အထဲမှာ စောစောကလည်းပဲ ပြင်သစ်သံအမတ်ကြီးနဲ့ ဗြိတိန်သံအမတ်ကြီး Matthew Rycroft တို့ press briefing မှာပြောသွားတာ တွေ့ရပါတယ်။ ကိုဖီအာနန်လည်း ပြောပါတယ် သတင်းထောက်တွေကို။ အဲ့ဒီ့မှာ သူတို့က လောလောဆယ်မှာ အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းဖို့ရယ် နောက်ပြီးတော့ ဒီလူတွေကို စာနာမှု အထောက်အပံ့တွေ ပေးဖို့ လမ်းဖွင့်ပေးဖို့ရယ် နောက်တခုက ဒီလူတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာဖို့ဆိုတဲ့ လောလောဆယ် အခြေအနေသုံးရပ်ပေးပါတယ်။ နောက်ပြီးတော့ ရေရှည်လုပ်ငန်းအနေနဲ့က ဒီပြသနာရဲ့ root cause ပေါ့လေ အဓိက ဇစ်မြစ်အကြောင်းကို ဖြေရှင်းဖို့ဆိုတော့ ဒီအချက်တွေထဲမှာ ဘယ်ဟာဟာ အခက်အခဲဆုံး စိန်ခေါ်မှုဖြစ်မယ်ထင်ပါသလဲ မြန်မာနိုင်ငံဘက်က သူတို့ရဲ့ root cause ကို ဖြေရှင်းရမယ်ဆိုတာက အခက်အခဲဆုံးဖြစ်နေမလား ဦးသောင်းထွန်း ဘယ်လိုပြောလိုပါလဲခင်ဗျ။

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း။ ။ ကျနော့်အနေနဲ့ ဒီဥစ္စာကို သုံးသပ်ရမယ်ဆိုရင်တော့ သူတို့ပြောတဲ့အထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ Violence တိုက်ပွဲတွေဘာတွေ ရပ်ဆိုင်းဖို့ဆိုတာက ကျနော်တို့က ဒီနေ့ပြောတဲ့အထဲမှာလည်း ပြောပြီးဖြစ်ပါတယ်။ ဒါက စက်တင်ဘာလ ၅ရက်နေ့ကတည်းကနေပြီးတော့ အခုလိုတိုက်တာ ခိုက်တာတွေက မရှိတော့ပါဘူး။ ဒီဥစ္စာက Security Operation တွေ Clearance Operation တွေက မရှိတော့တဲ့အကြောင်း ကျနော် ပြောကြားပါတယ်။ အဲ့တာနဲ့ပတ်သက်လို့ ဒါကို တချို့ကတော့ မနေ့ကအထိ တချို့ နယ်စပ်မှာ ဖြတ်ကျော်နေတုန်းတာ ရှိတုန်းပဲလို့ ပြောပါတယ်။ ဒါပေမဲ့ ကျနော်ပြောပြတာကတော့ ဒီဥစ္စာကတော့ အကြောင်းအမျိုးမျိုးရှိမှာပေါ့နော်။ ကျနော်တို့ Security -Clearance Operation တွေက မရှိတော့တဲ့အကြောင်း ကျနော်ပြောပါတယ်။ နောက်တခုကတော့ သူတို့အဓိကက ပြောနေတာတော့ လူမှုရေးအရ အကူအညီပေးဖို့ဆိုတာ ဒါကို ထိရောက်စွာ ပေးဖို့ဆိုတာ ပြောတယ်။ အဲ့တာလည်း ကျနော်တို့ လုပ်နေတာ ရှိတဲ့အကြောင်း ပြောတော့ သူတို့က နည်းနည်းလေး အရင်ကထက်စာရင်တော့ ပိုပြီးတော့ လက်ခံလာတဲ့သဘောရှိပါတယ်။ အထူးသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောတဲ့ဟာတွေကို သူတို့ တော်တော်များများ ကိုးကားပြီးတော့ ပြောကြတယ်ခင်ဗျ။ အဲ့တာလေးကတော့ ကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီမှာ ဝေဖန်ချက်တွေ စွပ်စွဲချက်တွေကို စကားနဲ့တုန့်ပြန်နေမယ့်အစား ကျနော်တို့က လက်တွေ့ လုပ်ဆောင်ချက်တွေနဲ့ တိုးတက်မှုတွေကို ပြမယ်လို့ ပြောထားတာကို ဒါလေးကို သူတို့က လိုလိုလားလား လက်ခံပါတယ် ကျနော်တို့ တကယ့်လုပ်ငန်း ကျနော်တို့ ဘာလုပ်ရမယ် ဆိုတာ နောက်တဆင့်ကတော့ လုပ်ပြရမှာပေါ့နော် ကျနော်တို့ လုပ်ပြရင်တော့ တော်တော်လေး အခြေအနေတိုးတက်မှု ရမှာပါ။ ရေရှည်မှာကတော့ ရေရှည်လုပ်ငန်းကတော့ ရှိမှာပေါ့ အဲ့ဒီ့ရေရှည်လုပ်ငန်းကတော့ ကျနော်ထင်တယ် ဒီလောက်ခက်ခဲမှာ မဟုတ်ပါဘူး။ ရေရှည်လုပ်ငန်းကလည်း ကျနော်တို့ အချိန်ယူပြီး လုပ်လို့ရမှာပါ။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ လုံခြုံရေးကောင်စီက ဒီကနေ့ အစည်းအဝေးတင်မက လုံခြုံရေးကောင်စီက မြန်မာနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးလာခဲ့တဲ့ ကိစ္စတွေထဲမှာ တကယ်လို့ မြန်မာဟာ သူတို့လောလောဆယ် ဖြစ်စေချင်တဲ့ တိုက်တွန်းတဲ့ကိစ္စကို မလုပ်ခဲ့ရင် ဘာဆက်လုပ်မယ်ဆိုတဲ့ Plan B ရှိပါသလားဆိုပြီး ဒီနေ့ သတင်းထောက်တယောက်က ခုနကပဲ ကိုဖီအာနန်ကို ဒီ briefingက ထွက်လာချိန် မေးတာ ကြားရပါတယ်။ ကိုဖီအာနန်က သူ့အနေနဲ့တော့ မရှိဘူးလို့ဆိုပါတယ်။ လုံခြုံရေးကောင်စီဘက်ကရော as a whole ရှိလာနိုင်မယ်ထင်ပါသလား ဦးသောင်းထွန်း။

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း။ ။ ကျနော်ထင်တာကတော့ မစ္စတာကိုဖီအာနန်ကိုယ်တိုင် တက်ရောက်လာပြီးတော့ ကျနော်တို့က ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို သူက အတိအကျ ရှင်းလင်းပြောကြားတဲ့အတွက် ရှေ့ဆက်ပြီးတော့ ကျနော်တို့ကို ဖိအားပေးလိုတဲ့နိုင်ငံတွေတောင် နည်းနည်းခက်ခဲမယ့် သဘောရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဖီအာနန်က နောက်ဆုံးအပိတ်မှာ သူပြောတာကတော့ ရှေ့ဆက်သွားဖို့ကတော့ ကော်မရှင်ရဲ့ recommendation တွေက အသင့်တော်ဆုံးဖြစ်မယ်လို့ လိုလိုလားလား လက်ခံတဲ့အတွက် ကျနော်တို့သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် resolution တွေ ချဖို့တော့ မရှိဘူးလို့ယူဆပါတယ် သို့သော်လည်း အနောက်နိုင်ငံတချို့ကတော့ ဒါလေးကို ဆက်လုပ်ဖို့ ကြိုးစားမယ်လို့တော့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ နောက်တခု ကျနော်မေးချင်တာက နိုင်ငံတကာ စာမျက်နှာမှာ အခုလိုပြေလည်အောင် လုပ်နေသလို နိုင်ငံတကာရဲ့ တိုက်တွန်းချက် အကြံပြုတင်ပြချက်တွေကို လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ ပြည်တွင်းမှာရော အတိုက်အခံတွေ တွေ့နိုင်ပါသလားခင်ဗျာ။

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း။ ။ ကျနော်တို့က ဒီဥစ္စာကို မှန်မှန်ကန်ကန် လုပ်ဖို့တော့ လိုပါတယ်။ ပြည်တွင်းမှာလည်း ကျနော်တို့က အများပြည်သူ နားလည်အောင်ရှင်းပြဖို့ လိုပါတယ်။ နိုင်ငံတကာမှာ အခု ကျနော်တို့ကို pressure တွေ ပေးနေပါတယ်။ အဲဒီတော့ အဲလိုအခါမှာ ကုလသမဂ္ဂ မျက်နှာစာမှာဆိုရင်တော့ အထွေထွေညီလာခံက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဆိုရင် သူက အဆိုပြု ဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် မလိုက်နာခဲ့ရင် သူက ပြစ်ဒဏ်ပေးတဲ့နည်းလမ်း မရှိပါဘူး။ သို့သော် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချမယ်ဆိုရင်တော့ ကျနော်တို့က မလွဲမသွေ လိုက်နာ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြော်င့မို့လို့ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် မချနိုင်အောင်လို့ ကျနော်တို့က ကြိုးပမ်းဖို့ လိုပါတယ်။ အထူးသဖြင့် လုံခြုံရေးကောင်စီကနေ ချလိုက်တဲ့အခါမှာ ဆိုရင် ဥပမာအားဖြင့် မြောက်ကိုရီးယားကို သူတို့ လုပ်သလို sanction တွေ တပ်မယ်ဆိုရင် ကျနော်တို့ မှာ အဘက်ဘက်က ထိခိုက်နစ်နာစရာ အကြောင်းရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က အခု စီးပွားရေးဖွံ့ဖြိုးအောင် ဆောင်ရွက်နေတဲ့အချိန်မှာ အဲဒါမျိုး မဖြစ်သင့်တာတွေ မဖြစ်အောင် ဒိမှာ ကြိုးပမ်းပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လုံခြုံရေးကောင်စီရဲ့ ခြေလှမ်းကိုတော့ ကျနော်တို့ သတိထားဖို့ လိုပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့၊ ဆိုတော့ အဲဒီဟာကို ပြည်တွင်းမှာ ပြည်သူတွေ လက်ခံလာနိုင်အောင် လုပ်နိုင်မယ့် အခြေအနေကိုရော ဘယ်လိုမြင်ပါသလဲ။

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း။ ။ အခုအခြေအနေကတော့ မနေ့က ပြုလုပ်တဲ့ ပွဲမျိုးပေါ့နော်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ ်ကိုယ်နှိုက်ကနေပြီး ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း တင်ပြတာတွေ ရှိပါတယ်။ ဒီဟာတွေက ကောင်းပါတယ်။ အဲဒီတော့ ပြည်သူတွေကလည်း နားလည်သဘောပေါက်ဖို့ လိုပါတယ်။ အဲဒါလည်း တခုပေါ့။ နောက်တခုကတော့ ကျနော်တို့ ပြည်တွင်းမှာ ဘာသာပေါင်းစုံ ဆွေးနွေးမှု လုပ်နေတာတွေလည်း ရှိပါတယ်။ ဒီဟာတွေကလည်း အထောက်အကူပြုတယ်လို့ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ။ ။ ဦးသောင်းထွန်းခင်ဗျာ။ အခု ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်တဲ့ပြဿနာကို နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ကိုယ်တိုင် ကိုင်တွယ် တက်ရောက်ပြီး ဖြေရှင်းရတယ်ဆိုတာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ပြဿနာတခုလို့ သတ်မှတ်တယ်လို့ ကျနော် နားလည်ပါတယ်။ ဆိုတော့ နိုင်ငံတကာက အမြင်ကရော အဲလိုမြင်ကြပါရဲ့လားခင်ဗျ။ ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်တယ်ဆိုတဲ့ အမြင်မျိုးကော နိုင်ငံတကာမှာ ရှိကြပါရဲ့လား။

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း။ ။ အခုအခြေအနေကတော့ တကမ္ဘာလုံးက အာရုံစူးစိုက်ပြီးတော့ ကြည့်တဲ့ကိစ္စကတော့ ရခိုင်ကိစ္စပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့ နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွေကနေပြီးတော့ အားလုံး ဒီကိစ္စကို အာရုံစူးစိုက်ပြိးတော့ ကြည့်နေတယ်ဆိုတော့ အရေးကြီးတာတော့ ထင်ရှားပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဆီက အမျိုးသားလုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်ကိုယ်တိုင် လာတာဆိုတော့ တကယ့်ကို သူတို့တွေလည်း တော်တော့်ကို ကြီးမားတဲ့ အဆင့်တွေကနေပြီးတော့ပေါ့နော် - နိုင်ငံခြားရေးဝန်ကြီး...တချို့နိုင်ငံတွေလည်း နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်တွေလည်း ပါကြပါတယ်။ ကျနော်ဆိုလည်း ဒီမှာ သူတို့လူကြီးတွေနဲ့ထိတွေ့ပြီးတော့ အခြေအနေတွေ ပြောပြနေတာ ရှိပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့၊ မနေ့ကလား၊ တနေ့ကလား အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးနီကီဟေလီနဲ့လည်း ဆွေးနွေးတာ တွေ့ပါတယ်။ အဲဒီအခြေအနေကော ဘယ်လို နေပါသလဲ။ မြန်မာနိုင်ငံအပေါ်မှာ ထရမ့်အစိုးရသဘောထားဟာ ဘယ်လိုဖြစ်လာမယ်ထင်ပါသလဲ အစကတည်းက - အရင် အိုဘားမားခေတ်တုန်းကလောက် မနွေးထွေးဘူး လိုလိုတွေ သုံးသပ်နေကြပါတယ်။ ဒီပြဿနာကြောင့် ပိုပြီး စိမ်းကားသွားနိုင်ပါသလား၊ တင်းမာသွားနိုင်ပါသလား။

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း။ ။ အဲ့ဒီ့လိုတော့ မရှိပါဘူး ဘာဖြစ်လို့လဲဆိုတော့ သမ္မတထရမ့်အနေနဲ့က လောလောဆယ် ဒီ့ပြင်ကိစ္စတွေကို သူ အာရုံစူးစိုက်နေရတဲ့အတွက် ကျနော်တို့နဲ့ပတ်သက်လို့ စိတ်မဝင်စားဘူးလို့ တချို့ ထင်တာပါ သို့သော်လည်း ကျနော်တို့ လုပ်ငန်းကို ဆောင်ရွက်နေတဲ့အပိုင်းမှာတော့ ထိတွေ့မှုတွေရှိပါတယ်။ ကျနော်တို့ သူတို့နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ထိတွေ့ပါတယ် သူတို့ နိုင်ငံခြားရေးအတွင်းဝန်လို့ခေါ်မှာပေါ့ အဲ့ဒီ့ပုဂ္ဂိုလ်တွေနဲ့လည်းထိတွေ့ပါတယ် မနေ့ကလည်း နယူးယောက်မှာရှိတဲ့ အမေရိကန်သံအမတ်ကြီးနဲ့လည်း တွေ့ဆုံပြီး ဆွေးနွေးတဲ့အခါမှာ သူက တော်တော်လေး အပြုသဘောဆောင်တဲ့ အနေအထားရှိပါတယ်။ သို့သော် သူတို့ကတော့ လူငါးသိန်းလောက် တိမ်းရှောင်နေရတဲ့ကိစ္စကိုတော့ ပူပင်နေတာရှိပါတယ်။

ဦးကျော်ဇံသာ။ ။ ကျနော် နောက်ဆုံးအနေနဲ့ မေးချင်ပါတယ်။ ဦးသောင်းထွန်းဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ မြန်မာနိုင်ငံရဲ့ သံအမတ်ကြီးအဖြစ် လှည့်ပြီးတော့ ပြီးခဲ့တဲ့ နဝတ အစိုးရလက်ထက်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ် အဲ့ဒီ့တုန်းကလည်း မြန်မာနိုင်ငံအရေးကို ဒီလိုပဲ ကာကွယ်ပြီး ပြောဆိုခဲ့ရတယ်။ အခုလည်း ဒီလိုပဲ ကာကွယ်ပြောဆိုနေတော့ ဦးသောင်းထွန်းအပေါ်မှာ ဘယ်လိုမြင်ကြပါသလဲ။ အော် ဒီလူဟာ ဟိုတုန်းကလည်း ဒီလိုပဲ ကာကွယ်နေတာပဲ အခုလည်း ဘာထူးလဲဆိုတဲ့ အမြင်မျိုးရော မရှိကြဘူးလားဆိုတာ ကျနော် နည်းနည်းစပ်စုချင်ပါတယ်။ ဖြေပေးပါခင်ဗျာ။

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း။ ။ ဟုတ်ကဲ့ပါခင်ဗျ။ ကျနော်တို့ကတော့ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်တဲ့သဘောပါ။ သူတို့လည်း သဘောပေါက်ပါတယ်။ ကျနော်တို့က ဘယ်အချိန်မှာမဆို ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးကို ထိပါးမယ့်ကိစ္စမျိုးဆို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်နေတယ်ဆိုတာ သူတို့သဘောပေါက်ပါတယ်။ ကျနော်တို့အနေနဲ့ ဒါကတော့ အင်္ဂလိပ်လိုပြောရင်ဗျာ professionally လုပ်တဲ့သဘောပါ။ ကိုယ့်နိုင်ငံအကျိုး ကိုယ်ဆောင်ရွက်တာပါ ဒါကို သူတို့ကောင်းကောင်းသဘောပေါက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG