သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အလုပ်ကြမ်းစခန်းတွေအခြေအနေ ကုလမှာကြားနာ


ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အကြီးအကဲ Michael Kirby။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အကြီးအကဲ Michael Kirby။
မြောက်ကိုရီးယား အလုပ်ကြမ်းစခန်းတွေက လွတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်တွေအရ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အကြောင်းနဲ့ ဒါဟာဆိုရင် ညှဉ်းပမ်းနှိပ်စက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ လက္ခဏာဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အင်္ဂါနေ့ကြားနာပွဲအတွင်း ထွက်ဆိုခဲ့သူ စုံစမ်းရေးမှူး Michael Kirby ဟာဆိုရင်တော့ ပြီးခဲ့တဲ့လတွေအတွင်းမှာပဲ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကို သွားရောက်စုံစမ်းခဲ့ကြတာပါ။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပါအဝင် ပြည်ပရောက် မြောက်ကိုရီးယား နိုင်ငံသားတွေကိုလည်း အထူးကိုယ်စားလှယ်က တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အသက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် ကြွက်တွေနဲ့ မြက်တွေကို စားခဲ့ရတဲ့ ကလေးငယ်တွေရဲ့အကြောင်း လွတ်မြောက်လာသူတဦးက ပြောပြတဲ့ အဖြစ်အပျက်တွေကိုလည်း သူက ပြန်ပြောပြခဲ့တာပါ။ မိခင်တယောက်က ကလေးကို ကိုယ်တိုင် ရေနှစ်သတ်ဖို့ အတင်းအကျပ် စေခိုင်းခဲ့တာကို ကိုယ်တွေ့ မြင်ခဲ့ရတဲ့ အမျိုးသမီးတဦးရဲ့ ထွက်ဆိုချက်ကိုလည်း တင်ပြခဲ့ပါတယ်။

ဒီလို လုပ်ရပ်တွေအတွက် မြောက်ကိုရီးယား အရာရှိတွေထဲက ဘယ်သူတွေမှာ တာဝန်ရှိတယ်၊ ဘယ်ဌာနတွေမှာ တာဝန်ရှိတယ် ဆိုတာတွေကို စစ်ဆေးမှာ ဖြစ်တဲ့အကြောင်း သြစတြေးလျနိုင်ငံ တရားလွှတ်တော်ချုပ်က တရားသူကြီးဟောင်းတဦးဖြစ်တဲ့ စုံစမ်းရေးအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်သူက လူ့အခွင့်အရေးကောင်စီ ကြားနာပွဲမှာ ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားကတော့ စုံစမ်းစစ်ဆေးမှုတွေကို လက်ခံဖို့ ငြင်းဆန်ထားသလို၊ စစ်ဆေးတွေ့ရှိချက်တွေဟာလည်း အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဂျပန်နိုင်ငံတွေ အပါအဝင် မြောက်ကိုရီးယားကို ရန်လိုတဲ့ တိုင်းပြည်တွေရဲ့ မမှန်မကန် လုပ်ကြံ တင်ပြချက်သာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG