သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြဿနာ လက်ခံနိုင်စရာမရှိ ကုလအတွင်းရေးမှူးချုပ် ပြောကြား


နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲမှာ အဖွင့်မိန့်ခွန်းပြောကြားနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres (နိုဝင်ဘာလ ၁၉၊ ၂၀၁၈)
နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲမှာ အဖွင့်မိန့်ခွန်းပြောကြားနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres (နိုဝင်ဘာလ ၁၉၊ ၂၀၁၈)

လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားခံရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ပြဿနာလောက် ဆိုးရွားတဲ့အခြေအနေမျိုးမရှိကြောင်းနဲ့ ဒီလို မတူကွဲပြားမှုကြောင့် ပစ်မှတ်ထား ဖိနှိပ်ခံရမှုကို လုံးဝလက်ခံနိုင်စရာမရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

ဒီအတောအတွင်း ဒီဇင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြောင့် နှစ်နိုင်ငံသဘောတူညီချက်အရ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဒီနှစ်အကုန်ထိရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ နိုဝင်ဘာလ (၁၉)ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ မဟာမိတ် လူမှုအဖွဲ့အစည်းများ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က အဖွင့်မိန့်ခွန်း ပြောကြားရာမှာ ရိုဟင်ဂျာ အကျပ်အတည်းပြဿနာလောက် ဆိုးရွားတဲ့အခြေအနေမျိုးမရှိကြောင်းနဲ့ ဒီလိုဖိနှိပ်မှုမျိုးကိုလည်း ကုလသမဂ္ဂအနေနဲ့ လက်သင့်ခံလို့ မရကြောင်း အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံက မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခအကျပ်အတည်းလောက် ဆိုးရွားတဲ့အခြေအနေမျိုး ဘယ်နေရာမှ မရှိပါဘူး။ သူတို့ရဲ့ မွေးရပ်မြေလို့ခေါ်နိုင်တဲ့ နေရာမှာ သူတို့ကို လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုအဖြစ် ဖိနှိပ်ခံခဲ့ကြရပါတယ်။ IS စစ်သွေးကြွ အကြမ်းဖက်သမားတွေဝင်ရောက် စီးနင်းသိမ်းပိုက်ခဲ့တဲ့ အီရတ်နိုင်ငံကYazidi လူမျိုးတွေနေထိုင်တဲ့ဒေသမှာဆိုရင်လည်း ယောကျ်ားတွေကို သတ်ပစ်ပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ကျေးကျွန်တွေအဖြစ် ရောင်းစားတာ စတဲ့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ လောက် ဆိုးရွားတဲ့ အဖြစ်မျိုး ဘယ်နေရာမှ မရှိပါဘူး။ သူတို့ကို ညှမ်းပန်းနှိပ်စက်သူတွေဟာ သူတို့နဲ့ မတူကွဲပြားလို့ဆိုတဲ့ အချက်ကြောင့် ဒီလူတွေကို ရက်ရက်စက်စက်ဖိနှိပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုပဲ ကမ္ဘာတဝှမ်းမှာ လူအတော်များများ ဟာ ဒီလိုမျိုး နှိပ်စက်ခံနေကြရတာပါ။ လူတယောက် ဒါမှမဟုတ် အသိုင်းအဝိုင်းတခုအနေနဲ့ ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား စတာတွေ မတူကွဲပြားမှုကြောင့် ပစ်မှတ်ထား ဖိနှိပ်ခံရတဲ့အဖြစ်မျိုး လုံးဝလက်ခံနိုင်စရာမရှိသလို၊ ဒီကျူးလွန်မှုဟာလည်း အလွန်ရှက်စရာကောင်းတဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။”

ဒီအတောအတွင်း နေရပ်ကနေအတင်းအကျပ်ရွှေ့ပြောင်းခံရပြီး ဒုက္ခသည်စခန်းမှာ ၂၀၁၂ခုနှစ်ကတည်းက နေထိုင်နေကြတဲ့ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်က အနောက်ရဲ ဒုက္ခသည် စခန်းမှာ တနင်္ဂနွေနေ့က ဒုက္ခသည် ၂ ဦးကို လူမှောင်ခိုကူးမှု စွပ်စွဲချက်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးတာမှာ လူစုခွဲ ပစ်ခတ်မှု ဖြစ်ပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေကိုလည်း မျက်ခြေမပျက် စောင့်ကြည့်နေကြောင်း နယူးရောက် ကုလသမဂ္ဂဌာနချုပ် မှာပြုလုပ်တဲ့ တနင်္လာနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် STÉPHANE DUJARRIC ကပြောပါတယ်။

“ရခိုင်ပြည်နယ်အလယ်ပိုင်းကအနောက်ရဲ ဒုက္ခသည်စခန်းမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ သတင်းနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး OCHR ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Knut Ostby အနေနဲ့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ အဲဒီ ဒုက္ခသည်စခန်းဟာ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြောင့် နေရပ်ကနေ အတင်းအကျပ်ရွှေ့ပြောင်း ခံရသူတွေ နေထိုင်တဲ့ စခန်းဖြစ်ပါတယ်။ အခြေအနေတွေ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့၊ အကြမ်းမဖက်ဖို့၊ ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ဖို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က တောင်းဆိုခဲ့ပါတယ်။ ဒါအပြင် ဒုက္ခသည်စခန်းမှာ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေကို ဆေးဝါးကုသ ကူညီပေးခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်ကိုလည်း လေးစားအသိအမှတ်ပြုတယ်လို့လည်း သူက ပြောပါတယ်။ ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေကို စောင့်ကြည့်နေပြီး ရေရှည်ပြေလည်မှုကိုရစေမယ့် ဖြေရှင်းမှုမျိုးကို ထောက်ပံ့ကူညီဖို့ အခိုင်အမာရပ်တည်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် မြန်မာနိုင်ငံဘက် ပြန်ပို့မယ့်အစီအစဉ်ကို ဒီလ ၁၅ ရက်နေ့မှာ စတင်ဖို့ အရင်က စီစဉ်ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတဲ့အတွက် ဒီနှစ်အကုန်မှ ပြန်ပြီး စမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတွေဘက်က သတင်းမီဒီယာတွေကို ပြောပါတယ်။ မြန်မာအစိုးရကိုလည်း အကြောင်းကြားထားပြီးပြီလို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာအစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မနေ့ တနင်္လာနေ့က နေပြည်တော်မှာ သတင်းထောက်တွေကို အခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့က စနစ်တကျ ဆောင်ရွက်ချင်တယ်၊ စနစ်တကျဆိုတာ နှစ်နိုင်ငံ သဘောတူထားတဲ့ စာချုပ်ထဲမှာ ပါတဲ့အတိုင်း ဆောင်ရွက်ချင်တယ်၊ အဲ့စာချုပ်ထဲမှာ စနစ်တကျ ပြန်လည် ပို့ဆောင်တဲ့ နည်းလမ်းကို ကျနော်တို့က ကြိုက်တယ်၊ ဥပမာ ဘေးကင်းလုံခြုံရေးနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးဖြစ်ဖို့ကို ကြိုက်တယ်၊ ရွှေ့ဆိုင်းလိုက်တယ်ဆိုတာ အဲဒါပြည့်စုံဖို့ကို ဆက်ပြီးတော့ ဆောင်ရွက်ရအုံးမယ်ဆိုတာ တစ်ဘက်နိုင်ငံက သိသွားတာပေါ့နော်၊ တကယ်တမ်း ကျနော်တို့ လိုချင်တာ ကလည်း အဲ့ဒါမျိုးဖြစ်ဖို့ကို အလိုရှိတယ်၊ ဘာလို့လည်းဆိုတော့ ပြန်လာချင်တဲ့ သူများကို ကျနော်တို့က လက်ခံမယ်၊ ပြန်မလာချင်တဲ့သူတွေကို လက်ခံလို့မရဘူး၊ ဘာကြောင့်လည်းဆိုတော့ သဘောတူညီချက်မှာလည်း ရှိပြီးသား နေရပ်စွန့်ခွာသွားတဲ့သူတွေကို ပြန်လည်လက်ခံတဲ့ မူကလည်း ရှိပြီးသား၊ အဲ့အတိုင်းမူက လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေနဲ့အညီ ဆောင်ရွက်မှာမို့လို့ တကယ်ပြန်လာချင်လား၊ ပြန်မလာချင်လား ဆိုတဲ့ဟာက အလွန်အရေးကြီးပါတယ်၊ အဲ့အတွက်ကိုလည်း UNHCR၊ UNDP နဲ့ MOU ထိုးထားတာရှိတယ်၊ အဲကနေ သူတို့ ပြန်လည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အဲ့ကျရင် ကျနော်တို့ ပြန်လည်လက်ခံမှာဖြစ်ပါတယ်၊ တစ်ဘက်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ပြောတဲ့ပုံစံအရဆိုရင် ဒီဇင်ဘာလကုန်ပိုင်းလောက် မှာ ပြန်စနိုင်မယ်၊ သူတို့ ရွေးကောက်ပွဲတွေ ပြီးမှပဲ လုပ်မယ်လို့ပြောပါတယ်၊ ဒါလည်း နှစ်နိုင်ငံက ညှိနှိုင်းဆောင်ရွက်ရတာဖြစ်တာမို့ သူတို့ကနေ ဒုက္ခသည်တွေ ပြန်ပို့မှ လက်ခံလို့ရတာ၊ ပြန်ပို့တဲ့ အခါမှာလည်း စနစ်တကျ ပြန်ပို့ခြင်းကို ကျနော်တို့က မျှော်လင့်တယ် တိုက်တွန်းတယ်၊ ဒါကိုပဲ ကျနော်တို့က ဆောင်ရွက်ထားတာဖြစ်ပါတယ်။”

နှစ်နိုင်ငံ သဘောတူညီချက်အရ စီစစ်ပြီးသား ရိုဟင်ဂျာဒုက္ခသည် နှစ်ထောင်ကျော် ပြန်ပို့ရေးအစီအစဉ်မှာ ပထမဆုံးအသုတ်အဖြစ် ဒုက္ခသည် ၂၀၀ နီးပါးကို ဒီလ အလယ်မှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ မြန်မာဘက်ပြန်ပို့ဖို့ရှိခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဒုက္ခသည်တွေကိုယ်တိုင် မြန်မာဘက်ခြမ်းက အခြေအနေတွေဟာ လုံခြုံစိတ်ချရမှုမရှိသေးတဲ့အတွက် ပြန်မသွားချင်ကြကြောင်း ဆန္ဒပြခဲ့ကြသလိုသူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေနဲ့အညီ ပြန်ပြီး နေထိုင်ခွင့်ရဖို့ အတွက်လည်း နိုင်ငံသားဖြစ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG