သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ သြဂုတ်လ၂၈ ရက် တံခါးဖွင့်ဆွေးနွေးမည်


 ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း သံအမတ်ကြီး Karen Pierce
ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း သံအမတ်ကြီး Karen Pierce

အလှည့်ကျဥက္ကဌ အဖြစ် ဗြိတိန်က စတင်တာဝန်ယူတဲ့ သြဂုတ်လမှာ လာမယ့် ၂၈ ရက်နေ့ရောက်ရင် မြန်မာ့အရေးကို တံခါးဖွင့်ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလှည့်ကျဥက္ကဌ အဖြစ် စတင်တာဝန်ယူတဲ့ ဗြိတိန် နိုင်ငံက သံအမတ်ကြီး Karen Pierce ရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေကို ဒေါ်ခင်မျိုးသက်က ကောက်နှုတ်တင်ပြပေးမှာပါ။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွီဒင် အလှည့်ကျဥက္ကဌတာဝန် ထမ်းဆောင်ခဲ့ချိန်အတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အခု ဗြိတိန် အလှည့်ကျဥက္ကဌ တာဝန်ယူချိန်မှာတော့ သြဂုတ်လ ၂၈ ရက်နေ့မှာ တံခါးဖွင့်ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း အလှည့်ကျ ဥက္ကဌ အဖြစ် သြဂုတ်လ ၁ ရက်နေ့မှာစတင် တာဝန်ယူတဲ့ ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း သံအမတ်ကြီး Karen Pierce က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ပထမဦးဆုံး အနေနဲ့ လုံခြုံရေးကောင်စီက သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တံခါးဖွင့် ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအချိန်ဟာ ရိုဟင်ဂျာ ပဋိပက္ခ ဖြစ်ပွါးခဲ့တဲ့ တနှစ်ပြည့်လည်း ဖြစ်ပါတယ်။ လုံခြုံရေး ကောင်စီကနေ ဒီနှစ်စောစောပိုင်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီအချိန်က လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ တစည်းတလုံးတည်း ရှိကြပါတယ်။ ဒါ့ကြောင့်လည်း ဒီအရေးကို လုံခြုံရေး ကောင်စီရဲ့ ဆွေးနွေးပွဲ အစီအစဉ်ရဲ့ ထိပ်ဆုံးမှာ ဦးစားပေးလိုတာ ဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်မှာ မနှစ်က သြဂုတ်လ ARSA အကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့တဲ့အတွက် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တဲ့ နောက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံခဲ့တာမို့ တနှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေးအတွက် ကြိုးပမ်းအ ားထုတ်တဲ့ အနေနဲ့ အခုလို ဆွေးနွေးမှာ ဖြစ်ကြောင်း သံအမတ်ကြီး Pierce ကပြောပါတယ်။

"ကျမတို့ အနေနဲ့ သြဂုတ်လမှာ အမှတ်တရ ကျင်းပချင်တာက အတွင်းရေးမှုးချုပ် အနေနဲ့ တင်စားပြောခဲ့တဲ့ လူမျိုးစုလိုက် ဖယ်ရှားရှင်းလင်းမှု ethnic cleansing ဖြစ်ခဲ့တဲ့ တနှစ်ပြည့်ဖြစ်ပါတယ်။ ဒီအမှတ်တရ အချိန်အခါသမယကို အခြေပြုပြီး လက်မှတ်ရေးထိုးထားတဲ့ MoU မှာ ကုလသမဂ္ဂ အထူးသဖြင့် UNHCR နဲ့ UNDP တို့ကို မူအားဖြင့် အကန့်အသတ်မရှိ ဒုက္ခသည်များထံ သွားရောက်ခွင့် ပြုထားတာ ဖြစ်တဲ့အတိုင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ တို့နဲ့ အတူ ကုလသမဂ္ဂက ဒုက္ခသည်တွေ ဘေးကင်း လုံခြုံစွာနဲ့ သိက္ခာရှိရှိ နေရပ်ရင်း ပြန်နိုင်ရေး အတွက် ခိုင်မာတဲ့ အစီစဉ် တရပ် ချမှတ်နိုင်ရေး လည်း ဖြစ်ပါတယ်။ ဒီလို ဖြစ်နိုင်ဖို့ ကလည်း ဒုက္ခသည်တွေ အနေနဲ့ နေရပ်ရင်း ပြန်တဲ့ အခါ အသက်မွေး ဝမ်းကျောင်း ဖူလုံမှု ရှိနိုင်ဖို့ လိုပါတယ်။"

ဆွေးနွေးပွဲမှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး တာဝန်ခံတာဝန်ယူမှု အတိုင်းတာကို ဒုတိယ ဦးစားပေး အနေနဲ့ ဆွေးနွေးမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

"မြန်မာ့ အရေးနဲ့ ပတ်သက်လို့ ဒုတိယ အရေးကြီးတဲ့ ကိစ္စက ပစ်မှု ကျူးလွန်သူတွေကို အပစ်ပေး အရေးယူဖို့ ဖြစ်ပါတယ်။ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ကြတဲ့သူတွေ တွေ့ခဲ့ကြားခဲ့ကြရတာတွေကြောင့် သိပ်ကို စိတ်မကောင်း ဖြစ်ကြရပါတယ်။ မြန်မာအစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အဖွဲ့ဝင်တွေရဲ့ အမည်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ ခြေလှမ်းကောင်း တရပ်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ကျမတို့ လက်တွဲဆောင်ရွက် နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ဒီစုံစမ်း စစ်ဆေးရေး ကော်မရှင်က ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကို အတိအကျ ကျမတို့ သိလိုပါတယ်။ ကုလသမဂ္ဂရဲ့ mechanism နည်းစံနစ်တွေအရ လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် လူ့အခွင့်အရေး မဟာမင်းကြီးရုံးနဲ့လည်း ညှိနှိုင်း ဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

ဒါ့အပြင် ရိုဟင်ဂျာတွေ အတွက် နိုင်ငံသား ပေးသင့် မပေးသင့် ကိစ္စရပ်ကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ သံအမတ်ကြီး ကပြောပါတယ်။

"မြန်မာ့ အရေးနဲ့ ပတ်သက်လို့ နောက်ဆုံး ဆွေးနွေးမယ့် ကိစ္စရပ်ကတော့ ရိုဟင်ဂျာတွေကို နိုင်ငံသား ခံယူပေးဖို့ ဆိုတဲ့ မေးခွန်း ပါပဲ။ ဒါကို လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သိပ်ကိုစိတ်ဝင်စားခဲ့ ပါတယ်။ ဒါ့အပြင် ရခိုင်ကော်မရှင်ရဲ့ အကြံပေးချက်တွေ မှာလည်း မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေကို ထည့်သွင်းထားပါတယ်။ ဒီအချက်တွေ ကိုလည်း ဆောင်ရွက်ပေးဖို့ လုံခြုံရေးကောင်စီ အနေနဲ့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။"

ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီအနေနဲ့ ICC နိုင်ငံတကာရာဇဝတ်တရားရုံးကို တင်ဖို့ လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ သတင်းထောက်က မေးမြန်းရာမှာတော့ ဗြိတိန်နိုင်ငံက ICC တင်ဖို့ အပြည့်အဝ ထောက်ခံပေမယ့် တရုတ်နဲ့ ရုရှားတို့လို အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကန့်ကွက်မှု ရှိမှာ သေချာတဲ့ အတွက် အခုချိန်မှာ ICC တင်နိုင်ဖို့ အခြေနေ မရှိသေးကြောင်း ဒါပေမယ့် ဒီအချက်ကိုတော့ လက်လွှတ်လို့ မရကြောင်း သံအမတ်ကြီးက ပြောပါတယ်။

"ICC နဲ့ မြန်မာကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ICC တင်ရေးကို အခိုင်အမာထောက်ခံပါတယ်။ ဒါပေမယ့် သိတဲ့ အတိုင်းပဲ မြန်မာက Roman Statue ကို လက်မှတ်ရေးထိုး မထားတဲ့ အတွက် ICC တင်နိုင်ဖို့က မလွယ်ပါဘူး။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ချ မှတ်ဖို့ လိုအပ်ပါတယ်။ အချိန်မှာတော့ ICC တင်ဖို့ အခြေနေဟာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ဒီလိုပြောလို့လည်း မကြိုးစား တော့ဘူးလားလို့ မေးစရာ ရှိပါတယ်။ လက်ရှိမှာ ဒီအခြေနေ မရောက်သေးဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့် အထောက်အထားတွေ အများရှိ ရှိနေသလို ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေမှာ ကောက်ယူ နေတာတွေ လည်း ရှိပါတယ်။ ဒါ့ကြောင့် တနေ့မှာ တာဝန်ခံ တာဝန်ယူမှုနဲ့ ပတ်သက်ပြီးကျူးလွန်သူတွေကို အပစ်ပေးဖို့ လုပ်ရာမှာ အသုံးကျလာမှာ ဖြစ်ပါတယ်။ Geneva လူ့အခွင့်ရေး ကောင်စီမှာ စက်တင်ဘာလ ကျရင် အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ ကြားနာပွဲ ရှိပါတယ်။ ဒီကြားနာပွဲ ပြီးတဲ့နောက်မှာ ဆက်ပြီး လေ့လာ သုံးသပ်ရမှာလည်း ဖြစ်ပါတယ်။"

တံခါးဖွင့် ဆွေးနွေးပွဲအပြီးမှာ လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ကြေညာချက် ဒါမှမဟုတ် ဆုံးဖြတ်ချက် လိုမျိုး တိကျတဲ့ ရလဒ် ထွက်ပေါ်လာဖို့ ရှိမရှိ သတင်းထောက်က မေးမြန်းရာမှာတော့ သံအမတ်ကြီးက-

"ဒီဆွေးနွေးပွဲဟာ တံခါးဖွင့်ဆွေးနွေးပွဲဖြစ်ပြီး ပါဝင်ဆွေးနွေးမှုတွေက အများကြီး ရှိကြမှာပါ။ ဒါ့ကြောင့် ဒီဆွေးနွေးပွဲ အပြီးမှာ တိကျတဲ့ ရလဒ် ထွက်ပေါ်ဖို့က လိုအပ်ချင်မှ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို အခုအချိန်မှာတော့ ကြိုပြီး ပြောလို့ မရပါဘူး။ အဲဒီအချိန် ကျမှသာ လေ့လာ စဉ်းစားကြဖို့ ရှိပါတယ်။"

ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ကိုယ်တိုင်တက်ရောက်ပြီး အစီရင်ခံဖို့ ဖိတ်ကြားထားသလို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးအသစ် Jeremy Hunt လည်း တက်ရောက်ဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့လ တံခါးပိတ်ဆွေးနွေးပွဲမှာ မြန်မာသံအမတ်ကြီးရော ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးပါ တက်ရောက် ခွင့်မရ ခဲ့ပေမယ့် အခု ဆွေးနွေးပွဲမှာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းရော ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးပါ တက်ရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG