သုံးရလွယ်ကူစေသည့် Link များ

အမျိုးသမီးရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံ အားနည်းနေဆဲ


ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေအမျိုးသမီးရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံးရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ချမှတ်ခဲ့တာ (၁၅) နှစ် ပြည့်ခဲ့ပေမဲ့ ကုလအဖွဲ့ဝင် မြန်မာနိုင်ငံမှာ ဒီဆုံးဖြတ်ချက်ကို လိုက်နာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘူးလို့ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုရ မမေစပယ်ဖြူ က ပြောပါတယ်။ နယူးယောက်မြို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတော့ ဒီဆုံးဖြတ်ချက်ကို ချမှတ် အကောင်အထည်ဖော်ခဲ့တဲ့ (၁၅) နှစ် ပြည့် အထိမ်းအမှတ် မနေ့က ကျင်းပခဲ့တာပါ။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

လုံခြုံရေးကောင်စီကနေ ၂၀၀၀ ပြည့်နှစ်က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မြှင့်တင်ရေးအတွက် ပဋိပက္ခတွေကို ဖြေရှင်းတာ၊ တားဆီးကာကွယ်တာ အပါအ၀င် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ တည်ဆောက်မှုတွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးပါမှုကို အတည်ပြုထောက်ခံထားတဲ့ အရေးကြီးတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တခု ဖြစ်ပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေရဲ့ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်တဲ့ ဒီဆုံးဖြတ်ချက်မှာ ခိုင်မာတဲ့ ရည်မှန်းချက်တွေ ရှိနေသလို (၁၅) နှစ်ကာလအတွင်း တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Matthew Rycroft က နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ မနေ့က သတင်းထောက်တွေကို ပြောသွားပါတယ်။

“အမျိုးသမီးရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကနဦး ဆုံးဖြတ်ချက် ၁၃၂၅ ကို ချမှတ်ခဲ့တာ အခုဆိုရင် (၁၅) နှစ် ပြည့်ခဲ့ပါပြီ။ ဒီနှစ်ပတ်လည် အထိမ်းအမှတ်ကို ဂုဏ်ပြုဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံလုံးရဲ့ အပြုသဘောဆောင်တဲ့ ထောက်ခံမဲတွေကို ရရှိခဲ့တဲ့အတွက် ကျနော် အလွန်ဝမ်းသာမိပါတယ်။ ဒီဆုံးဖြတ်ချက်မှာ ခိုင်မာတဲ့ ရည်မှန်းချက်တွေရှိနေပြီး စောင့်ကြည့်မှု၊ အားလုံးပူးပေါင်းပါဝင်မှုနဲ့ တာဝန်ယူမှုအပိုင်း စတဲ့ အပိုင်းသုံးပိုင်းမှာ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။”

အခုလို (၁၅) နှစ် ပြည့်ခဲ့ပြီးဖြစ်တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) ကို ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံကတော့ လိုက်နာအကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘူးလို့ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုရ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ယက် ညွန်ကြားရေးမှူး မမေစပယ်ဖြူက ဗွီအိုအေကို ပြောပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ဟာ အခုဆိုရင် ၁၅ နှစ်တောင် ပြည့်သွားပြီပေါ့လေ။ ဒီလို ဆုံးဖြတ်ချက်မျိုးရှိတယ်ဆိုတာကို အကောင်အထည်ဖော်ဖို့ နေနေသာသာ ကျမတို့ နိုင်ငံမှာတော့ ဒီလို ဆုံးဖြတ်ချက်မျိုး ရှိတယ်ဆိုတာကို ပြည်သူတွေက ကြားဖူးလာကြတာပေါ့။ ပြောခွင့်ရလာတာက နှစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ အဲတော့ အကောင်အထည်ဖော်ဖို့ ဆိုတာကတော့ တော်တော့်ကို ဝေးပါသေးတယ်။”

ဒီဆုံးဖြတ်ချက်အရဆိုရင် စစ်မက်ဖြစ်နေတဲ့ပဋိပက္ခဒေသတွေမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမဖြစ်အောင်နဲ့ ဘ၀လုံခြုံစိတ်ချရအောင် ထိရောက်တဲ့ အကာအကွယ်တွေ ပေးရမှာဖြစ်သလို ငြိမ်းချမ်းရေးအကောင်အထည်ဖော်တဲ့ အဆင့်တိုင်းမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရှိရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လက်ရှိ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုတဲ့ အဆင့်မှာ ပါဝင်ခွင့်ရတဲ့ အမျိုးသမီး အရေအတွက် အလွန်နည်းပါးတယ်လို့ မမေစပယ်ဖြူ က ပြောပါတယ်။

“တရားဝင်ထုတ်ပြန်ထားတဲ့ structure တွေကို လေ့လာကြည့်ရင်ကို အမျိုးသမီးတွေ ပါဝင်မှုက မရှိသလောက် နည်းပါးနေတယ်ဆိုတာကို တွေ့ရမယ်ပေါ့။ အစိုးရဘက်က တရားဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှာ အဖွဲ့ဝင် ၅၂ ဦး ပါဝင်တယ်။ အဲဒီ ၅၂ ဦးထဲမှာ အမျိုးသမီး ၂ ဦးပဲ ပါတယ်ဆိုတာတွေ့ရမယ်။ အဲလိုပဲ တဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဖွဲ့စည်းထားတဲ့ NCCT မှာဆိုရင်လည်း ဆုံးဖြတ်ချက်ချနိုင်တဲ့ ဘုတ်အဖွဲ့ဝင် ၁၂ ဦးရှိပါတယ်။ အဲဒီ ၁၂ ဦးထဲမှာ အမျိုးသမီးရယ်လို့ ၁ ဦးပဲ ပါတာကို တွေ့ရပါမယ်ပေါ့နော်။ ဆရာမ စောမြရာဇာလင်းပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ပဲ ကြည့်ကြည့် ဒီဘက်က အစိုးရက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှာပဲ ကြည့်ကြည့် အမျိုးသမီးတွေကို အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်ခွင့်ဟာ မရှိသလောက်ကိုပဲ မပေးထားသလောက်ပဲ ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။”

အင်္ဂါနေကတော့ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) ၁၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအ၀င် လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံနဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေကနေ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံးရေးမှာ အမျိုးသမီး၊ အမျိုးသားတန်းတူပါဝင်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ (၁၅) နှစ်က ချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်အမှတ် (၁၃၂၅) ဟာ နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ကျားမတန်းတူရေး တို့အကြား အရေးပါတဲ့ ဆက်စပ်မှုကို မီးမောင်းထိုးပြခဲ့တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။ အဲဒီအချိန်ကစလို့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက် အမြောက်အများကို ချမှတ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းလှုံ့ဆော်ခဲ့ကြောင်း ကုလအတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG