သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေး ရုံးခွဲဖွင့်ဖို့ မြန်မာကို ဘန်ကီမွန်း တိုက်တွန်း


ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ကုလသမဂ္ဂ မဟာမိတ်အုပ်စု အစည်းအဝေးပွဲ။ ( စက်တင်ဘာ ၂၃၊ ၂၀၁၆)
ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ကုလသမဂ္ဂ မဟာမိတ်အုပ်စု အစည်းအဝေးပွဲ။ ( စက်တင်ဘာ ၂၃၊ ၂၀၁၆)

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲ ဖွင့်လှစ်ဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ မနေ့ကကျင်းပတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ကုလသမဂ္ဂမဟာမိတ်အုပ်စု အစည်းအဝေးပွဲမှာ အဲဒီလိုပြောဆိုသွားတာပါ။ ဒါအပြင် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာထောက်ခံမှုတွေဟာ ဆက်ပြီး အရေးပါနေမှာဖြစ်တယ်လို့ လည်း မစ္စတာဘန်ကီမွန်းကပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် အပါအဝင် အမေရိကန်၊ ဥရောပ၊ အာဆီယံနိုင်ငံတွေပါဝင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ ဒီအစည်းအဝေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အဖွင့်မိန့်ခွန်းပြောခဲ့တာပါ။

"အစိုးရသစ်ကို မြန်မာပြည်သူတွေ တခဲနက်တည်းရွေးချယ် တင်မြှောက် အာဏာအပ်နှင်းခဲ့မှုဟာ အားကိုး ယုံကြည်မှုရဲ့ သင်္ကေတဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုန်းကန်လှုပ်ရှားမှု၊ အနစ်နာခံမှုကိုလည်း အသိအမှတ်ပြုတာဖြစ်ပါတယ်။ ဒါအပြင် ကျယ်ပြန့်တဲ့ တိုင်းရင်းသားကိစ္စ၊ နိုင်ငံရေး၊ ဘာသာရေးနဲ့ ကျားမတန်းတူပါဝင်ရေး စတဲ့ကိစ္စရပ်တွေကို မြှင့်တင်ရေး အမြင်တွေအပေါ်မှာ စစ်တပ်နဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ရဲ့ နက်နဲပြီးအစဉ်တစိုက်ပြုလုပ်နေတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကြောင့် ကျနော်အနေနဲ့ အလွန်ပဲ အားတက်မိပါတယ်။"

NLD အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ (၂၁)ရာစု ပင်လုံညီလာခံ ကို သူကိုယ်တိုင် ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ကုလသမဂ္ဂ ဘက်က အလေးအနက်ထားကြောင်း ပြသခဲ့တယ်လို့ ဘန်ကီမွန်းက အခုလို ပြောသွားပါတယ်။

"(၂၁)ရာစုပင်လုံညီလာခံမှာ ကျနော်ပါဝင်တက်ရောက်ခဲ့မှုဟာ အထူးသဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအပိုင်းမှာ ကုလသမဂ္ဂဘက်က ကတိကဝတ်ပြုထားတာကို ပေါ်လွင်စေပါတယ်။ ဒီမိုကရေစီနည်းကျတဲ့ တန်းတူညီမျှရေး၊ အာဏာခွဲဝေရေးနဲ့ ချမ်းသာဝပြောရေး စတဲ့အချက်တွေ ပေါ်မှာ အခြေခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ်ပေါ်ပေါက်ရေး တောင်းဆိုမှုဟာ အားလုံးအတွက် လက်တွေ့ကျပြီးတော့ အောင်မြင်မှုရနိုင်ပါတယ်။ ဒီတောင်းဆိုချက်ကို ရဖို့ သက်ဆိုင်ရာခေါင်းဆောင် တွေ၊ အဖွဲ့အစည်းအားလုံး အနေနဲ့ တန်းတူ ညီမျှရေးအချက်အပေါ်မှာ အဖြေရှာတဲ့ နိုင်ငံရေး အရ ပြောဆိုဆွေးနွေး၊ ညှိနှိုင်းမှု လမ်းကြောင်းကို မဖြစ်မနေဆက်ပြီး အကောင်အထည်ဖေါ် ရာမှာ ဖြစ်ပါတယ်။

အဖွဲ့အစည်းအားလုံးအနေနဲ့လည်း အပြန်အလှန်ပူးပေါင်းဆောင်ရွက် မှုတွေပြသ ကြဖို့ သူ့အနေနဲ့ တိုက်တွန်းကြောင်း မစ္စတာ ဘန်ကီမွန်း က ပြောသွားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံ ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့ဝင်တဦးအဖြစ် ကုလသမဂ္ဂက ဆက်ပြီးရှိနေမှာဖြစ် ကြောင်း သူကဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေးအခြေအနေတွေအရ ခွဲခြားမှုကို တိုက် ဖျက်ရေးနဲ့ ပိုပြီး သည်းခံခွင့်လွှတ်တဲ့ အားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်း အဖြစ် မြှင့်တင်ဖို့ စတဲ့ကိစ္စရပ်တွေ လိုအပ်မှာဖြစ်ပြီး ဒီအတွက် လူ့အခွင့်အရေး နဲ့ပတ်သက်ရင် အတွေ့အကြုံများပြီး စနစ်တကျလုပ်ကိုင်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကနေ အကူအညီပေးနိုင်မှာဖြစ်တယ်လို့ မစ္စတာဘန်ကီမွန်းကပြောပါတယ်။

"လူ့အခွင့်အရေးဆိုင်ရာတာဝန်ဝတ္တရားတွေ ကျေပွန်နိုင်ရေး မူဘောင်နဲ့ နည်းနာတွေကို နိုင်ငံတွေရေးဆွဲတဲ့အခါမှာ အကူအညီပေးနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR အနေနဲ့ နှစ်ပေါင်းများစွာ ကျွမ်းကျွမ်းကျင်ကျင်ရှိခဲ့ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အရ OHCHR ရုံးခွဲကိုဖွင့်ခြင်းအားဖြင့် ဒီလိုပံပိုးကူညီမှုတွေကို အသုံးချ အကောင်အထည်ဖေါ်ဖို့ မြန်မာအစိုးရကို ကျနော် ထပ်ပြီးတောင်းဆိုပါတယ်။"

မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်က ခက်ခဲရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်ရေး အရေးကြီးနေကြောင်း သူရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ဆွေးနွေးခဲ့တယ်လို့ မစ္စတာ ဘန်ကီမွန်းက အစည်းအဝေးမှာ ပြောပါတယ်။ ခွဲခြားဆက်ဆံမှုတွေကို အဆုံးသတ်ရေးနဲ့ ဒုက္ခသည် စခန်းက ဆိုးရွားနေတဲ့အခြေအနေတွေကို ကောင်းမွန်လာအောင် အရေးတကြီး ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း ဘက်က မျှော်လင့်ထား ချက်တွေကိုလည်း သူ့အနေနဲ့ ပြောပြခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာခေါင်းဆောင်တွေဘက်ကလည်း ဒီစိုးရိမ်မျှော်လင့်ချက်တွေအပေါ်မှာ အလေးအနက်ပြုမိကြောင်း ဖေါ်ပြခဲ့သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက် ချခဲ့တာဟာ ရခိုင်ပြည်နယ်က အခြေအနေတွေ တိုးတက်လာအောင် သူတို့ရဲ့ ကတိကဝတ်ပြုမှုကို ပြသလိုက်တာဖြစ်တယ်လို့ မစ္စတာဘန်ကီမွန်း ကပြောသွားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ကုလသမဂ္ဂမဟာမိတ်အုပ်စု အစည်းအဝေးပွဲကို နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ဖို့ စီစဉ်ခဲ့ပေမဲ့ သူရဲ့ဆရာဝန်က ခေတ္တအနားယူဖို့ အကြံပေး တိုက်တွန်းချက်အရ မတက်ရောက်တာဖြစ်တယ်၊ အမြန်ဆုံး နေကောင်းပါစေလို့ မစ္စတာ ဘန်ကီမွန်းက အစည်းအဝေးမှာပြောကြားသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG