သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် တိုးမြှင့်ရေး ကုလအတွင်းရေးမှူးချုပ် တောင်းဆို


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterrues
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterrues

ဒီကနေ့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေ့မှာ သတင်းသမားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က တောင်းဆိုလိုက်ပေမယ့် မြန်မာနိုင်ငံမှာတော့ သတင်းသမားတွေ လုံလောက်တဲ့အကာကွယ်ပေးမှုတွေမရပဲ သတင်းလွတ်လပ်ခွင့် အခြေနေလည်း ဆိုးနေတယ်လို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကရော မြန်မာသတင်းသမဂ္ဂကပါ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

သတင်းလွတ်လပ်ခွင့်ဟာ လူ့ဘောင်အသိုင်းအဝိုင်းအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterrues က ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေ့မှာ ပြောကြားလိုက်ပါတယ်။

“ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်ရေးတွေအတွက် မရှိမဖြစ်လိုအပ်တာက သတင်းလွတ်လပ်ခွင့်ပါ။ ဒါဟာပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ လူ့ဘောင်အသိုင်းအဝိုင်းအတွက် အရေးပါသလို တာဝန်ခံတာဝန်ယူမှုတွေ ရှိလာအောင်လည်း သတင်းလွတ်လပ်ခွင့်ရှိဖို့ လိုပါတယ်။ ဒါ့အပြင် ဒါဟာ ရေရှည်ဖွံ့ဖြိုးရေးအတွက်ပါ အရေးပါတာပါ။ သတင်းထောက်တွေ၊ သတင်းလောကမှာ အလုပ်လုပ်နေသူတွေဟာ လူတွေသိဖို့လိုအပ်နေတဲ့ သတင်းတွေကို ပြောပြရင်း ဒေသတွင်းသာမက ကမ္ဘာတဝှမ်း စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြနေကြသူတွေမို့ သူတို့ဟာ လူထုအတွက် သိပ်တန်ဖိုးရှိပါတယ်။”

လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ သတင်းမှန်တွေသိခွင့်ရရေးအတွက် သတင်းသမားတွေကို အကာကွယ်ပေးဖို့ ဥပဒေတွေ ပြဌာန်း၊ ကျင့်သုံးပြီး ဒါတွေကို လိုက်နာအောင် အားဖြည့်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သတင်းထောက်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် ကျူးလွန်သူတွေကို အပစ်ပေးရမှာ ဖြစ်ကြောင်းပြောကြားခဲ့သလို သတင်းသမားတွေကို အကာကွယ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့် ခိုင်မာအောင် လုပ်ဆောင်ဖို့ ကမ္ဘာ့နိုင်ငံအစိုးရတွေကို တောင်းဆိုလိုက်ပါတယ်။

“ဒီကနေ့ ကျရောက်တဲ့ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ သတင်းလွတ်လပ်ခွင့် ခိုင်မာအောင်လုပ်ဆောင်ပေးဖို့နဲ့ သတင်းသမားတွေကို အကာကွယ်ပေးဖို့ နိုင်ငံ့အစိုးရတွေကို တောင်းဆိုပါတယ်။ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရင်း အမှန်တရားသိခွင့်ရရေး အတွက် ရပ်တည်ဖို့ပါပန်ကြားပါတယ်။”

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်မှုကိုကြည့်ရင် မနှစ်က အဆင့် ၁၃၁ ရှိခဲ့ရာက ဒီနှစ်မှာတော့ အဆင့် ၆ ဆင့် လျော့ကျပြီး အဆင့် ၁၃၇ ဖြစ်သွားတယ်လို့ နိုင်ငံပေါင်း ၁၈၀ ရဲ့ သတင်းလွတ်လပ်ခွင့်ကို ဆန်းစစ်ဖေါ်ပြတဲ့ RSF နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ ၂၀၁၇ အညွှန်းကိန်းမှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိသတင်းလွတ်လပ်ခွင့်အခြေနေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲလို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက အာရှရေးရာ ညွှန်ကြားရေးမှုး Steve Butler ကို မေးကြည့်ပါတယ်။

“သိပ်ကို ဆိုးနေပါတယ်။ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ယောက်ကို ထောင်ထဲမှာ ဖမ်းထားပါတယ်။ သူတို့ဟာ ဘယ်ဥပဒေကိုမှ မချိုးဖေါက်ခဲ့ဘူးဆိုတာ ထင်ရှားနေတာမို့ သိပ်ကို ဆိုးတဲ့ အခြေနေပါ။ သူတို့တွေ ထောင်ချောက်ဆင်အဖမ်းခံရတယ် ဆိုတာကို ရဲအရာရှိက ထွက်ဆိုခဲ့တာ ဖြစ်ပြီး အခု ဒီထွက်ချက်ကို တရားရုံးက လက်ခံလိုက်တဲ့အတွက် မျှော်လင့်ချက်တော့ ရှိလာပါတယ်။ ဒါပေမယ့်လည်း သတင်းထောက်တိုင်းအတွက် ဒီလိုအဖမ်းခံရမယ့် အန္တရာယ် ရှိနေတယ် ဆိုတာကို သတိပေးရာ ရောက်နေဆဲပါ။”

ဦးသိန်းစိန်အစိုးရလက်ထက်မှာ သတင်းလွတ်လပ်ခွင့် အနဲအကျဉ်းရလာတာမို့ NLD အစိုးရလက်ထက်မှာ သတင်းလွတ်လပ်ခွင့် ပိုရှိလာမယ် မျှော်လင့်ထားကြပေမယ့် ဖြစ်မလာဘူးလို့ နော်ဝေအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။ အခု ရိုက်တာ သတင်းထောက် ၂ ယောက် ထောင်ချောက်ဆင် အဖမ်းခံရတယ်ဆိုတဲ့ကိစ္စ ပေါ်လာတဲ့နောက်မှာ နိုင်ငံအတွက် ပိုပြီးနံမယ်ပျက်စရာ ဖြစ်ရတယ်လို့ ဆိုပါတယ်။

“သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ နံမယ်ပျက် ရှိတဲ့ နိုင်ငံအနေနဲ့ အခုလိုမျိုး သတင်းထောက်တွေကို လုံခြုံရေးကနေ ထောင်ချောက်ဆင် ဖမ်းတယ်ဆိုတဲ့ ကိစ္စပေါ်လာတဲ့ အခါကျတော့ ကျွန်တော်တို့ ပိုပြီးနံမယ်ပျက်ရတယ်။ တိုင်းပြည်အနေနဲ့။ နောက်တချက်က အရပ်သားတွေကို လုံခြုံရေးတွေက သတ်တဲ့ကိစ္စပေါ့နော်။ ဥပဒေနဲ့ ငြိစွန်းတဲ့ ကိစ္စ၊ ရာဇဝတ်ပြစ်မှု။ အဲဒီဟာကို ဒီသတင်းသမား တွေက အမှန်အတိုင်း ဖေါ်ထုတ်ဖို့ ကြိုးစားတာကို နိုင်ငံတော် လုံခြုံရေး ဆိုတာနဲ့ အကြောင်းပြပြီးတော့ သူတို့ကို ဖမ်းတယ်။ ဆိုတဲ့အခါကျတော့ ကမ္ဘာ့အမြင်မှာ ဘယ်လိုဖြစ်သွားမလဲ ဆိုတော့၊ သတင်းထောက်တွေက ဒါတွေကို အမှန်အတိုင်းသတင်းပို့ဖို့ ကြိုးစားပါလျက်နဲ့ အစိုးရက တမင်တကာ တားမြစ်တယ်၊ ဆိုတဲ့ နံမယ်ပျက်တာ ထပ်ဖြစ်တယ်။”

ဒီကိစ္စကို သတင်းထောက်တွေသာ ဖေါ်ထုတ်နိုင်ပြီး အရပ်သားအစိုးရဘက်က ကြိုသိနိုင်မယ်ဆိုရင် အခုလောက်အထိ နံမယ်ပျက်ရတာမျိုး မဖြစ်မလာနိုင်ဘူးလို့လည်း ယုံကြည်တဲ့အတွက် သတင်းလွတ်လပ်ခွင့်ပေးရေးဟာ သိပ်ကို အရေးပါကြောင်း လက်ရှိအစိုးရကို သိစေချင်တယ်လို့လည်း ပြောပါတယ်။

"အဲဒီအချိန်တုန်းကသာ ဒီသတင်းထောက်တွေက မှန်မှန်ကန်ကန် သတင်းပို့နိုင်ခဲ့လို့ အရပ်သား အစိုးရဘက်ကနေ ကြိုသိခဲ့မယ် ဆိုလို့ ရှိရင် အရပ်သားအစိုးရက လုံခြုံရေးတွေ လုပ်သမျှကို မျက်စိမှိတ်ပြီး ကာကွယ်တဲ့ ဘဝကို မရောက်ဖူး။ အခု ကျွန်တော်တို့ မြင်နေရတာက ကမ္ဘာ့အမြင်မှာ ဘယ်လိုဖြစ်သွား သလဲ ဆိုတော့ ဒီဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ရဲ့ မတရားမှုတွေကို ခေါင်းညှိမ့်ပြီးတော့ လိုက်ပြီးတော့ ကာကွယ်ပေးနေတယ်လို့ ကမ္ဘာကြီးက မြင်တယ်။ မြင်တဲ့အခါကျတော့ ကျွန်တော်တို့ တိုင်းပြည်လည်း ပိုသိက္ခာ ကျတယ်။ ဒီမိုကရေစီအစိုးရ တခုအနေနဲ့လည်း တိုင်းပြည်ကို ပြုပြင်ပြောင်းလဲဖို့ဆိုပြီး အာဏာယူခဲ့တဲ့ အစိုးရအနေနဲ့လည်း သိက္ခာ ကျတယ်။

တကယ်လို့သာ သတင်းသမားတွေသာ လွတ်လပ်ခွင့်ရှိမယ်။ ဒီသတင်းတွေကို စောစောတုန်းကတည်းက လွတ်လွတ်လပ်လပ် သတင်းပို့နိုင် ခဲ့မယ် ဆိုရင် ကျွန်တော်တို့ပြည်သူတွေလည်း အမှန်အမှားကို ကိုယ်တိုင်သိမယ်။ ကိုယ့်တိုင်းပြည်ကို ဘယ်လောက်ပဲ ချစ်ချစ် ကိုယ့်ရဲ့ လုံခြုံရေးတပ်တွေက နိုင်ငံတကာ အမြင်မှာရော ပြည်တွင်း ဥပဒေ အရရော၊ ရာဇဝတ်မှု မြောက်နေတဲ့ ကိစ္စတွေကို လုပ်နေတယ် ဆိုရင် ကြာလာရင် ကျွန်တော်တို့လည်း သည်းခံမှာ မဟုတ်ဖူး။ အဲဒီတော့ အစိုးရကလည်း သင့်တော်သလို သူတို့စီစဉ်လိမ့်မယ်။ ဆိုလိုတာက ရပ်တံ့လို့ ရနိုင်တဲ့ အနေထားရှိကောင်း ရှိခဲ့လိမ့်မယ်။ အဲဒီအချိန်ကို။ အခုတော့ ကုလသမဂ္ဂနဲ့ ထိပ်တိုက် တိုးရတဲ့ အချိန်ရောက်နေပြီ။ ဒါတွေ အားလုံးက တကယ်တမ်း အခြေခံကျကျ ပြောရမယ် ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံမှာ သတင်းလွတ်လပ်ခွင့် မရှိလို့ ဖြစ်တဲ့ ကိစ္စရပ်တွေလို့ ကျွန်တော်ကတော့ ဒီအတိုင်း မြင်တယ်ခင်ဗျ။"

နိုင်ငံပေါင်း ၁၉၅ နိုင်ငံက လွတ်လပ်ခွင့်ဆိုင်ရာ စစ်တမ်းကောက်ယူခဲ့တဲ့ Freedom House အဖွဲ့ကတော့ မြန်မာနိုင်ငံကို တစိတ်တပိုင်းသာ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံအဖြစ် ဖေါ်ပြထားပါတယ်။

သတင်းလွတ်လပ်ခွင့် တိုးမြှင့်ရေး ကုလအတွင်းရေးမှူးချုပ် တောင်းဆို 1
please wait

No media source currently available

0:00 0:05:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG