သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်မြို့နယ် သင်းအုပ်ဆရာပျောက်ဆုံးမှု သတင်းစုံစမ်းလို့မရ


ပျောက်ဆုံးနေတဲ့ သင်းအုပ်ဆရာ ထွန်းနုရဲ့ ကျန်ရစ်သူ ဇနီးနဲ့ ကလေးများ (Photo- Dr. KP Yohannan's Facebook)(Photo- Dr. KP Yohannan's Facebook)
ပျောက်ဆုံးနေတဲ့ သင်းအုပ်ဆရာ ထွန်းနုရဲ့ ကျန်ရစ်သူ ဇနီးနဲ့ ကလေးများ (Photo- Dr. KP Yohannan's Facebook)(Photo- Dr. KP Yohannan's Facebook)

မြန်မာစစ်တပ်နဲ့ AA ရက္ခိုင့် လက်နက်ကိုင် နှစ်ဖက် တိုက်ပွဲတွေကြား ဒေသခံရခိုင်ပြည်သူတွေ ဒါဇင်နဲ့ချီ ဖမ်းဆီးခေါ်ဆောင်ခံနေရပြီး ပျောက်ဆုံးမှုတွေရှိနေကြောင်း သက်ဆိုင်ရာ မိသားစုဝင်တွေက သတင်းဌာနတွေကို ပြောပြခဲ့ကြပါတယ်။ နှစ်ဖက်စလုံးကတော့ ဒီပျောက်ဆုံးမှုတွေ၊ အသတ်ခံရမှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိကြောင်း တရားဝင်ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၉)ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တောင်မင်းအုပ်ချုပ်ရေးမှူး သင်းအုပ်ဆရာ ထွန်းနု ကို နေအိမ်ကနေ လက်နက်ကိုင်လူတစုက ဖမ်းဆီးခေါ်ဆောင် သွားပြီးတဲ့နောက် ဖေဖေါ်ဝါရီလ အစောပိုင်းမှာ သူ့ အသတ်ခံလိုက်ရပြီဖြစ်ကြောင်း အိန္ဒိယအခြေစိုက် Gospel For Asia ခရစ်ယာန်အသင်းတော်က ဖေဖေါ်ဝါရီလ (၅)ရက်နေ့က သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

သင်းအုပ်ဆရာ ထွန်းနု ရဲ့ရုပ်အလောင်းကို မတွေ့ရသေးပေမယ့် သူသေဆုံးခဲ့ပြီလို့ ယူဆရကြောင်း၊ လက်ရှိ တောင်မင်းရွာ အုပ်ချုပ်ရေးမှူးနေရာမှာ လူစားထိုး ခန့်အပ်တာမျိုးမရှိသေးကြောင်း သူနဲ့ ရင်းနှီးတဲ့ ကျောက်တော်ဒေသခံ တဦးက ဗွီအိုအေကို ပြောပါတယ်။ အခုလို သင်းအုပ်ဆရာ ထွန်းနုပျောက်ဆုံးနေတဲ့ နောက်ဆုံးအခြေအနေကို မအင်ကြင်းနိုင်က ဒေသခံကို ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

“လက်ရှိသူ့နေရာမှာ အစားထိုးမရှိသေးဘူးခင်ဗျ။ နောက်တခု ဆက်လက်ရှာဖွေတာ ဆိုတာလည်းရှာလို့မှ မရတာ။ တောထဲကို ခေါ်သွားတာဆိုတော့။ ”

အင်ကြင်းနိုင်။ ။ ဘယ်သူတွေ ခေါ်သွားတယ်ဆိုတာကို သေချာမသိသေးဘူးပေါ့။

ဒေသခံ။ ။ သေချာတော့ မသိဘူးခင်ဗျ။ တခုတော့ ရှိတယ်။ AA တွေကရော၊ တပ်ဖက်ကရော ဝင်လိုက်ထွက်လိုက်ဗျ။ သူတို့ ဘယ်လို လုပ်ထည့်လိုက်သလဲဆိုတာ ကျနော်တို့လည်း နားမလည်ဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေက အလွယ်တကူ ဝင်လို့ရတယ်၊ ထွက်လို့ရတယ်။ ကျနော်တို့ကို အလွယ်တကူ ဝင်သတ်လို့ရတယ်ဆိုတဲ့ အထာမျိုးပဲ။ အဲဒီလိုဆိုတော့ ဒေသခံတွေက ကြောက်တာပေါ့။ ထွန်းနုကတော့ သင်းအုပ်ဆရာပါပဲ။ ဒါပေမဲ့ ဒီ နယ်မှာဆိုတော့ ကျနော်တို့က ယုံကြည်စိတ်ချလို့ပဲ သူ့ကို အုပ်ချုပ်ရေးမှူး လုပ်ပေးပါဆိုပြီးတော့မှ သူ့ကို မဲထည့်ခဲ့ကြတာလေ။ အတွေးအခေါ် အသိအမြင်နည်းနည်းကောင်းတယ်။ ဓမ္မဆရာလည်းဖြစ်တယ်၊လုပ်ရည်ကိုင်ရည်ကလည်း မဆိုးဘူးဆိုပြီးတော့မှ နိုင်ငံရေးလမ်းကြောင်းနဲ့ ဘာသာရေးလမ်းကြောင်း ဘာမှ မဆိုင်ပါဘူး။ သူကတော့ တကယ့်ကို စိတ်ထားဖြူစင်တဲ့အခါကျတော့ သူကတော့ လုပ်နိုင်ပါတယ်ဆိုပြီးတော့ သူ့ကိုမဲထဲကြတာလေ။ သူက အုပ်ချုပ်ရေးမှူး ရသွားတယ်။ သူ အုပ်ချုပ်ရေးမှူးရတာ တနှစ် လောက်ပဲရှိသေးတယ်။ စစ်ပွဲတွေကြောင့် လူတွေအများကြီး စစ်ရှောင်အနေနဲ့ တောင်မင်းရွာကို ရောက်လာတယ်။ အဲဒီအချိန်မှာသူကတော့ ကမကထ ဦးဆောင်ပြီးတော့ ခေါင်းဆောင်အနေနဲ့ ကယ်ဆယ်ရေး ကော်မတီဆိုပြီးတော့ဖွဲ့တယ်။ အဲမှာ သူ ဦးဆောင်ပြီးတော့ လုပ်ပေးတယ်။ အဲ့အချိန်မှာ တောင်မင်းမှာ တပ်တွေ ချထားတယ်လေ။ အဝင်အထွက် ဂိတ်အနေနဲ့။ ရေကြောင်းဂိတ်အနေနဲ့ တောင်မင်းမှာ တပ်စွဲထားတဲ့အခါကျတော့ တောင်မင်းကျေးရွာအုပ်စု ဥက္ကဌအပေါ်မှာ အမြင်က နဲနဲစောင်းစရာတွေရှိနေမယ်လို့ ကျနော်ထင်ပါတယ်။

အင်ကြင်းနိုင်။ ။ သူ့အပေါ်ကို အမြင်စောင်းဖို့ နည်းနည်းရှိတယ်ဆိုတာက ဘာကိုဆိုလိုတာပါလဲရှင့်။

ဒေသခံ။ ။ AA ဘက်က အမြင်စောင်းစရာရှိတာပေါ့။ အဲဒီအချိန်တုန်းကဒုက္ခသည်စခန်း တခု နှစ်ခုရှိတယ်။ ချောင်းဖျားမှာပေါ့။ အဲဒီကို ဆန်တွေသွားပို့တဲ့အခါမှာ မရဘူးလေ။ တပ်က တားထားပြီး လုံးဝပို့ခွင့်မရှိဘူးဆိုပြီး။ ဒါပေမဲ့ အဲဒီဆန်တွေကို တောင်မင်းရွာကို ပေးလိုက်တယ်။ ဆိုတော့ သူတို့က တောင်မင်းအုပ်ချုပ်ရေးမှူးဘက်ကိုပဲ အပြစ်မြင်သလိုဖြစ်သွားတယ်။

အင်ကြင်းနိုင်။ ။ လက်ရှိ ကျောက်တော်မြို့နယ် တောင်မင်းဒေသဘက်မှာ စစ်ဘေးဒုက္ခသည် ဘယ်လောက်ရှိလဲရှင့်။

ဒေသခံ။ ။ စစ်ပြေးဒုက္ခသည်ကတော့ (၆၀၀) လောက်ရှိတယ်။ သူတို့က ပြည်နယ်ဝဆိုတဲ့ ရွာရှိတယ်။ ဘာရှည်ဆိုတဲ့ ရွာရှိတယ်။ အဲဒီရွာတွေကနေ ထွက်ပြေးလာတဲ့ လူပေါင်း (၆၀၀) လောက်ရှိပြီး အိမ်ထောင်စုပေါင်းကတော့ (၁၀၀) လောက်ရှိတယ်။

အင်ကြင်းနိုင်။ ။ ကျောက်တော်ဘက်မှာရော တိုက်ပွဲအရှိန်ကြောင့် ဒေသခံတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲရှင့်။

ဒေသခံ။ ။ ကျောက်တော်ဘက်မှာ ဒေသခံတွေကတော့ ကြောက်နေကြတာပေါ့။ အတားအဆီးတွေရှိနေတယ်။ ဒီမှာက တောသူတောင်သားတွေများတယ်။ အထူးသဖြင့် တောစပ်မှာနေတဲ့သူတွေက မြိုတိုင်းရင်းသားတွေ များတယ်။ အဲဒီတော့ မြိုတိုင်းရင်းသားတွေက တောထဲဝင်မှာပဲ ထင်းခုတ်၊ ဝါးခုတ်၊ အဲဒါပြီးမှပဲ ထင်းခုတ်၊ ဝါးခုတ်ထားတဲ့ဟာတွေ ရောင်း၊ ရောင်းပြီးမှပဲ ထမင်းစားရတာလေ။ ဆိုတော့ အခု တောထဲလည်း မဝင်ရဘူး။ နောက်တခုက တောထဲဝင်ရင်လည်း တချို့လက်နက်ကိုင်တွေက လုံးဝမ၀င်ပါနဲ့ဆိုပြီး ကျနော်တို့ကို ပြောတယ်။ ဒီအလှုရှင်တွေကလည်း စစ်ဘေးဒုက္ခသည်တွေကိုပဲ သွားလှူတာလေ။ တချို့ရွာတွေကိုတော့ မလှူကြဘူးလေ။ အဲတော့ ရွာတွေမှာ လုံခြုံရေးဆိုတာထက် စားဝတ်နေရေးက တော်တော်လေး အခက်အခဲဖြစ်နေတာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG